Dictionary/အဘိဓာန်

Blogspot Dictionary

Blogspot Dictionary

Tuesday, August 27, 2024

မဟာဒုက္ခက္ခန္ဓသုတ်

 ၁၆၃။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် – အခါတပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည်အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ များစွာသောရဟန်းတို့သည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်ကြ၍ သပိတ်သင်္ကန်းကို ယူလျက် သာဝတ္ထိပြည်သို့ဆွမ်းခံဝင်ကြကုန်၏။ ထိုအခါ ထိုရဟန်းတို့အား –

”သာဝတ္ထိပြည်၌ ဆွမ်းခံလှည့်ရန် စောလွန်းသေး၏၊ ငါတို့သည် အယူတစ်ပါးရှိကြသော ပရိဗိုဇ်တို့၏အရံသို့ ချဉ်းကပ်ကြရမူ ကောင်းလေစွ” ဟု အကြံဖြစ်ပေါ်၏။

ထိုအခါ ထိုရဟန်းတို့သည် အယူတစ်ပါးရှိကြသော ပရိဗိုဇ်တို့၏ အရံသို့ ချဉ်းကပ်ကြပြီးလျှင် ထိုပရိဗိုဇ်တို့နှင့်အတူ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီးဆုံးစေ၍ တစ်ခုသော အရပ်၌ထိုင်နေကြကုန်၏။ တစ်ခုသော အရပ်၌ ထိုင်နေကြသော ထိုရဟန်းတို့အား အယူတစ်ပါးရှိကြသောပရိဗိုဇ်တို့က –

”ငါ့သျှင်တို့ ရဟန်းဂေါတမသည် ကာမတရားတို့ကို လွန်မြောက်ခြင်းကို ပညတ်၏၊ ငါတို့လည်းကာမတရားတို့ကို လွန်မြောက်ခြင်းကို ပညတ်ကြကုန်၏။ ငါ့သျှင်တို့ ရဟန်းဂေါတမသည် ရုပ်တရားတို့ကိုလွန်မြောက်ခြင်းကို ပညတ်၏၊ ငါတို့လည်း ရုပ်တရားတို့ကို လွန်မြောက်ခြင်းကို ပညတ်ကြကုန်၏။ ငါ့သျှင်တို့ ရဟန်းဂေါတမသည် ဝေဒနာတို့ကို လွန်မြောက်ခြင်းကို ပညတ်၏၊ ငါတို့လည်း ဝေဒနာတို့ကို့လွန်မြောက်ခြင်းကို ပညတ်ကြကုန်၏၊ ငါ့သျှင်တို့ ဤသို့ ပညတ်ရာ၌ ရဟန်းဂေါတမနှင့် ငါတို့၏တရားဟောပုံချင်း ဆုံးမပုံချင်း ထူးခြားချက်ကား အဘယ်နည်း၊ သာလွန်ချက်ကား အဘယ်နည်း၊ ခြားနားချက်ကား အဘယ်နည်း” ဟု ပြောဆိုကြကုန်၏။

ထိုအခါ ထိုရဟန်းတို့သည် အယူတစ်ပါးရှိကြသော ပရိဗိုဇ်တို့၏ စကားကို နှစ်သက်လည်း မနှစ်သက်ကြကုန်၊ ပယ်လည်း မပယ်ခဲ့ကြကုန်။ မနှစ်သက်ခဲ့ မပယ်ခဲ့ကြကုန်ဘဲ ”မြတ်စွာဘုရား၏ အထံတော်၌ ဤစကား၏ အနက်အဓိပ္ပါယ်ကို သိကြရကုန်အံ့” ဟု နှလုံးသွင်းကာ နေရာမှ ထ၍ ဖဲခွါသွားကြကုန်၏။

၁၆၄။ ထိုအခါ ထိုရဟန်းတို့သည် သာဝတ္ထိပြည်၌ ဆွမ်းခံလှည့်လည်၍ ဆွမ်းခံရာမှ ဖဲခဲ့ကြလျက်ဆွမ်းစားပြီးနောက် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကြပြီးလျှင် မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုး၍ တစ်ခုသော နေရာ၌ ထိုင်နေကြကာ မြတ်စွာဘုရားအား –

”မြတ်စွာဘုရား တပည့်တော်တို့သည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်ကြ၍ သပိတ်သင်္ကန်းကိုယူလျက် သာဝတ္ထိပြည်သို့ ဆွမ်းခံဝင်ခဲ့ကြပါကုန်၏၊ မြတ်စွာဘုရား ထိုတပည့်တော်တို့ အား –

သာဝတ္ထိပြည်၌ ဆွမ်းခံလှည့်ရန် စောလွန်းသေး၏၊ ငါတို့သည် အယူတစ်ပါးရှိကြသော ပရိဗိုဇ်တို့၏အရံသို့ ချဉ်းကပ်ကြရမူ ကောင်းလေစွ” ဟု အကြံဖြစ်ပေါ်ခဲ့ပါသည်။

မြတ်စွာဘုရား ထိုအခါ တပည့်တော်တို့သည် အယူတစ်ပါးရှိကြသော ပရိဗိုဇ်တို့၏အရံသို့ချဉ်းကပ်ကြကာ ထိုပရိဗိုဇ်တို့နှင့် အတူတကွ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ်စကားကို ပြောဆိုပြီး ဆုံးစေ၍တစ်ခုသော အရပ်၌ ထိုင်နေကြပါကုန်၏။ မြတ်စွာဘုရား တစ်ခုသော အရပ်၌ ထိုင်နေကြ သောတပည့်တော်တို့အား အယူတစ်ပါးရှိကြသော ပရိဗိုဇ်တို့က –

‘ငါ့သျှင်တို့ ရဟန်းဂေါတမသည် ကာမတရားတို့ကို လွန်မြောက်ခြင်းကို ပညတ်၏၊ ငါတို့လည်းကာမတရားတို့ကို လွန်မြောက်ခြင်းကို ပညတ်ကြကုန်၏။ ငါ့သျှင်တို့ ရဟန်းဂေါတမသည် ရုပ်တရားတို့ကိုလွန်မြောက်ခြင်းကို ပညတ်၏၊ ငါတို့လည်း ရုပ်တရားတို့ကို လွန်မြောက်ခြင်းကို ပညတ်ကြကုန်၏။ ငါ့သျှင်တို့ ရဟန်းဂေါတမသည် ဝေဒနာတို့ကို လွန်မြောက်ခြင်းကို ပညတ်၏၊ ငါတို့လည်း ဝေဒနာတို့ကိုလွန်မြောက်ခြင်းကို ပညတ်ကြကုန်၏။ ငါ့သျှင်တို့ ဤသို့ ပညတ်ရာ၌ ရဟန်းဂေါတမနှင့် ငါတို့၏တရားဟောပုံချင်း ဆုံးမပုံချင်း ထူးခြားချက်ကား အဘယ်နည်း၊ သာလွန်ချက်ကား အဘယ်နည်း၊ ခြားနားချက်ကား အဘယ်နည်း’ဟု ပြောဆိုကြပါကုန်သည်။

