“စာအုပ်စာပေ လူ့မိတ်ဆွေ”။ မြန်မာစကား အလွန်နားထောင်၍ ကောင်းပါ၏။ ဘဝတွင် ရရှိလာသည့် အသိအမြင်အတွေးအခေါ်များသည် စာအုပ်စာပေအပေါ်တွင် များစွာ မူတည်နေ၏။ ဘဝအတွေ့အကြုံများမှ ရရှိလာသော အသိအမြင်၊ အတွေ့အကြုံ၊ သင်္ခန်းစာတို့လည်း တန်ဖိုးရှိပါ၏။ သို့ရာတွင် လူတစ်ဦးတစ်ယောက်သည် အတွေ့အကြုံများစွာကို တစ်ပြိုင်တည်း မရနိုင်ပါ။ အကန့်အသတ်များက မြောက်မြားစွာ ရှိနေသည်။
ရဟန်းတစ်ပါးသည် ရဟန်းနှင့်သက်ဆိုင်သော အတွေ့အကြုံများကိုသာ များသောအားဖြင့် ရနိုင်၏။ လူတစ်ဦးတစ်ယောက်သည် လူလောကနှင့်သက်ဆိုင်သမျှကိုသာ ကိုယ်တွေ့ကြုံနိုင်၏။ ကျောင်းဆရာတစ်ယောက်သည် ကျောင်းဆရာအတွေ့အကြုံ၊ မိဘဖြစ်ဖူးသူသာ မိဘ၏ အတွေ့အကြုံ၊ ယောကျ်ားတစ်ယောက်သည် ယောက်ျားတစ်ယောက်၏အတွေ့အကြုံကိုသာ တွေ့ကြုံနိုင်ပြီး မိန်းမတို့၏ ခံစားချက်နှင့်ဘဝအတွေ့အကြုံများကို မည်သို့မျှ ကိုယ်တွေ့မကြုံနိုင်ပါ။ ကိုယ်တွေ့မကြုံနိုင်သဖြင့် သူတစ်ပါးတို့ တွေ့ကြုံထားသောအဖြစ်အပျက်များ၊ ခံစားချက်များကို တစ်ဆင့်စကားဖြင့်သာ နားလည်ရ၏။ တွေ့ကြုံကြရ၏။
စာပေကပေးသောအတွေ့အကြုံကား အကန့်အသတ်မဲ့၏။ ကာလမဲ့၏။ စာပေထဲတွင် နယ်ပယ်ပေါင်းစုံက သက်ရှိများ၊ သက်မဲ့များ၏ ဖြစ်တည်မှု၊ ခံစားမှု၊ အတွေးအကြံ၊ အတွေ့အကြုံများကို ရှာဖွေနိုင်၏။ မိမိကိုယ်တိုင် တွေ့ကြုံရခြင်း မဟုတ်သော်လည်း တကယ့်လက်တွေ့ဘဝတွင် ဖြစ်ပျက်တတ်သော အဖြစ်သနစ်များကို တွေ့ကြုံခံစားနိုင်၏။ ထိုမှတစ်ဆင့် ဘဝအသိအမြင်အဆင့်သို့ ပြောင်းလဲနိုင်၏။
“စာပေမြင့်မှ လူမျိုးတင့်မည်”ဟူသော မြန်မာစကားမှာလည်း အလွန်မှတ်သားဖွယ်ကောင်း၏။ ထိုစကားအတိုင်းပင် ရှေးမြန်မာတို့လက်ထက်တွင် မြန်မာ့စာပေသည် အဆင့်အတန်း အလွန်မြင့်မား၏။ စာပေအဆင့်အတန်းမြင့်သဖြင့် ယဉ်ကျေးမှုလည်း မြင့်ခဲ့၏။ တိုင်းပြည်က အသူရာချောက်ကမ်းပါးထဲ ပြုတ်ကျခဲ့သဖြင့်သာ ဂုဏ်ယူဖွယ်ရာကောင်းသော မြန်မာ့သမိုင်းအစဉ်အလာများလည်း အထင်သေးအမြင်သေးအဆင့်သို့ လျှောကျသွားခဲ့ရသည်။ ကမ္ဘာမှာ လူမသိသူမသိအနေအထား ဖြစ်သွားခဲ့သည်။
