သံယောဇဉ်
.....................
(၁)
“ဗရုက်သုက္ခကြီးနဲ့ … ဘယ်လိုဖြစ်လာတာလဲ၊ ရဟန်းမ(ဘိက္ခုနီ)လုပ်ပြီး ဒီလောက်တောင် အချစ်ကြီးရသလား”
ကြည်လင်အေးမြပြီး တည်ငြိမ်လှသော ရေကန်မျက်နှာပြင်လို ပကတိတည်ငြိမ်သော ဣန္ဒြေဖြင့် ပြောဆိုလိုက်သော်လည်း သူ့စကားသံက ကရုဏာဒေါသသံ ပါနေသည်။ ရဟန်းမကြီးသည် စိတ်အတော် ထိခိုက်သွားသည်။ “အော် ငါ့မှာဖြင့် ၁၂ - နှစ်လုံးလုံး သူ့ကို တမ်းတတဲ့စိတ်နဲ့ မျက်ရည်တွေ ကျခဲ့လိုက်ရတာ၊ သူ့ကို လွမ်းလို့ တရားနဲ့တောင် မနေနိုင်ခဲ့ဘူး၊ သူ့ကို တွေ့ချင်မြင်ချင်လွန်းလို့ မျက်ရည်နဲ့မျက်ခွက် တစ်ရက်မှ မပျက်ခဲ့ဘူး၊ သူကတော့ ပြောရက်လိုက်တာ”စသည်ဖြင့် တွေးမိပြီး သူ့အပေါ် စိတ်နာသွားသည်။
ကြမ်းတမ်းလွန်းပြီး သူ့အပေါ် ငဲ့ညှာမှုကင်းမဲ့စွာ ပြောလိုက်သည့်စကားကြောင့် ၁၂ - နှစ်လုံးလုံး ကျခဲ့ရသော၊ လွမ်းဆွေးခဲ့ရသော အချိန်များအတွက် နောင်တတွေ ရမိသည်။ “သူလည်းပဲ ငါ့ကို တမ်းတလွမ်းဆွတ်နေမယ် ထင်ထားတာ၊ အခုတော့ ပြောရက်လိုက်တာ”ဟူသော နောင်တတရားနှင့်အတူ တစ်ခုတည်းသော သံယောဇဉ်ကြိုးလေး ပျက်တောက်သွားသည်။ အခြားတွယ်နှောင်စရာသံယောဇဉ်ဟူ၍ တစ်မ ျှင်မ ျှ မရှိတော့။ ရဟန်းမကြီး၏ စိတ်တွေ တည်ငြိမ်သွားသည်။ ထိုနေ့မှာပင် ရဟန်းမကြီး တရားထူးတရားမြတ်တွေကို သိမြင်သဘောပေါက်သွားခဲ့သည်။
(၂)
ရဟန်းမကြီးကို ကရုဏာဒေါသနှင့် ကြမ်းကြမ်းတမ်းတမ်း မငဲ့မညှာ ပြောလိုက်သူမှာ “အရှင်ကုမာရကဿပ”ဖြစ်သည်။ သူ့စကားကြောင့် မိခင်ကြီး တရားထူးတရားမြတ်ရသွားသဖြင့် ပြောရကျိုးနပ်သည်ဟု ဆိုနိုင်သည်။
မိခင်ရဟန်းမကြီးသည် သာမန်အမျိုးသမီးတစ်ဦးတော့ မဟုတ်ပါ။ မြတ်စွာဘုရား သာဝတ္ထိပြည်၊ ဇေတဝန်ကျောင်းတော်မှာ သီတင်းသုံးစဉ် သူက သူဌေးသမီးလေးတစ်ယောက်ဖြစ်သည်။ ဘဝါဘဝက ဖြည့်ကျင့်ခဲ့သော ပါရမီတွေကြောင့် ငယ်စဉ်ကတည်းက ရဟန်းမ ဝတ်ချင်သဖြင့် မိဘတွေထံမှာ ခဏခဏ ဝတ်ခွင့်တောင်းသည်။ မိဘများက