မြတ်စွာဘုရား ထိုအခါ တပည့်တော်တို့သည် အယူတစ်ပါးရှိကြသော ပရိဗိုဇ်တို့၏ စကားကိုနှစ်သက်လည်း မနှစ်သက်ကြပါ၊ ပယ်လည်း မပယ်ခဲ့ကြပါ။ မနှစ်သက်ခဲ့ မပယ်ခဲ့ကြကုန်ဘဲ ‘မြတ်စွာဘုရား၏ အထံတော်၌ ဤစကား၏ အနက်အဓိပ္ပါယ်ကို သိကြကုန်အံ့’ဟု နှလုံးသွင်းကာ နေရာမှထ၍ ဖဲခွါခဲ့ကြပါသည်” ဟု လျှောက်ကြကုန်၏။

၁၆၅။ ရဟန်းတို့ ဤသို့ ပြောဆိုကြသည့် အယူတစ်ပါးရှိကြသော ပရိဗိုဇ်တို့ကို ”ငါ့သျှင်တို့ကာမတရားတို့၏ သာယာဖွယ်သည် အဘယ်နည်း၊ အပြစ်သည် အဘယ်နည်း၊ ထွက်မြောက်ရာသည်အဘယ်နည်း၊ ရုပ်တရားတို့၏ သာယာဖွယ်သည် အဘယ်နည်း၊ အပြစ်သည် အဘယ်နည်း၊ ထွက်မြောက်ရာသည် အဘယ်နည်း၊ ဝေဒနာတို့၏ သာယာဖွယ်သည် အဘယ်နည်း၊ အပြစ်သည် အဘယ်နည်း၊ ထွက် မြောက်ရာသည် အဘယ်နည်း” ဟု မေးသင့်ကြကုန်၏။

ရဟန်းတို့ ဤသို့ မေးသော် အယူတစ်ပါးရှိသော ပရိဗိုဇ်တို့သည် ပြည့်ပြည့်စုံစုံ မဖြေဆိုနိုင်ကြကုန်လတ္တံ့၊ အလွန်ပင်ပန်း ဆင်းရဲခြင်းသို့လည်း ရောက်ကြကုန်လတ္တံ့၊ ထိုသို့ ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း။ ရဟန်းတို့ အရာမဟုတ်ရာ၌ ပြဿနာကို မေးမြန်းသောကြောင့်တည်း။ ရဟန်းတို့ မြတ်စွာဘုရားကိုလည်းကောင်း၊ မြတ်စွာဘုရား၏ တပည့်သာဝကကိုလည်းကောင်း၊ ဤသာသနာတော်မှ ကြားနာရသူကိုလည်းကောင်း ချန်ထား၍ နတ် မာရ်နတ် ဗြဟ္မာနှင့် တကွသော (နတ်) လောကနှင့် သမဏဗြာဟ္မဏ့မင်းများ လူများနှင့် တကွသော လူ့လော က၌ ဤပြဿနာကို ဖြေကြားခြင်းဖြင့် စိတ်ကို နှစ်သိမ့်စေနိုင်မည့်သူကို ငါဘုရား တွေ့မြင်တော်မမူ။

၁၆၆။ ရဟန်းတို့ ကာမတရားတို့၏ သာယာဖွယ်သည် အဘယ်နည်း၊ ရဟန်းတို့ ကာမဂုဏ်တို့သည်ငါးပါးတို့တည်း။ အဘယ်ငါးပါးတို့နည်းဟူမူ လိုချင်ဖွယ် နှစ်သက်ဖွယ် မြတ်နိုးဖွယ် ချစ်ဖွယ် သဘောရှိ၍ကာမ ‘ရာဂ’ နှင့် စပ်သွယ်လျက် တပ်စွန်းဖွယ်ဖြစ်သော, စက္ခုဝိညာဏ်ဖြင့် သိရသော အဆင်း၊ သောတဝိညာဏ်ဖြင့် သိရသော အသံ။ပ။ ဃာနဝိညာဏ်ဖြင့် သိရသော အနံ့။ပ။ ဇိဝှါဝိညာဏ်ဖြင့်သိရသော အရသာ။ပ။ လိုချင်ဖွယ် နှစ်သက်ဖွယ် မြတ်နိုးဖွယ် ချစ်ဖွယ်သဘောရှိ၍ ကာမ ‘ရာဂ’ နှင့်စပ်သွယ်လျက် တပ်စွန်းဖွယ်ဖြစ်သော, ကာယ ဝိညာဏ်ဖြင့် သိရသော အတွေ့အထိတို့တည်း။ ရဟန်းတို့ကာမဂုဏ်တို့သည် ဤငါးပါးတို့ပင်တည်း။ ရဟန်းတို့ ဤကာမဂုဏ်ငါးပါးတို့ကို စွဲ၍ ဖြစ်ပေါ်လာသောချမ်းသာခြင်း ဝမ်းမြောက်ခြင်းသည် ကာမတရားတို့၏ သာယာဖွယ်တည်း။

၁၆၇။ ရဟန်းတို့ ကာမတရားတို့၏ အပြစ်သည် အဘယ်နည်း။ ရဟန်းတို့ ဤလောက၌ အမျိုးသားသည် လက်ဆစ်ချိုးရေတွက်ခြင်းအတတ်ဖြင့်ဖြစ်စေ၊ ဂဏန်းအတတ်ဖြင့်ဖြစ်စေ၊ သင်္ချာအတတ်ဖြင့်ဖြစ်စေ၊ လယ်လုပ်ခြင်းဖြင့်ဖြစ်စေ၊ ကုန်သွယ်ခြင်းဖြင့်ဖြစ်စေ၊ နွားကျောင်းခြင်းဖြင့်ဖြစ်စေ၊ လက်နက်ကိုင်အမှုထမ်းခြင်းဖြင့်ဖြစ်စေ၊ မင်းမှုထမ်းခြင်းဖြင့်ဖြစ်စေ၊ အခြားတစ်ပါးပါးသော အတတ်ဖြင့်ဖြစ်စေ၊ အတတ်တစ်မျိုးမျိုးဖြင့် အအေးကို ရင်ဆိုင်ရလျက် အပူကို ရင်ဆိုင်ရလျက် မှက် ခြင် လေ နေပူ မြွေ ကင်းသန်းတို့၏ အတွေ့အထိတို့ဖြင့် ထိခိုက်ခံရလျက် ငတ်မွတ်ခြင်း နှိပ်စက်၍ အသေခံရလျက် အသက်မွေးရ၏။ ရဟန်းတို့ ဤသည်လည်း ကာမအထောက်အပံ့ ကာမအရင်းခံ ကာမလျှင် တည်ရာရှိသော ကာမတို့ကြောင့်သာလျှင် ဖြစ်သည့် မျက်မှောက်ဆင်းရဲအစုဖြစ်သော ကာမတို့၏ အပြစ်ပေတည်း။