စာပေမြင့်ဖို့ ဘာလုပ်ရမည်နည်း။ စာဖတ်ရပါမည်။ စာဖတ်ဖို့အတွက် နည်းမျိုးစုံသုံးရပါမည်။ စာပေအဆင့်အတန်းမြင့်စေဖို့ စာပေအဝန်းအဝိုင်းများကို ပြုစုပျိုးထောင်ရမည်။ တစ်ပိုင်တစ်နိုင်အားဖြင့်ဖြစ်စေ၊ အသင်းအဖွဲ့အလိုက်ဖြစ်စေ စာပေအဝန်းအဝိုင်းလေးများ ဖြစ်ဖို့ လိုသည်။ ဒါတောင် မပြည့်စုံပါ။ တကယ်တော့ အမျိုးသားရေးဦးတည်ချက်အနေဖြင့် စာပေမြင့်အောင် ကြိုးပမ်းရမည်။ တာဝန်ရှိအစိုးရက ပညာပါပါ၊ အမြော်အမြင်ရှိရှိဖြင့် တာဝန်ယူကြိုးစားမှ တိုးတက်နိုင်မည်။
မျိုးဆက်သစ်လူငယ်များ ငယ်စဉ်ကလေးဘဝမှ စတင်ပြီး စာဖတ်သည့်အလေ့အကျင့်ရအောင် ပြုစုပျိုးထောင်ပေးရမည်။ နိုင်ငံတကာစာကြည့်တိုက်စနစ်ကို ပညာရေးတွင် ထည့်သွင်းပြီး သင်ကြားစေသင့်သည်။ ထိုပညာရေးမှတစ်ဆင့် စာကြည့်တိုက်များ၏ အရေးပါမှုကို သိလာမည်။ စာကြည့်တိုက်ကို လူငယ်များအမြင်တွင် လာချင်စဖွယ်ဖြစ်အောင်၊ စိတ်အေးချမ်းသာစွာ စာဖတ်နိုင်အောင်၊ ဖတ်သည့်အခါမှာလည်း စနစ်ကျအောင် လုပ်ကိုင်တတ်သောပညာရှင်များ ပေါ်လာမည်။
စာရေးဆရာကြီးများ၏ စာပေဟောပြောပွဲများတွင်လည်း ပရိသတ်လက်ခုပ်သံများစွာ ရနိုင်သော အစိုးရမကောင်းကြောင်း (အစိုးရကောင်းခြင်း၊မကောင်းခြင်းကို ဆိုလိုခြင်း မဟုတ်ပါ) စကားလုံးများကိုသာ အဓိက ကြားရတတ်၏။ စာကြည့်တိုက်များ၏အရေးပါမှု၊ စာဖတ်ခြင်း၏အကျိုးကျေးဇူး၊ စာကြည့်တိုက်လုပ်ထုံးလုပ်နည်းများ၊ စာကြည့်တိုက်ကို ဆွဲဆောင်မှုရှိအောင် လုပ်သည့်နည်းများ၊ စနစ်ကျအောင်နှင့် ရေရှည်တည်တံ့အောင်လုပ်ရမည့်နည်းများကို ဟောပြောမှုများက မကြားရသလောက်ပင် ဖြစ်၏။
မြန်မာနိုင်ငံတွင် တစ်ပိုင်တစ်နိုင် စာကြည့်တိုက်များကတော့ အလျှိုအလျှို ပေါ်ထွက်နေသည်ကိုတော့ တွေ့မြင်နေရ၏။ ဝမ်းမြောက်ဖွယ် ကောင်းပါ၏။ အကျိုးရှိတန်သလောက်ရှိသော်လည်း ထိထိရောက်ရောက်၊ အောင်အောင်မြင်မြင် အကျိုးဖြစ်ထွန်းမှုကား နည်းပါးလှသည်။ စာကြည့်တိုက်ဦးဆောင်သူများ၏ စေတနာနှင့် အနစ်နာခံမှုကြောင့် ဖြစ်ပေါ်လာသည်က များသည်။ ရေရှည်တည်တံ့ရေးနှင့် စာဖတ်သူများကို ဆွဲဆောင်နိုင်အားကတော့ အများအားဖြင့် နည်းပါးလှပေသည်။ စာကြည့်တိုက်ဖွင့်ခြင်းနှင့် စာဖတ်ခြင်းကို နည်းမျိုးစုံဖြင့် တားဆီးပိတ်ပင်ခံခဲ့ရခြင်း၏ ဆိုးကျိုးများဟုလည်း ဆိုနိုင်သည်။ အမျိုးသားရေးအသိစိတ်ဓာတ်၊ အမျိုးသားရေးအမြင်၊ အမျိုးသားရေးဦးတည်ချက်အနေဖြင့် အစိုးရက အားကြိုးမာန်တက် ဦးဆောင်ကြိုးပမ်းမှသာ အောင်မြင်ပေါက်ရောက်နိုင်ပါလိမ့်မည်။
