..... ခြေဖော့ ၀င်လာတဲ့ မုန်တိုင်း ....
မရည်ရွယ်ဘဲ ပစ်လိုက်တဲ့ မြားချက်တွေကမှ
ရင်ဘက်ကို တည့်တည့်ထိမှန်သတဲ့လား
ဖြူရော်နေတဲ့ ခြင်ထောင်စများ
ရှုပ်ထွေးတင်းကျပ်နေတဲ့ အသက်ရှူသံများ
ခြေသံများက နားမခံသာအောင်
တဖျပ်ဖျပ် ကြားနေရတယ် သေမင်း၊
မနက်ဖြန် သေတော့မယ်ဆိုရင်
လာငိုမယ်ပြောသူစာရင်းက
ဗလာဖြစ်နေတယ်၊
ဆက်လျှောက်ရမလား ...
နောက်ပြန်လှည့်လိုက်ရမလား ...
အဖော်မဲ့လမ်းကိုမှ ရွေးမိသူ၊
မွေးသူတွေ နေ့တိုင်းမွေးနေမှတော့
သေသူများလည်း နေ့တိုင်း ရှိနေရမှာပေါ့
ငါဟာ မွေးဖွားလာသူ တစ်ယောက်ပါ၊
သွားတော့မယ်ပြောနေတဲ့ လက်ဖဝါးကိုမှ
ဖွဖွလေး လှမ်းဆုပ်ချင်နေခဲ့တာ
ပါးနေတဲ့ ဖိနပ်ပေါ်က
အချိန်တွေရဲ့အသံက သွေးညှီနံ့ရတယ်၊
မရည်ရွယ်ဘဲ ပစ်မိတဲ့ မြားချက်အတွက်
ဆေးတစ်ခွက် ဖော်စပ်ခဲ့ပါတယ် ကမ္ဘာကြီး၊
ကြားလိုက်ရဲ့မလား
“ဂွတ်ဘိုင်”လို့ ငါပြောလိုက်တယ်
မင်းအတွက် ဟဒယရွှင်ဆေး ငါ တိုက်ကျွေးခဲ့ပါတယ်၊
ခရေတွေပဲ ဖူးဖူး၊ နှင်းဆီတွေပဲ ပွင့်ပွင့်၊ ပိတောက်တွေပဲ ကြွေကြွေ
ပြာလဲ့နေတဲ့ ကောင်းကင်အောက်
မင်းတောင်ပံတွေ လွင့်ဝဲလိုက်ပါတော့၊
နာနေတဲ့ အနာက
ဆာနေတဲ့စိတ်လောက်တော့ အခံရမခက်ပါဘူး။
၀၉၊ ၀၃၊ ၂၀၁၂