ရဟန်းတို့ ထိုအမျိုးသားသည် ဤသို့ ထကြွစေ့ဆော် အားထုတ်ရပါလျက် စည်းစိမ်ဥစ္စာတို့သည်မပြည့်စုံကုန်ငြားအံ့၊ ထိုအမျိုးသားသည် ”ငါ၏ ထကြွလုံ့လသည် အချည်းနှီးသာတကား၊ ငါ၏ ကြိုးပမ်းအား ထုတ်ခြင်းသည် အကျိုးမဲ့သာတကား” ဟု ပူဆွေး၏၊ ပင်ပန်း၏၊ ငိုကြွေး၏၊ ရင်ဘတ်စည်တီးမြည်းတမ်း၏၊ တွေဝေခြင်းသို့ ရောက်၏။ ရဟန်းတို့ ဤသည်လည်း ကာမအထောက်အပံ့ ကာမအရင်းခံကာမလျှင် တည်ရာရှိသော ကာမတို့ကြောင့်သာလျှင် ဖြစ်သည့် မျက်မှောက်ဆင်းရဲအစုဖြစ်သောကာမတို့၏ အပြစ်ပေတည်း။

ရဟန်းတို့ ထိုအမျိုးသားသည် ဤသို့ ထကြွစေ့ဆော် အားထုတ်သဖြင့် စည်းစိမ်ဥစ္စာတို့သည်ပြည့်စုံကုန်ငြားအံ့၊ ထိုအမျိုးသားသည် ”အဘယ်သို့ စောင့်ထိန်းလျှင် ငါ၏ စည်းစိမ်ဥစ္စာတို့ကို မင်းနှင့်ခိုးသူတို့ မယူနိုင်ဘဲ မီးမလောင် ရေမမျော မချစ်သောအမွေခံတို့ မယူနိုင်ဘဲ ရှိကုန်အံ့နည်း” ဟု စည်းစိမ်ဥစ္စာတို့ကို စောင့်ထိန်းရခြင်းအကြောင်းကြောင့် ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုကို ခံစားရ၏။ ထို အမျိုးသားသည် ဤသို့ စောင့်ရှောက်ထိန်းသိမ်းပါလျက် ထိုစည်းစိမ်ဥစ္စာတို့ကို မင်းတို့သော်လည်း ဆောင်ယူကြကုန်အံ့၊ ခိုးသူတို့သော်လည်း ခိုးယူကြကုန်အံ့၊ မီးသော်လည်း လောင်အံ့၊ ရေသော်လည်း မျောအံ့၊ မချစ်အပ်သော အမွေခံတို့သော်လည်း ဆောင်ယူကြကုန်အံ့။ ထိုအမျိုးသားသည် ”ငါ့အား ဖြစ်ပြီးသောစည်းစိမ်ဥစ္စာတို့လည်း မရှိတော့ပါတကား” ဟု ပူဆွေး၏၊ ပင်ပန်း၏၊ ငိုကြွေး၏၊ ရင်ဘတ်စည်တီးမြည်းတမ်း၏၊ တွေဝေခြင်းသို့ ရောက်၏။ ရဟန်းတို့ ဤသည်လည်း ကာမအထောက်အပံ့ ကာမအရင်းခံကာမလျှင် တည်ရာရှိသော ကာမကြောင့်သာလျှင် ဖြစ်သည့် ဆင်းရဲအစုဖြစ်သော မျက်မှောက်ကာမတရားတို့၏ အပြစ်ပေတည်း။

၁၆၈။ ရဟန်းတို့ တစ်ဖန် ထို့ပြင်လည်း ကာမအထောက်အပံ့ ကာမအရင်းခံ ကာမတည်ရာကာမတို့ကြောင့်သာလျှင် မင်းအချင်းချင်းလည်း ငြင်းခုံကြကုန်၏၊ ရေမြေရှင်အချင်းချင်းလည်းငြင်းခုံကြကုန်၏၊ ပုဏ္ဏားအချင်းချင်းလည်း ငြင်းခုံကြကုန်၏၊ သူကြွယ်အချင်းချင်းလည်း့ငြင်းခုံကြကုန်၏၊ သားအမိ အချင်းချင်းလည်း ငြင်းခုံကြကုန်၏၊ သားအဖအချင်းချင်းလည်းငြင်းခုံကြကုန်၏၊ ညီအစ်ကိုမောင်နှမအချင်း ချင်းလည်း ငြင်းခုံကြကုန်၏၊ အပေါင်းအဖော်အချင်းချင်းလည်း ငြင်းခုံကြကုန်၏၊ ထိုသူတို့သည် ငြင်းခုံခြင်း ရန်ဖြစ်ခြင်းသဘောကွဲလွဲခြင်းသို့ ရောက်ကြကုန်လျက် အချင်းချင်း လက်တို့ဖြင့်လည်း ပုတ်ခတ်ကြ ကုန်၏၊ ခဲတို့ဖြင့်လည်းပေါက်ကြကုန်၏၊ တုတ်တိုတို့ဖြင့်လည်း ရိုက်ကြကုန်၏၊ ဓားလက်နက်တို့ဖြင့်လည်းထိုးခုတ်ကြကုန်၏၊ ထိုသူတို့သည် ထိုရန်ဖြစ်ရာအရပ်၌ သေခြင်းသို့လည်း ရောက်ကြကုန်၏၊ သေလောက်သော ဆင်းရဲဒုက္ခသို့လည်း ရောက်ကြကုန်၏။ ရဟန်းတို့ ဤသည်လည်း ကာမအထောက်အပံ့ ကာမအရင်းခံ ကာမလျှင်တည်ရာရှိသော ကာမကြောင့်သာလျှင် ဖြစ်သည့် မျက်မှောက်ဆင်းရဲအစုဖြစ်သောကာမတို့၏ အပြစ်ပေတည်း။