ခွင့်မပြုခဲ့ပေ။ အရွယ်ရောက်သောအခါမှာတော့ ရဟန်းမ ဝတ်ခွင့် မပြုသည့်အပြင် ယောကျ်ားပေးစားလိုက်သည်။ မိဘပေးစားသဖြင့် အိမ်ထောင်ကျသော်လည်း မယားဝတ္တရားကျေပြွန်အောင် ပြုလုပ်သည်။ ဤသို့ နေထိုင်ရင်း တစ်နေ့သောအခါ သူမ၏ စိတ်ကူးဆန္ဒကို လင်ဖြစ်သူကို ဖွင့်ဟပြောမိသည်။ ထိုအခါ လင်ဖြစ်သူက ရဟန်းမ ဝတ်လိုလ ျှင် ဝတ်နိုင်ကြောင်း ခွင့်ပြုပေးလိုက်သည်။
အမျိုးသမီးလေးမှာ သူမ၏ဆန္ဒများ ပြည့်ဝတော့မည်ဖြစ်သဖြင့် ပျော်ရွှင်သွားလေသည်။ သို့ဖြင့် နီးစပ်ရာ ရဟန်းမ(ဘိက္ခုနီမ)ကျောင်းမှာ ရဟန်းမ ဝတ်ခဲ့သည်။ ကံဆိုးချင်တော့ ထိုကျောင်းကို အုပ်ချုပ်သူက အရှင်ဒေဝဒတ် ဖြစ်နေခဲ့လေသည်။
(၃)
ရဟန်းမကျောင်းတွင် အခြားသူများကဲ့သို့ စာပေသင်ကြားလိုက်၊ တရားအားထုတ်လိုက်ဖြင့် နေခဲ့သည်။ တစ်နေ့သောအခါ ကံဆိုးမှုတစ်ခု ပေါ်ပေါက်လာသည်။ သူဌေးသမီးတစ်ဖြစ်လဲ ရဟန်းမလေးမှာ ကိုယ်ဝန်ရှိလာခဲ့သည်။ ကျောင်းတစ်ခုလုံး အုတ်အုတ်ကျက်ကျက်ဖြစ်သွားသည်။ တိုးတိုးတစ်ဖုံ၊ ကျယ်ကျယ်တစ်မျိုး ဝေဖန်ကြသည်။ ရဟန်းမ လုပ်ပြီး ကိုယ်ဝန်ရရသလားဟုဆိုကာ ပြစ်တင်ပြောဆိုကြသည်။ ထိုထဲတွင် အကြီးအကဲဖြစ်သူ ရဟန်းမ က မေးမြန်းသောအခါ “အရှင်မ … တပည့်တော်ဟာ သီလကို လုံခြုံစွာ ထိန်းပါတယ်၊ ရဟန်းမအဖြစ်နဲ့ လွန်ကျူးပြီး ရတဲ့ ကိုယ်ဝန်မဟုတ်ပါ”ဟု ရှင်းပြသည်။ သို့ရာတွင် “ခက်ချေပြီ၊ သင့်အနေနဲ့ ဘယ်လိုပဲ ရရ၊ ဒီသင်္ကန်းကြီး ဝတ်ပြီး ကိုယ်ဝန်နဲ့ဖြစ်နေတာဟာ ဘယ်လိုမှ အဆင်မပြေဘူး၊ ငါတို့ ဆရာထံ အဆုံးအဖြတ်ခံဖို့ သွားကြမယ်”ဟုဆိုကာ အရှင်ဒေဝဒတ်ထံသို့ ခေါ်သွားခဲ့သည်။
အရှင်ဒေဝတ်ထံ ရောက်၍ အကြောင်းစုံကို တင်ပြလိုက်သည့်အခါ “အင်း …. ဒါက ဘယ်တုန်းက ရတဲ့ကိုယ်ဝန်ဖြစ်ဖြစ် သင်္ကန်းဝတ်နဲ့တော့ မသင့်တော်လှဘူး။ လူဝတ်သာ လဲပေးလိုက်တော့”ဟု ဆုံးဖြတ်ပေးလိုက်သည်။ ရဟန်းမလေးက အမျိုးမျိုးတောင်းပန်သော်လည်း အရှင်ဒေဝဒတ်က သူ့ဆုံးဖြတ်ချက်ကို