ဥရောပရှိစာကြည့်တိုက်အတော်များများကို ရောက်ဖူးသည်။ ရောက်သည့်စာကြည့်တိုက်တိုင်းတွင် ထူးခြားပြီး အံ့သြမင်သက်ဖွယ်များစွာကို တွေ့မြင်သိရှိခံစားရမြဲဖြစ်သည်။ စာကြည့်တိုက်အတွင်း စာဖတ်၍အဆင်ပြေအောင် အပြင်အဆင်များများ ကောင်းမွန်သည်။ စာအုပ်များကိုလည်း သူ့အမျိုးအစားအလိုက် စနစ်ကျစွာ ထားရှိသည်။ စာအုပ်များသာမက ကွန်ပြူတာဖြင့် ဖတ်၍ရအောင်လည်း ကွန်ပြူတာများ ထားရှိပေးထားသည်။
ကလေးများစာကြည့်တိုက်အတွင်း ပျော်ရွှင်ဖွယ်ဖြစ်အောင် ကလေးကစားကွင်းလည်း ထားရှိပေးသည်။ ကလေးများ ဂိမ်းဆော့ရန်အတွက်လည်း ကွန်ပြူတာများ၊ တတ်ဘလက်လေးများ ထားရှိသည်။ ကလေးများအတွက် ရောင်စုံစာအုပ်များ၊ အရုပ်ဖြတ်ဆက်ပုံးများ၊ ဂိမ်းစီဒီများ၊ ကစားနည်းအမျိုးမျိုး၊ ရုပ်ပုံအမျိုးမျိုးကို စနစ်တကျ စီစဉ်ထားပေးသည်။ ဝန်ထမ်းမလိုဘဲ စက်ဖြင့်လည်း စာအုပ်ငှါးနိုင်သည်။ စာအုပ်တွင် ပါဝင်သော ဘားကုဒ်လိုအရာကို စက်အတွင်းမှ ရောင်ခြည်အောက်တွင် ထားပေးလိုက်ရုံသာဖြစ်သည်။ ပြန်ပို့သည့်အခါတွင်လည်း စက်အတွင်း ထည့်လိုက်ရုံသာဖြစ်သည်။ စာကြည့်တိုက်ကို ၂၄ နာရီ ဝင်ကြည့်နိုင်အောင်လည်း စီစဉ်ပေးထားတတ်သည်။ စာကြည့်တိုက်အတွင်း မီးများကိုတော့ လူလာလျှင် မီးပွင့်ပြီး လူက ငြိမ်သွားလျှင် မီးပြန်မှိတ်သွားသောစနစ်ကို အသုံးပြုထားတတ်ကြသည်။ ထိုကဲ့သို့ ငယ်စဉ်ကတည်းက စာဖတ်ကျင့်ရအောင် ပြုစုပျိုးထောင်ခဲ့ကြသဖြင့် ရောက်လေရာရာ ရထားပေါ်၊ ကားပေါ်၊ ပန်းခြံစသည်တို့တွင် စာဖတ်နေကြခြင်း ဖြစ်သည်ဟု ယူဆမိသည်။ သူတို့ဆီတွင် စာအုပ်စာပေ၏တန်ဖိုးကို အလေးထားတတ်ခြင်း၊ စာရေးဆရာများကို အထင်ကြီးလေးစားခြင်း စသည်တို့မှာလည်း စာဖတ်ခြင်း၏ အကျိုးကျေးဇူးများပင် ဖြစ်ပေလိမ့်မည်။