ရဟန်းတို့ တစ်ဖန် ထို့ပြင်လည်း ကာမအထောက်အပံ့ ကာမအရင်းခံ ကာမတည်ရာ ကာမတို့ကြောင့်သာလျှင် သန်လျက်နှင့် (သားရေ) ကာကို ကိုင်စွဲ၍ လေးနှင့်မြားတောင့်ကို လွယ်လျက် မြား လှံတို့ကို ပစ်လွှတ်နေကြစဉ်ပင် သန်လျက်တို့ကို တလက်လက် ဝှေ့ယမ်းနေကြစဉ်ပင် နှစ်ဖက်ရင်ဆိုင်တိုက်ရာစစ်မြေပြင်သို့ တိုးဝင်ကြကုန်၏။ ထိုသူတို့သည် ထိုစစ်မြေပြင်၌ မြားတို့ဖြင့်လည်း ပစ်ကြကုန်၏၊ လှံဖြင့်လည်း ထိုးကြကုန်၏၊ သန်လျက်ဖြင့်လည်း ဦးခေါင်းကို ဖြတ်ကြကုန်၏။ ထိုသူတို့သည် ထိုစစ်မြေပြင်၌သေခြင်းသို့လည်း ရောက်ကြကုန်၏၊ သေလောက်သော ဆင်းရဲဒုက္ခသို့လည်း ရောက်ကြကုန်၏။ ရဟန်းတို့ ဤသည်လည်း ကာမအထောက်အပံ့ ကာမအရင်းခံ ကာမလျှင် တည်ရာရှိသော ကာမတို့ကြောင့်သာလျှင် ဖြစ်သည့် မျက်မှောက်ဆင်းရဲအစုဖြစ်သော ကာမတို့၏ အပြစ်ပေတည်း။

ရဟန်းတို့ ထို့ပြင်လည်း ကာမအထောက်အပံ့ ကာမအရင်းခံ ကာမတည်ရာ ကာမတို့ကြောင့်သာလျှင်သန်လျက်နှင့် (သားရေ) ကာကို ကိုင်စွဲ၍ လေးနှင့်မြားတောင့်ကို လွယ်လျက် မြား လှံတို့ကို ပစ်လွှတ်နေကြစဉ်ပင် သန်လျက်တို့ကို တလက်လက် ဝှေ့ယမ်းနေကြစဉ်ပင် ပူသောအစေးတို့ဖြင့် သွန်းလောင်းထားသော။ မို့တံတိုင်းခြေတို့သို့ တိုးဝင်ကြကုန်၏။ ထိုသူတို့ကို ထိုနေရာ၌ မြားတို့ဖြင့်လည်း ပစ်ကြကုန်၏၊ လှံဖြင့်လည်း ထိုးကြကုန်၏၊ နွားချေးမြင်းချေးရည်ပူဖြင့်လည်း သွန်းလောင်းကြကုန်၏၊ ယန္တယားမောင်းဖြင့်လည်း ဖိချကြကုန်၏၊ သန်လျက်ဖြင့်လည်း ဦးခေါင်းကို ဖြတ်ကြကုန်၏။ ထိုသူတို့သည် ထိုနေရာ၌ သေခြင်းသို့လည်း ရောက်ကြကုန်၏၊ သေလောက်သော ဆင်းရဲဒုက္ခသို့လည်းရောက်ကြ ကုန်၏။ ရဟန်းတို့ ဤသည်လည်း ကာမအထောက်အပံ့ ကာမအရင်းခံ ကာမလျှင်တည်ရာရှိသော ကာမတို့ကြောင့်သာလျှင် ဖြစ်သည့် မျက်မှောက်ဆင်းရဲအစုဖြစ်သော ကာမတို့၏အပြစ်ပေတည်း။

၁၆၉။ ရဟန်းတို့ တစ်ဖန် ထို့ပြင်လည်း ကာမအထောက်အပံ့ ကာမအရင်းခံ ကာမလျှင်တည်ရာကာမတို့ကြောင့်သာလျှင် အိမ်ကိုလည်း ဖေါက်ထွင်းကြကုန်၏၊ (ရွာလုံးကျွတ်ကိုလည်း) တိုက်ခိုက်လုယူကြ ကုန်၏၊ တစ်အိမ်တည်းကိုလည်း တိုက်ခိုက်လုယူကြကုန်၏၊ ခရီးလမ်း၌လည်း စောင့်၍လုယူကြကုန်၏၊ သူ့တစ်ပါး မယားကိုလည်း သွားလာကြကုန်၏၊ ထိုသူကို မင်းတို့သည် ဖမ်းယူ၍ညှဉ်းပမ်းမှု အမျိုးမျိုးတို့ကို ပြုကုန်၏၊ နှင်တံတို့ဖြင့်လည်း ရိုက်ကြကုန်၏၊ ကြိမ်လုံးတို့ဖြင့်လည်းရိုက်ကြကုန်၏၊ တုတ်တိုတို့ ဖြင့်လည်း ရိုက်ကြကုန်၏၊ လက်ကိုလည်း ဖြတ်ကြကုန်၏၊ ခြေကိုလည်းဖြတ်ကြကုန်၏၊ လက်ခြေတို့ကိုလည်း ဖြတ်ကြကုန်၏၊ နားကိုလည်း ဖြတ်ကြကုန်၏၊ နှာခေါင်းကိုလည်းဖြတ်ကြကုန်၏၊ နားနှာခေါင်းကိုလည်း ဖြတ်ကြကုန်၏၊ ဦးခေါင်းခွံကို ဖောက်၍ ဦးနှောက်ကိုပအုံးရည်ကဲ့သို့ ပူလောင်စေကုန်၏၊ ခရုသင်းပမာ ဦးခေါင်းရေကို ခွါကုန်၏၊ နေကို ငုံသည့်ရာဟုခံတွင်းအလား ပါးစပ်တွင်း၌ သွေးပြည့်အောင် ပြုကုန်၏၊ ကိုယ်ကို ဆီဆွတ်သည့် အဝတ်ဖြင့်ရစ်ပတ်၍ မီးပန်းပမာ ရှို့မြိုက်ကုန်၏၊ လက်နှစ်ဖက်ကို ဆီဆွတ်သည့် အဝတ်ဖြင့် ရစ်ပတ်၍ မီးတိုင်ပမာ့ရှို့မြိုက်ကုန်၏၊ မြစ်ခြေပင်မ၌ အရိုးအရွက်တို့ ရစ်ပတ် နေသော ပိန်းပင်အလား ဖမျက်အထိတစ်ကိုယ်လုံးမှ အရေကို ခွါချကာ ပြေးလွှားစေကုန်၏၊ အောက်ပိုင်း တစ်ကိုယ်လုံးမှ အရေကိုလည်ပင်းအထိခွါ၍ လျှော်တေဝတ်ရုံသော ရသေ့အလား ပြေးလွှားစေကုန်၏၊ ခြေလက်လေးဖက်၌တံကျင်လျှိုထား၍ လေးဘက်တွားနေသည့် သားကောင်ကဲ့သို့ ပြုလုပ်ကုန်၏၊ အရေအသား အကြောတို့ကို ငါးမျှားချိတ်ပမာ ထက်စွာသော သံချိတ်တို့ဖြင့် ဆွဲချိတ်၍ ချကုန်၏၊ တစ်ကိုယ်လုံးမှ အသားစိုင်တို့ကို တစ်ကျပ်သား တစ်ကျပ်သားခန့် လှီးချွေချကုန်၏၊ တစ်ကိုယ်လုံး၌သံဆူးခက်တို့ဖြင့် ရိုက်နှက်ကာ ဆားဆပ်ပြာတို့ဖြင့် ပက်ဖြူးကြကုန်၏၊ တံခါးတိုင်၌ တံခါး ကျင်လျှို၍လှည့်သကဲ့သို့ ကိုယ်ကို သံတံကျင်လျှို၍ လှည့်စေကုန်၏၊ အရိုးအားလုံးကို မှုန့်မှုန့်ညက်ညက်ကြေမွစေလျက် ကောက် ရိုးကရွတ်ကဲ့သို့ ပြုလုပ်ကုန်၏၊ ဆီပူဖြင့်လည်း သွန်းလောင်းကုန်၏၊ ခွေးတို့ကိုလည်း ကိုက်စေကြကုန်၏၊ အရှင်လတ်လတ်လည်း သံတံကျင် လျှိုကြကုန်၏၊ သန်လျက်ဖြင့်လည်း ဦးခေါင်းကို ဖြတ်ကြကုန်၏၊ ထို သူတို့သည် ထိုနေရာ၌သေခြင်းသို့လည်းရောက်ကြကုန်၏၊ သေလောက်သော ဆင်းရဲဒုက္ခသို့လည်း ရောက်ကြကုန်၏။ ရဟန်းတို့ဤသည်လည်း ကာမအထောက်အပံ့ ကာမအရင်းခံ ကာမလျှင်တည်ရာ ကာမတို့ကြောင့်သာလျှင်ဖြစ်သည့်မျက်မှောက် ဆင်းရဲအစုဖြစ်သော ကာမတို့၏ အပြစ်ပေတည်း။

ရဟန်းတို့ တစ်ဖန် ထို့ပြင်လည်း ကာမအထောက်အပံ့ ကာမအရင်းခံ ကာမတည်ရာ ကာမတို့ကြောင့်သာလျှင် မကောင်းသော အကျင့်ကို ကိုယ်နှုတ်စိတ်တို့ဖြင့် ပြုကျင့်ပြီးလျှင် ထိုသူတို့သည်ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသူတို့လားရာ ပျက်စီး၍ကျရောက်ရာ ငရဲသို့ ရောက်ကုန်၏။ ရဟန်းတို့ ဤသည်လည်း ကာမအထောက်အပံ့ ကာမအရင်းခံကာမလျှင်တည်ရာ ကာမတို့ကြောင့်သာလျှင် ဖြစ်သည့် တမလွန်ဆင်းရဲအစုဖြစ်သော ကာမတို့၏အပြစ်ပေတည်း။

၁၇ဝ။ ရဟန်းတို့ ကာမတရားတို့၏ ထွက်မြောက်ရာသည် အဘယ်နည်း။ ရဟန်းတို့ ကာမတရားတို့၌လိုချင်တပ်မက်မှုကို ဖျောက်ခြင်း လိုချင်တပ်မက်မှုကို ပယ်ခြင်းသည် ကာမတရားတို့၏ ထွက်မြောက်ရာတည်း။

ရဟန်းတို့ အကြင်ရဟန်းဖြစ်စေ၊ ပုဏ္ဏားဖြစ်စေ မည်သူမဆို ဤသို့ ကာမတရားတို့၏ သာယာဖွယ်ကိုလည်း သာယာဖွယ်အားဖြင့်, အပြစ်ကိုလည်း အပြစ်အားဖြင့်, ထွက်မြောက်ရာကိုလည်းထွက်မြောက် ရာအားဖြင့်ဟုတ်တိုင်း မှန်စွာ ခွဲခြား၍ မသိကုန်။ ထိုသူတို့အား အမှန်စင်စစ်ကိုယ်တိုင်သော်လည်း ကာမတရားတို့ကို ပိုင်းခြား၍ သိကြလိမ့်မည်၊ သူတစ်ပါးတို့ကိုသော်လည်းကာမတရားတို့ကို ပိုင်းခြား၍ သိကြောင်းအကျင့်ကို ဆောက်တည်စေကြ လိမ့်မည်ဟူသောအကြောင်းသည် မရှိနိုင်ပေ။ ရဟန်းတို့ ရဟန်းဖြစ်စေ၊ ပုဏ္ဏားဖြစ်စေ မည်သူမဆို ဤသို့ ကာမတရားတို့၏ သာယာဖွယ်ကိုလည်း သာယာဖွယ် အားဖြင့်, အပြစ်ကိုလည်း အပြစ်အားဖြင့်,ထွက်မြောက်ရာကိုလည်း ထွက်မြောက်ရာအားဖြင့်ဟုတ်တိုင်း မှန်စွာ ခွဲခြား၍ သိ၏။ ထိုသူတို့အားအမှန်စင်စစ် ကိုယ်တိုင်သော်လည်း ကာမတရားတို့ကို ပိုင်းခြား၍ သိကြလိမ့်မည်၊ သူတစ်ပါးကိုသော်လည်းကာမတရားတို့ကို ပိုင်းခြား၍ သိကြောင်း အကျင့်ကို ဆောက် တည်စေကြလိမ့်မည်ဟူသောအကြောင်းသည် ရှိသည်သာတည်း။

၁၇၁။ ရဟန်းတို့ ရုပ်တရားတို့၏ သာယာဖွယ်သည် အဘယ်နည်း။ ရဟန်းတို့ ဥပမာအားဖြင့်မမြင့်လွန်း မနိမ့်လွန်း မပိန်လွန်း မဝလွန်း မမည်းလွန်း မဖြူလွန်းသော တစ်ဆယ့်ငါးနှစ် တစ်ဆယ့်ခြောက်နှစ်အရွယ်ရှိ မင်းမျိုးသတို့သမီးဖြစ်စေ၊ ပုဏ္ဏားမျိုးသတို့သမီးဖြစ်စေ၊ သူကြွယ်မျိုးသတို့သမီးဖြစ်စေရှိရာ၏။ ရဟန်းတို့ ထိုအချိန် ထိုအရွယ်၌ ထိုအဆင်းသည် အလွန်တင့်တယ်သည် မဟုတ်လောဟု (မေး့တော်မူ၏)။ မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။

ရဟန်းတို့ တင့်တယ်သော အဆင်းကို စွဲ၍ ဖြစ်ပေါ်လာသော ချမ်းသာခြင်း ဝမ်းမြောက်ခြင်းသည်ရုပ်တရားတို့၏ သာယာဖွယ်တည်း။