မပြင်နိုင်ကြောင်းသာ တုန့်ပြန်ခဲ့သည်။ သို့ဖြင့် အရှင်ဒေဝဒတ်အဆောင်မှ အပြင်ရောက်သောအခါ “အို … အရှင်မတို့ … တပည့်တော်မကို လူဝတ်မလဲလိုက်ကြပါနဲ့၊ တပည့်တော်မ ဟာ အရှင်ဒေဝဒတ်ကို ကြည်ညိုလို့ ရဟန်းမ ဝတ်လာတာ မဟုတ်ပါ၊ မြတ်စွာဘုရားကို ကြည်ညိုလို့ ရဟန်းဝတ်လာတာပါ၊ ဒါကြောင့် မြတ်စွာဘုရားထံကိုသာ ပို့ပေးတော်မူကြပါဘုရား”ဟု တောင်းပန်သောအခါ အခြားရဟန်းမများက မြတ်စွာဘုရားထံ ပို့ပေးခဲ့ကြသည်။
(၄)
မြတ်စွာဘုရားလိုပုဂ္ဂိုလ်မျိုးကတော့ အခုလို ဆုံးဖြတ်ချက်မျိုး ပေးမှာ မဟုတ်ဘူးဟု ယုံကြည်သော်လည်း ရဟန်းမလေးခမျာ စိုးရိမ်စိတ်ကိုတော့ ပယ်ဖျောက်၍ မရ၊ ကြောက်ရွံ့စိုးထိတ်စွာဖြင့်ပင် မြတ်စွာဘုရားရှေ့ ရောက်လာခဲ့သည်။ သဗ္ဗညုတဉာဏ်ရှင် မြတ်စွာဘုရားသခင်ကတော့ ရဟန်းမလေးကို ကြည့်လိုက်ကတည်းက ဖြစ်ကြောင်းကုန်စင်ကို သိတော်မူပြီး ဖြစ်လေသည်။ ရဟန်းမ မဝတ်ခင်ကတည်းက ရခဲ့သောကိုယ်ဝန်ဖြစ်တာကိုလည်း သိတော်မူသည်။ ရဟန်းမများနှင့်နှုတ်ခွန်းဆက်စကား ပြောကြားပြီးသည့်အခါ လာရင်းအကြောင်းကို လေ ျှာက်ထားကြသည်။ မြတ်စွာဘုရားက သူ သိသည့်အတိုင်း မိန့်တော်မူပြီး အပြစ်မရှိကြောင်း ဆုံးဖြတ်ပေးလိုက်မည်လား။ ဤနေရာတွင် မြတ်စွာဘုရားရှင်၏ ပြဿနာဖြေရှင်းနည်းတစ်ခုကို နာယူသင်ကြားလိုက်ရသည်။
မြတ်စွာဘုရားကိုယ်တိုင် မည်သည့်ဆုံးဖြတ်ချက်ကိုမ ျှ ပေးတော်မမူခဲ့ပေ။ ဝိနည်းကျွမ်းကျင်သူ (ဥပဒေပညာရှင်) အရှင်ဥပါလိကို အခေါ်လွှတ်လိုက်သည်။ နောက်ပြီး ကောသလမင်းကြီး၊ အနာထပိဏ်သူဌေးကြီး၊ သူဌေးငယ်၊ သာဝတ္ထိမြို့မှ ဂုဏ်သရေရှိ လူကြီးမင်းများ၊ မြို့မျက်နှာဖုံးများနှင့် ကျောင်းအစ်မကြီး ဝိသာခါတို့ကို ကျောင်းကို လာခဲ့ကြဖို့ မိန့်တော်မူသည်။ ထူးထူးခြားခြား ဘုရင်မင်းမြတ်နှင့် မြို့သူဌေးများ၊ လူကြီးမင်းများကို တစ်ပြိုင်တည်း အခေါ်လွှတ်သည်ကို ကြားသိရသော မြို့သူမြို့သားများလည်း တစ်ခုခုတော့ ထူးခြားပြီဟူသောအသိဖြင့် ဇေတဝန်ကျောင်းတော်သို့ စုရုံးရောက်လာကြလေသည်။ ဇေတဝန်ကျောင်းတော် ကွင်းပြင်ကြီးမှာ လူတွေ ပြည့်သွားသည်။ လူတွေအားလုံး၏ အလယ်တွင် ကန့်လန့်ကာဖြင့် ကာထားပြီး ရဟန်းမလေးကို နေစေသည်။ အပြင်က လူတွေက ဘာများ လုပ်ဖို့ပါလိမ့်ဟု တွေးကာ ခြံရံငေးကြည့်နေကြသည်။ မြတ်စွာဘုရားရှင်က ကျောင်းအစ်မကြီး ဝိသာခါကို အနားကို လာဖို့ ခေါ်ခိုင်းလိုက်သည်။
ဝိသာခါသည် မြတ်စွာဘုရားစကားကို နားထောင်ပြီး ကန့်လန့်ကာအတွင်း ပြန်ဝင်သွားသည်။ ရဟန်းမလေး၏ သားမြတ်၊ ဗိုက်၊ ချက် စသော ကိုယ်အင်္ဂါတို့ကို ဝိသာခါက အသေးစိတ် စစ်ဆေးကြည့်ရှုသည်။ ထို့နောက် ကိုယ်ဝန်စဖြစ်သည့် ရက်၊ လ၊ အချိန်တို့ကို တွက်ဆသည်။ ကောက်ချက်ချကြည့်သည့်အခါ ကိုယ်ဝန်သည် ရဟန်းမ မဝတ်မီ အချိန်ကဖြစ်ကြောင်း ထင်ရှားစွာ သိလိုက်ရသည်။ အရှင်ဥပါလိ က ကန့်လန့်ကာအပြင်မှ စောင့်နေသည်။ “ကျောင်းအစ်မကြီး … တွေ့ရှိသည့်အတိုင်း ပြောပါဦး”ဟု မြတ်စွာဘုရား၊ ဘုရင်နှင့်တကွ ပရိသတ်အားလုံးရှေ့တွင် မေးလိုက်သည်။ ဝိသာခါက “ဤရဟန်းမလေး၏ ကိုယ်ဝန်သည် ရဟန်းမ ဝတ်ပြီးနောက် သီလပျက်ပြားပြီး ဖောက်ပြန်သဖြင့် ရသည့်ကိုယ်ဝန်မဟုတ်ပါ၊ ရဟန်းမ မဝတ်မီကတည်းက ရလာခဲ့သောကိုယ်ဝန်ဖြစ်ပါသည်ဘုရား”ဟု ဖြေကြားလိုက်လေသည်။
မြတ်စွာဘုရားရှင်၏ ပြဿနာဖြေရှင်းနည်း ကောင်းမွန်မှုကြောင့် ကိုယ်ဝန်ကြီးတကားကားနှင့် ရဟန်းမလေးလည်း နာမည်မပျက်၊ သာသနာလည်း သိက္ခာကျစရာ မရှိတော့ဘဲ သာဝတ္ထိမြို့တွင် လွတ်လပ်စွာ သွားလာ၍ အဆင်ပြေသွားခဲ့သည်။
(၅)
နေ့စေ့လစေ့ရှိသောအခါ ရဟန်းမလေး မီးဖွားသည်။ ရဟန်းမကျောင်းမှာ ကလေးထိန်းရ၊ ကလေးအနှီးလေ ျှာ်ရ စသည်ဖြင့် မသင့်လျော်သောကြောင့် ကောသလမင်းကြီးက ကလေးကို မွေးစားလိုက်သည်။ “ကုမာရကဿပ”ဟု အမည်ပေးလိုက်သည်။ နန်းတော်ထဲတွင် ဘုရင့်သားလေးလို ကြီးပျင်းခဲ့ရသော်လည်း သူ နည်းနည်းမှ မပျော်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ကလေးသဘာဝ ဆော့ကစားသည့်အခါတိုင်း အခြားကလေးများက “မိဘမဲ့ အဖေမရှိ၊ အမေမရှိ”ဟု စကြနောက်ကြသောကြောင့် ဖြစ်လေသည်။ ကောသလမင်းကြီးကို မေးတိုင်း အမျိုးမျိုး စိတ်ကျေနပ်အောင် လှည့်ပတ်ပြောဆိုခဲ့သည်ချည်း ဖြစ်သည်။ တိတိကျကျ အဖြေမရခဲ့ပေ။
အရွယ်ရောက်သည့်တစ်နေ့သောအခါ ကောသလမင်းကြီးသည် “သင့်အမေသည် ရဟန်းမတစ်ပါးဖြစ်ကြောင်း အမှန်အတိုင်း ပြောပြလိုက်လေသည်။ ထိုအခါ ကုမာရကဿပသည် သို့ဆိုလ ျှင် သူလည်းပဲ နန်းတော်ထဲ မနေလိုတော့ကြောင်း၊ ရဟန်းပြုလိုကြောင်း ခွင့်တောင်းသဖြင့် ကြီးကျယ်သောအခမ်းအနားဖြင့် ရဟန်းပြုပေးလိုက်လေသည်။ ရဟန်းပြုပြီးနောက် မြတ်စွာဘုရားထံမှ ကမ္မဋ္ဌာန်းနည်းများကို နာကြားကာ တောထဲ၌ တရားအားထုတ်သည်။ ၁၂ -နှစ်တိုင်တိုင် ကြာသွားခဲ့သည်။ ၁၂ - နှစ်ပြည့်မှ တရားထူးတရားမြတ် ရသွားခဲ့သည်။ သူ တရားအားထုတ်နေသည့် ၁၂ - နှစ်တာ ကာလအတွင်း သူ့မိခင် ရဟန်းမကြီး သူ့သားကို သတိရလွမ်းဆွတ်စိတ်ဖြင့် တငိုငို တယိုယိုဖြစ်နေသည်ကို သတိမထားမိဘဲ တရားကိုသာ စိတ်နှစ်ပြီး အားထုတ်နေခဲ့လေသည်။ ဖြစ်ချင်တော့ သူ တရားထူးတရားမြတ်ရပြီး မြို့ထဲ ဆွမ်းခံထွက်သည့်အချိန်တွင် သူ့မိခင် ရဟန်းမကြီးက အမှတ်မထင် တွေ့မြင်သွားခဲ့ခြင်း ဖြစ်လေသည်။
(၆)
မိခင်ရဟန်းမကြီးသည် သားအပေါ်ထားသည့် သံယောဇဉ်က ပြင်းထန်လွန်းသဖြင့် သားရဟန်းကို တွေ့သည်နှင့် ဣန္ဒြေမဆည်နိုင်တော့ဘဲ သပိတ်ကြီးပိုက်လျက် သားဆီသို့ အူယားဖားယား ပြေးသွားလေသည်။ သားဇောဖြင့် ပြေးသွားရာ ခလုတ်တိုက်ကာ လဲလိုက်သေးသည်။ တစ်ကိုယ်လုံးလည်း ချွေးများဖြင့် ပေကျံကုန်သည်။ သားဟူသော အသိစိတ်ကြောင့် သားမြတ်မှ နို့ရည်များလည်း လ ျှံထွက်လာသည် (ဟု ဆိုသည်)။ ရဟန်းမကြီးမှာ မည်သို့မ ျှ ကြည့်မကောင်းတော့။ သားရဟန်းဆီရောက်သည့်အခါ တစ်ကိုယ်လုံး ညစ်ပတ်ပေရေပြီး မြင်မကောင်းအောင် ဣန္ဒြေပျက်လျက် ရှိလေသည်။
မိခင်ရဟန်းမကြီး၏ မြင်မကောင်းအောင် ဖြစ်ပျက်နေပုံကို တွေ့လိုက်ရသဖြင့် မိခင်ကြီး၏ သားဟူသော သံယောဇဉ်ကို ပျက်တောက်သွားစေဖို့အတွက် စိတ်နာသွားအောင် ခပ်ကြမ်းကြမ်း ပြောလိုက်ခြင်း ဖြစ်လေသည်။ သူ့ရည်ရွယ်ချက် အထမြောက်သည်ဟု ဆိုရမည်။ သူပြောလိုက်သည့်နေ့မှာပင် သူ့မိခင်ကြီး တရားထူးတရားမြတ်တွေ ရသွားခဲ့သည် မဟုတ်ပါလား။
(၇)
အထက်ပါ သားအမိနှစ်ယောက်တို့၏ စိတ်ဝင်စားဖွယ်ရာ ဇာတ်လမ်းကို အကြောင်းပြု၍ မြတ်စွာဘုရားရှင်က “ချစ်သား၊ ချစ်သမီးတို့ … လောကမှာ သူတစ်ပါးကို သွားပြီး အားမကိုးနဲ့၊ ကိုယ့်ကိုကိုယ်သာ အားကိုးကြ၊ သူတစ်ပါးတွေ လုပ်တဲ့ ကောင်းမှုနဲ့ သင်တို့ကို နတ်ပြည်ပို့လို့ မရနိုင်ဘူး၊ သူတစ်ပါးတွေ အားထုတ်တဲ့တရားနဲ့ သင့်မှာ တရားထူးမရနိုင်ဘူး၊ ကိုယ်တိုင်လုပ်မှသာ အကျိုးရလဒ်ကို ကိုယ်တိုင် ရမှာဖြစ်တယ်”စသည်ဖြင့် “အတ္တာဟိ အတ္တနော နာထော” အစဖြာသော ဓမ္မဒေသနာကို ဟောကြားတော်မူခဲ့ရာ ပရိသတ်များစွာတို့ တရားအသိတွေ ထူးကုန်ကြလေသည်။
(၈)
သားအမိနှစ်ယောက်ကို အခြေခံသော တရားဒေသနာကို သိရှိပြီးသောအခါ “သံယောဇဉ်”ဆိုသော စကားတစ်ခွန်း၏ အကျိုးသက်ရောက်မှုအကြောင်းကို မေးခွန်းထုတ်ကာ အဖန်ဖန် တွေးနေမိသည်။ မိခင်ဖြစ်သူ ရဟန်းမကြီးမှာ “သံယောဇဉ်”ဟူသောအရာလေးတစ်ခု ရင်ထဲမှာ ရှိနေချိန်မှာ ၁၂ - နှစ်လုံးလုံး အလွမ်းမျက်ရည်တွေနှင့် သောကတွေ ဝေခဲ့ရသည်။ ထိုအရာလေးတစ်ခု ပျက်တောက်သွားချိန်မှာတော့ အငြိမ်းဓာတ်ပြည့်ဝစွာ ဘဝက ရှင်သန်လာခဲ့ရသည်။ “သံယောဇဉ်မှာ ဘာကောင်းကျိုးတွေ ရှိနေပါသလဲ”၊ “ပူလောင်ခြင်းအပြင် ဘာအကျိုးတွေ ပေးတတ်ပါသေးသလဲ”။ စာရေးသူကတော့ ဖြေပြီးပါပြီ။ စာဖတ်သူများလည်း အားလုံး ဝိုင်းဖြေကြဖို့ ဖြစ်ပါသည်။
ချမ်းမြေ့ပျော်ရွှင်နိုင်ကြပါစေ …
အရှင်ကုသလသာမိ(ပျော်ဘွယ်)
ကျမ်းကိုး ... ကုမာရကဿပမာတုထေရီဝတ္ထု၊ ဓမ္မပဒ
No comments:
Post a Comment