စာရေးသူတို့ မြန်မာနိုင်ငံတွင် ထိုကဲ့သို့ ခေတ်မီအောင် မပြုလုပ်နိုင်ကြသေးလျှင်သော်မှ စာရေးဆရာများနှင့်အသိပညာရှင်၊ အတတ်ပညာရှင်များက စာကြည့်တိုက်များ၏ အရေးပါမှုကို သိမြင်သဘောပေါက်အောင် အသိအမြင်ပေးခြင်းများ ပြုလုပ်သင့်ကြပါသည်။ လူမျိုးတင့်ဖို့ စာဖတ်ကြရပါမည်။ စာဖတ်ဖို့ စာကြည့်တိုက်များ ရှိရပါမည်။ စာကြည့်တိုက်များရှိဖို့ စာကြည့်တိုက်များ၏ အရေးပါမှုကို သိမြင်သဘောပေါက်သောခေါင်းဆောင်များ လိုပါသည်။
ယနေ့မြန်မာနိုင်ငံတွင် မြန်မာလူမျိုးများ ဖတ်သော စာပေများကိုကြည့်လျှင် ချစ်ကွဲညားဝတ္ထုများ၊ ဟာသစာအုပ်များနှင့် ဘာသာရေးစာအုပ်များကသာ နေရာယူထားသည်။ ချစ်ကွဲညားဝတ္ထုများ၊ ဟာသစာအုပ်များ ဖတ်ခြင်းဖြင့် အကျိုးမရှိဟု မဆိုနိုင်သော်လည်း အသိအမြင်၊ အတွေးအခေါ်၊ အထွေထွေဗဟုသုတအတွက် အကျိုးမများဟု ဆိုချင်သည်။ ဘာသာရေးစာအုပ်များကတော့ စိတ်ချမ်းသာဖို့၊ စိတ်အေးချမ်းဖို့ကလွဲပြီး အကျိုးမများပါ။ အဆိုပါစာပေအမျိုးအစားများသည် ကမ္ဘာကြည့် ကြည့်မြင်ဖို့အတွက် အထောက်အကူ မရှိသလောက် နည်းပါသည်။ စာကြီးပေကြီးများ ဖတ်ဖို့ လိုပါသည်။ ဂန္ထဝင်စာပေများ လေ့လာဖို့ လိုပါသည်။ မိမိတို့နိုင်ငံသမိုင်း၊ ကမ္ဘာ့သမိုင်းများကို ဖတ်ဖို့ လိုပါသည်။
စာမဖတ်လျှင် ဗဟုသုတမရှိနိုင်။ စာမဖတ်သော၊ ဗဟုသုတမရှိသောပြည်သူများသည် စိတ်ထားဆိုးညစ်သောအုပ်ချုပ်သူများ၏ အလိမ်အညာအလှည့်အဖျားကို ခံရနိုင်သည်။ ဘာသာရေးဖြင့် လှည့်စားနိုင်သည်။ နိုင်ငံရေးဖြင့် လှည့်စားနိုင်သည်။ လူမျိုးရေးဖြင့် လှည့်စားနိုင်သည်။ စာဖတ်သော၊ ဗဟုသုတရှိသောပြည်သူများဖြစ်လျှင် အလိမ်အညာအလှည့်အဖျားများကို နားလည်သဘောပေါက်နိုင်သည်။ သို့ဖြစ်၍ စာကြည့်တိုက်များနှင့်စာဖတ်ခြင်းသည် နိုင်ငံတစ်နိုင်ငံ၏အနာဂတ်ကို ပညာရှိနည်းဖြင့် ပုံဖော်နေခြင်းဟုဆိုချင်ပါသည်။ စာဖတ်သူများကသာ နိုင်ငံ၏အနာဂတ်ကို မှန်မှန်ကန်ကန် ရွေးချယ်နိုင်ပြီး စာမဖတ်၊ ဗဟုသုတမရှိသောသူများကတော့ အလိမ်အညာ လှည့်ကွက်များအောက်ဝယ် စမ်းတဝါးဝါးသာ ဖြစ်နေပေလိမ့်မည်။
ဒိန်းမတ်နိုင်ငံ၊ ရွာတစ်ရွာက စာကြည့်တိုက်ကို ရောက်ရှိစဉ်က တွေးမိခံစားမိသော အတွေ့အကြုံလေးများကို ဆောင်းပါးအသွင် ချရေးမိခြင်း ဖြစ်ပါသည်။ “နေပျော်သောဝန်းကျင်၊ နေပျော်သောဘဝတွေ တည်ဆောက်ဖို့ စာတွေ ဖတ်ကြစို့”ဟု တိုက်တွန်းချင်ပါသည်။
အရှင်ကုသလသာမိ