ရဟန်းတို့ ရုပ်တရားတို့၏ အပြစ်သည် အဘယ်နည်း။ ရဟန်းတို့ နောင်အခါ၌ ထိုသတို့သမီးကိုပင်ရက်ချုပ်အားဖြင့် အသက်ရှစ်ဆယ် ကိုးဆယ် တစ်ရာရှိ၍ အိုမင်း ကုန်းကွကာ တောင်ဝှေးသာ မှီခိုရာရှိလျက် အရွယ်လွန်သဖြင့် သွားကျိုး ဆံဖြူ ဆံပင်ကျွတ် ခေါင်းပြောင် အရေတွန့် ကိုယ်၌မှဲ့မည်းစွဲကာ နာကျင်စွာ တုန်တုန်ခိုက်ခိုက် သွားလာနေသည်ကို တွေ့မြင်ရာ၏။ ရဟန်းတို့ ထိုအရာကိုသင်တို့သည် အဘယ်သို့ မှတ်ထင် ကြကုန်သနည်း၊ ရှေးကရှိသော တင့်တယ်သော အဆင်းသည်ပျောက်ကွယ်ခဲ့ပြီ မဟုတ်လော၊ အပြစ်သည် ထင်ရှား ဖြစ်ပေါ်နေသည် မဟုတ်လောဟု (မေးတော်မူ၏)။ မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။ ရဟန်းတို့ ဤသည်လည်း ရုပ်တရားတို့၏အပြစ်ပေတည်း။

ရဟန်းတို့ တစ်ဖန်ထို့ပြင်လည်း ထိုသတို့သမီးကိုပင် အခြားသူတို့က ထူပေး သိပ်ပေးရလောက်အောင်ပင် အနာရောဂါနှိပ်စက်၍ ဆင်းရဲရောက်ကာ အပြင်းအထန် မမာမကျန်းသဖြင့် မိမိ ကျင်ကြီးကျင်ငယ်၌ အလူးလူး အလဲလဲ အိပ်စက်နေရသည်ကို တွေ့မြင်ရာ၏။ ရဟန်းတို့ ထိုအရာကို သင်တို့သည်အဘယ်သို့ မှတ်ထင်ကြကုန်သနည်း၊ ရှေးကရှိသော တင့်တယ်သော အဆင်းသည် ပျောက်ကွယ်ခဲ့ပြီမဟုတ်လော၊ အပြစ်သည် ထင်ရှားဖြစ်ပေါ် နေသည်မဟုတ်လောဟု (မေးတော်မူ၏)။ မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။ ရဟန်းတို့ ဤသည်လည်း ရုပ်တရားတို့၏ အပြစ်ပေတည်း။

၁၇၂။ ရဟန်းတို့ တစ်ဖန် ထို့ပြင်လည်း ထိုသတို့သမီးကိုပင် သင်းချိုင်း၌ စွန့်ပစ်ထားသည့် သေ၍တစ်ရက်ရှိသော သူသေကောင်၊ သေ၍ နှစ်ရက်ရှိသော သူသေကောင်၊ သေ၍ သုံးရက်ရှိသောသူသေကောင်၊ သေပြီးသည်နောက် ဖူးယောင်ပုပ်ပွနေသော သူသေကောင်၊ ရုပ်ဆင်း ပျက်ပြားလျက်အညိုအမဲများသော သူသေကောင်၊ သွေးပြည်ယိုစီးသော သဘောရှိသော သူသေကောင် ဖြစ်နေသည်ကိုတွေ့မြင်ရာ၏။ ရဟန်းတို့ ထိုအရာကို သင်တို့သည် အဘယ်သို့ မှတ်ထင်ကြကုန်သနည်း၊ ရှေးကရှိသောတင့်တယ်သော အဆင်းသည် ပျောက်ကွယ်ခဲ့ပြီ မဟုတ်လော၊ အပြစ်သည် ထင်ရှားဖြစ်ပေါ်နေသည်မဟုတ်လောဟု (မေးတော်မူ၏)။ မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။ ရဟန်းတို့ ဤသည်လည်း ရုပ်တရားတို့၏ အပြစ်ပေတည်း။

ရဟန်းတို့ တစ်ဖန်ထို့ပြင်လည်း ထိုသတို့သမီးကိုပင် သုသာန်၌ စွန့်ပစ်ထား၍ ကျီး စွန်ရဲ လင်းတဘုမ္မတီး ငှက် ခွေး ကျား (ကျား) သစ် မြေခွေးတို့နှင့် ပိုးမျိုး အမျိုးမျိုးတို့က ကိုက်ခဲ ထိုးဆိတ်ထားသော သူသေကောင် ဖြစ်နေသည်ကို တွေ့မြင်ရာ၏။ ရဟန်းတို့ ထိုအရာကို သင်တို့သည် အဘယ်သို့မှတ်ထင် ကြကုန်သနည်း၊ ရှေးက ရှိသော တင့်တယ်သော အဆင်းသည် ပျောက်ကွယ်ခဲ့ပြီ မဟုတ်လော၊ အပြစ်သည် ထင်ရှားဖြစ်ပေါ်နေသည် မဟုတ်လောဟု (မေးတော်မူ၏)။ မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြ ကုန်၏)။ ရဟန်းတို့ ဤသည်လည်း ရုပ်တရားတို့၏ အပြစ်ပေတည်း။

ရဟန်းတို့ တစ်ဖန် ထို့ပြင်လည်း ထိုသတို့သမီးကိုပင် သင်းချိုင်း၌ စွန့်ပစ်ထား၍ အသား အသွေးတို့နှင့်တကွ အကြောတို့ဖြင့် နှောင်ဖွဲ့ထား၍ အရိုးချင်းဆက်နေသေးသော သူသေကောင် ဖြစ်နေသည် ကိုပင်တွေ့မြင်ရာ၏။ အသားမရှိ သွေးတို့ဖြင့် လိမ်းကျံလျက် အကြောတို့ဖြင့် နှောင်ဖွဲ့ထားသော အရိုးချင်းဆက်နေသေးသော၊ အသားအသွေးကင်းလျက် အကြောတို့ဖြင့် နှောင်ဖွဲ့ထားသော အရိုးချင်းဆက်နေသေးသော၊ နှောင်ဖွဲ့ခြင်းကင်းကုန်လျက် လက်ရိုးတခြား ခြေရိုးတခြား ခြေဖမျက်ရိုးတခြား မြင်းခေါင်းရိုးတခြား ပေါင်းရိုးတခြား ခါးရိုးတခြား နံရိုးတခြား ကျောကုန်းရိုးတခြား ပခုံးရိုးတခြား လည်ပင်းရိုးတခြားမေးရိုးတခြား သွားရိုးတခြား ဦးခေါင်းခွံတခြား (အားဖြင့်) အရပ်မျက်နှာတို့၌ ပစ်ထားသော အရိုးစုဖြစ့်နေသည်ကို တွေ့မြင်ရာ၏။ ရဟန်းတို့ ထိုအရာကို သင်တို့သည် အဘယ်သို့ မှတ်ထင်ကြကုန်သနည်း၊ ရှေးကရှိသော တင့်တယ်သော အဆင်းသည် ပျောက်ကွယ်ခဲ့ပြီ မဟုတ်လော၊ အပြစ်သည် ထင်ရှားဖြစ်ပေါ်နေသည် မဟုတ်လောဟု (မေးတော်မူ၏)။ မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။ ရဟန်းတို့ ဤသည်လည်း ရုပ်တရားတို့၏ အပြစ်ပေတည်း။

ရဟန်းတို့ တစ်ဖန် ထို့ပြင်လည်း ထိုသတို့သမီးကိုပင် သင်းချိုင်း၌ စွန့်ပစ်ထား၍ ခရုသင်းအဆင်းနှင့်အတူ ဖြူဖွေးနေကုန်သော အရိုးတို့သာရှိသော သူသေကောင် ဖြစ်နေသည်ကို တွေ့မြင်ရာ၏။

စုပုံကုန်လျက် နှစ်ကျော်လွန်သော အရိုးတို့သာရှိသော၊ ဆွေးမြေ့ကုန်လျက် မှုန့်မှုန့်ညက်ညက်ကြေမွသော သဘောရှိကုန်သော အရိုးတို့သာရှိသော သူသေကောင် ဖြစ်နေသည်ကို တွေ့မြင်ရာ၏။ ရဟန်းတို့ ထိုအရာကို သင်တို့သည် အဘယ်သို့ မှတ်ထင်ကြကုန်သနည်း၊ ရှေးကရှိသော တင့်တယ်သောအဆင်းသည် ပျောက်ကွယ်ခဲ့ပြီ မဟုတ်လော၊ အပြစ်သည် ထင်ရှားဖြစ်ပေါ်နေသည် မဟုတ်လောဟု (မေး တော်မူ၏)။ မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။ ရဟန်းတို့ ဤသည်လည်းရုပ်တရားတို့၏ အပြစ်ပေတည်း။

ရဟန်းတို့ ရုပ်တရားတို့၏ ထွက်မြောက်ရာသည် အဘယ်နည်း။ ရဟန်းတို့ ရုပ်တရားတို့၌ လိုချင်တပ်မက်မှုကိုဖျောက်ခြင်း လိုချင်တပ်မက်မှုကိုပယ်ခြင်းသည် ရုပ်တရားတို့၏ ထွက်မြောက်ရာတည်း။

ရဟန်းတို့ ရဟန်းဖြစ်စေ၊ ပုဏ္ဏားဖြစ်စေ မည်သူမဆို ဤသို့ ရုပ်တရားတို့၏ သာယာဖွယ်ကိုလည်းသာယာဖွယ်အားဖြင့်, အပြစ်ကိုလည်း အပြစ်အားဖြင့်, ထွက်မြောက်ရာကိုလည်း ထွက်မြောက်ရာ အားဖြင့်ဟုတ်တိုင်းမှန်စွာ ခွဲခြား၍ မသိကုန်။ ထိုသူတို့အား စင်စစ် ကိုယ်တိုင်သော်လည်း ရုပ်တရားတို့ကိုပိုင်းခြား၍ သိကြလိမ့်မည်၊ သူတစ်ပါးကိုသော်လည်း ရုပ်တရားတို့ကို ပိုင်းခြား၍ သိကြောင်းအကျင့်ကိုဆောက်တည်စေကြလိမ့်မည် ဟူသော အကြာင်းသည် မရှိသည်သာတည်း။

ရဟန်းတို့ အကြင် ရဟန်းဖြစ်စေ၊ ပုဏ္ဏားဖြစ်စေ မည်သူမဆို ဤသို့ ရုပ်တရားတို့၏ သာယာဖွယ်ကိုလည်း သာယာဖွယ်အားဖြင့်, အပြစ်ကိုလည်း အပြစ်အားဖြင့်, ထွက်မြောက်ရာကိုလည်း ထွက်မြောက်ရာအားဖြင့်ဟုတ်တိုင်းမှန်စွာ ခွဲခြား၍ သိကုန်၏။ ထိုသူတို့အား စင်စစ် ကိုယ်တိုင်သော်လည်း ရုပ်တရားတို့ကို ပိုင်းခြား၍ သိကြလိမ့်မည်၊ သူတစ်ပါးကိုသော်လည်း ရုပ်တရားတို့ကို ပိုင်းခြား၍ သိကြောင်း အကျင့်ကို ဆောက်တည်စေကြလိမ့်မည် ဟူသော အကြာင်းသည် ရှိသည်သာတည်း။

၁၇၃။ ရဟန်းတို့ ဝေဒနာတို့၏ သာယာဖွယ်သည် အဘယ်နည်း။ ရဟန်းတို့ ဤသာသနာတော်၌ရဟန်းသည် ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်၍သာလျှင်ကြံစည်ခြင်း ‘ဝိတက်’နှင့် တကွဖြစ်သော သုံးသပ်ခြင်း ‘ဝိစာရ’ နှင့်တကွဖြစ်သော (နီဝရဏ) ကင်းခြင်း ကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသော ပဌမစျာန်သို့ ရောက်၍ နေ၏။ ရဟန်းတို့ ရဟန်းသည် ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်၍သာလျှင်ကြံစည်ခြင်း ‘ဝိတက်’ နှင့်တကွဖြစ်သော သုံးသပ်ခြင်း ‘ဝိစာရ’ နှင့်တကွဖြစ်သော (နီဝရဏ) ကင်းခြင်းကြောင့်ဖြစ်သောနှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသော ပဌမစျာန်သို့ ရောက်၍ နေသောအခါ မိမိဆင်းရဲရန်လည်းမစေ့ဆော်၊ သူတပါးဆင်းရဲရန်လည်း မစေ့ဆော်၊ နှစ်ဦးလုံး ဆင်းရဲရန်လည်း မစေ့ဆော်၊ ထိုအခါ၌ဆင်းရဲမရှိသော ဝေဒနာကိုသာလျှင် ခံစား၏။ ရဟန်းတို့ ဝေဒနာတို့၏ သာယာဖွယ်ကား ဆင်းရဲခြင်း မရှိခြင်းမျှသာလျှင် ဖြစ်၏ဟု ငါဟော၏။

ရဟန်းတို့ ထို့ပြင်လည်း ရဟန်းသည်ကြံစည်ခြင်း ‘ဝိတက်’ သုံးသပ်ခြင်း ‘ဝိစာရ’တို့၏ ချုပ်ခြင်းကြောင့် မိမိကိုယ်၌ စိတ်ကို ကြည်လင်စေတတ်သော၊ စိတ်၏ တည်ကြည်ခြင်း ‘သမာဓိ’ ကိုဖြစ်ပွားစေတတ် သော၊ ကြံစည်ခြင်း ‘ဝိတက်’ မရှိသော၊ သုံးသပ်ခြင်း ‘ဝိစာရ’ မရှိသော၊ တည်ကြည်ခြင်း ‘သမာဓိ’ ကြောင့် ဖြစ်သော၊ နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသော ဒုတိယစျာန်သို့ ရောက်၍့နေသောအခါ။ပ။

ရဟန်းတို့ ရဟန်းသည် နှစ်သိမ့်ခြင်း ‘ပီတိ’ကိုလည်း မစွဲမက်ခြင်းကြောင့် လျစ်လျူရှု၍သာလျှင် နေ၏၊ သတိနှင့် ပြည့်စုံသည်ဖြစ်၍ ဆင်ခြင်ဉာဏ်နှင့် ပြည့်စုံသည်ဖြစ်၍ ချမ်းသာခြင်း ‘သုခ’ကိုလည်း ကိုယ်ဖြင့်ခံစား၏၊ အရိယာပုဂ္ဂိုလ်တို့သည် အကြင် တတိယစျာန်ကြောင့် ထိုသူကို ”လျစ်လျူရှုသူ သတိရှိ သူချမ်းသာစွာနေလေ့ရှိသူ” ဟု ပြောကြားကုန်၏၊ ထိုတတိယစျာန်သို့ ရောက်၍ နေသောအခါ။ပ။

ရဟန်းတို့ ရဟန်းသည် ချမ်းသာခြင်း ‘သုခ’ ကိုလည်း ပယ်ခြင်းကြောင့် ဆင်းရဲခြင်း ‘ဒုက္ခ’ ကိုလည်းပယ်ခြင်းကြောင့် ရှေးဦးကပင်လျှင် ဝမ်းသာခြင်း ‘သောမနဿ’ နှလုံးမသာခြင်း ‘ဒေါမနဿ’တို့၏ ချုပ်နှင့်ခြင်းကြောင့် ဆင်းရဲလည်းမဟုတ် ချမ်းသာလည်းမဟုတ်သော လျစ်လျူရှုမှု ‘ဥပက္ခော’ ကြောင့်ဖြစ်သည့်သတိ၏ စင်ကြယ်ခြင်းရှိသော စတုတ္ထစျာန်သို့ ရောက်၍နေသောအခါ မိမိဆင်းရဲရန်လည်း မစေ့ဆော်၊ သူတစ်ပါး ဆင်းရဲရန်လည်း မစေ့ဆော်၊ နှစ်ဦးလုံးဆင်းရဲရန်လည်း မစေ့ဆော်၊ ထိုအခါ၌ ဆင်းရဲမရှိသောဝေဒနာကို သာလျှင် ခံစား၏။ ရဟန်းတို့ ဝေဒနာတို့၏ သာယာဖွယ်ကား ဆင်းရဲမရှိခြင်းမျှသာလျှင်ဖြစ်၏ဟု ငါ ဟော၏။

၁၇၄။ ရဟန်းတို့ ဝေဒနာတို့၏ အပြစ်သည် အဘယ်နည်း။ ရဟန်းတို့ ဝေဒနာတို့၏ အမြဲမရှိခြင်းဆင်းရဲခြင်း ဖောက်ပြန်တတ်သော သဘောရှိခြင်းသည် ဝေဒနာတို့၏ အပြစ်တည်း။

ရဟန်းတို့ ဝေဒနာတို့၏ ထွက်မြောက်ရာသည် အဘယ်နည်း။ ရဟန်းတို့ ဝေဒနာတို့၌ လိုချင်တပ်မက်မှုကို ဖျောက်ခြင်း လိုချင်တပ်မက်မှုကို ပယ်ခြင်းသည် ဝေဒနာတို့၏ ထွက်မြောက်ရာတည်း။

ရဟန်းတို့ ရဟန်းဖြစ်စေ ပုဏ္ဏားဖြစ်စေ မည်သူမဆို ဤသို့ ဝေဒနာတို့၏ သာယာဖွယ်ကိုလည်းသာယာဖွယ်အားဖြင့် အပြစ်ကိုလည်း အပြစ်အားဖြင့် ထွက်မြောက်ရာကိုလည်း ထွက်မြောက်ရာအားဖြင့်ဟုတ်တိုင်း မှန်စွာ ခွဲခြား၍ မသိကြကုန်၊ ထိုသူတို့အား စင်စစ် ကိုယ်တိုင်သော်လည်း ဝေဒနာကိုပိုင်းခြား၍ သိကြလိမ့်မည်၊ သူတစ်ပါးကိုသော်လည်း ဝေဒနာတို့ကို ပိုင်းခြား၍ သိကြောင်း အကျင့်ကိုဆောက်တည်စေကြလိမ့်မည်ဟူသော အကြောင်းသည် မရှိသည်သာတည်း။

ရဟန်းတို့ ရဟန်းဖြစ်စေ၊ ပုဏ္ဏားဖြစ်စေ မည်သူမဆို ဤသို့ ဝေဒနာတို့၏ သာယာဖွယ်ကိုလည်းသာယာဖွယ်အားဖြင့်, အပြစ်ကိုလည်း အပြစ်အားဖြင့်, ထွက်မြောက်ရာကိုလည်း ထွက်မြောက်ရာအားဖြင့်ခွဲခြား၍ သိကုန်၏၊ ထိုသူတို့အား စင်စစ် ကိုယ်တိုင်သော်လည်း ဝေဒနာကို ပိုင်းခြား၍ သိကြလိမ့်မည်၊ သူတစ်ပါးကိုသော်လည်း ဝေဒနာကို ပိုင်းခြား၍ သိကြောင်း အကျင့်ကိုဆောက်တည်စေကြလိမ့်မည်ဟူသော အကြောင်းသည် ရှိသည်သာတည်းဟု (မိန့်တော်မူ၏)။

မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူ၏။ ထိုရဟန်းတို့သည် မြတ်စွာဘုရား ဟောတော်မူသော တရားတော်ကို နှစ်လိုသည်ဖြစ်၍ ဝမ်းမြောက်စွာ ခံယူကုန်လေသတည်း။

သုံးခုမြောက် မဟာဒုက္ခက္ခန္ဓသုတ်ပြီး၏။

#မဟာဒုက္ခက္ခန္ဓသုတ်

No comments: