အနောက်တိုင်း ဗုဒ္ဓဘာသာနှင့် ပတ်သက်၍ စာအုပ်ထဲနှင့်လူပြောသူပြောအဆင့်သာ သိရသည်။ အခု ကိုယ်တိုင် အနောက်တိုင်းရောက်ပြီး သူတို့၏ ယဉ်ကျေးမှု၊ အတွေးအခေါ်၊ ဘာသာကိုးကွယ်မှုဆိုင်ရာ အပြောင်းအလဲများကို စတင်သိခွင့်ရသည်။ အနောက်တိုင်းတွင် သူတို့၏ မူလဘာသာတရားကိုးကွယ်မှုနှင့်ပတ်သက်၍ အားရကျေနပ်မှု မရှိကြတော့သည်ကို တွေ့ရသည်။
လက်တွေ့နှင့်အလှမ်းကွာဝေးလှသော ယုံကြည်ခြင်းသက်သက်နှင့်သာ တည်ဆောက်ရသော ဘာသာတရားအခြေခံမူများကို မေးခွန်းထုတ်လာကြသည်။ ထိုကဲ့သို့ မေးခွန်းထုတ်သောအခါ သူတို့ လိုချင်သောအဖြေကို သူတို့ဘိုးဘွားများ ကိုးကွယ်သော ဘာသာတရားက မပေးနိုင် ဖြစ်လာသည်။ ထိုအခါ သူတို့သည် လက်ရှိဘာသာတရားကို တန်ဖိုးမထားသော လူနေမှုစနစ်တစ်ခုကို ဖန်တီးပစ်ကြသည်။ သို့မဟုတ် ကိုးကွယ်မှုအသစ်ကို သူတို့ ငံ့လင့်လာကြသည်။
ဧပြီလ ၁၆ ရက်နေ့ ညနေတွင် ဟန်ဂေရီနိုင်ငံ Dhamma Gate Buddhist Collage နှင့် European Buddhist Training Centre မှ ကိုယ်စားလှယ်များ ရောက်လာသည်။ ဟန်ဂေရီနိုင်ငံ ဗုဒ္ဓဘာသာအခြေအနေများ၊ ဥရောပဗုဒ္ဓဘာသာအခြေအနေများကို လေ့လာမေးမြန်းခွင့်ရသည်။ သူတို့အုပ်စုတွင် ဗုဒ္ဓဘာသာ ၃ဝဝဝ ကျော် ရှိသည်။ ယခုအခါ ပိုမိုတိုးပွားလာသည်ဟု ဆိုသည်။ သို့ရာတွင် သူတို့ကို စနစ်တကျ ဦးဆောင်နိုင်မည့်သူ မရှိဖြစ်နေသည်။ အင်္ဂလန်နိုင်ငံသားဘုန်းကြီးတစ်ပါးက လာရောက်ပြီး နွေရာသီဓမ္မသင်တန်း ပို့ချပေးမည်ဟု ဆိုသည်။
Dhamma Gate Buddhist Collage သည် ထိုင်းနိုင်ငံ၊ မဟာချူလာလောင်ကွန်တက္ကသိုလ်နှင့် ချိတ်ဆက်ထားသော ကောလိပ်တစ်ခုဖြစ်သည်။ ၁၉၉၁ ခုနှစ်ကတည်းက စတင်လုပ်ဆောင်ခဲ့ကြသော်လည်း ၁၉၉၉ ခုနှစ်အချိန်မှ ဟန်ဂေရီအစိုးရ အသိအမှတ်ပြုကောလိပ်တစ်ခု ဖြစ်လာသလို မဟာချူဟာလောင်ကွန်တက္ကသိုလ်နှင့်လည်း ချိတ်ဆက်လာနိုင်ခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံမှ ဆရာတော်ဒေါက်တာဓမ္မသာမိသည်လည်း တစ်နှစ်တစ်ကြိမ်ခန့် ကြွရောက်ပြီး တရားဟောလေ့ရှိသည်ဟု ဆိုသည်။
ယခုနှစ်တွင် M.A တန်း စတင်ဖွင့်လှစ်တော့မည် ဖြစ်သည်။ ကျောင်းစရိတ်မှာ အလွန်ဈေးကြီးလှသည်။ M.A အပြီးအထိ ဒေါ်လာ ၁၅ဝဝဝ ခန့် ဖြစ်နေသည်။ ကျောင်းစရိတ်လျှော့ချနိုင်မှသာ ဗုဒ္ဓဘာသာစိတ်ဝင်စားသူများအတွက် အကျိုးရှိနိုင်ကြောင်း၊ စပွန်ဆာရဖို့ ကြိုးစားစေလိုကြောင်း အကြံပေးလိုက်သည်။
သူတို့အဆိုအရ ဟန်ဂေရီနိုင်ငံရှိ လူငယ်များသည် ဗုဒ္ဓဘာသာအပေါ် အလွန်တရာ စိတ်ဝင်စားလာနေကြသည်ဟု ဆိုသည်။ စာရေးသူကိုလည်း အတင်းဖိတ်သည်။ သူတို့ဆီမှာ ကျောင်းဆောက်ပေးမယ်ဟုပင် ဆိုသည်။ စာရေးသူကလည်း ငါ ဒီမှာ အနည်းဆုံး တစ်နှစ်နေဖို့ ကတိပေးထားတယ်။ ဂျာမန်စကားလည်း တတ်အောင် သင်ချင်သေးတယ်။ နောက်နှစ်မှ လာနေဖြစ်ချင် နေဖြစ်မှာပေါ့ဟု ပြောလိုက်သည်။
သူတို့နှင့် ဆွေးနွေးသဖြင့် အကျိုးတစ်ခု ရလိုက်သည်မှာ စာရေးသူတို့ မြန်မာရဟန်းများသည် အင်္ဂလိပ်စကား အတော်အတန် ပြောတတ်သော်လည်း မိမိတို့ကိုယ်ကို အဆင့်မြင့်မြင့် မပြောတတ်ဟုဆိုပြီး အင်္ဂလိပ်ပြောခြင်းကို လက်ရှောင်နေတတ်ကြသည်။ ယခု ဟန်ဂေရီနိုင်ငံမှ ကိုယ်စားလှယ်များသည် အင်္ဂလိပ်စကားကို အဆင့်မြင့်မြင့် မပြောတတ်ကြပါ။ သာမန်အလုပ်ဖြစ်ရုံလောက်သာ ပြောတတ်ကြသည်။ သို့သော် မိမိရည်ရွယ်ရင်းကို ရောက်အောင် ပြောတတ်သဖြင့် အဆင်ပြေပါသည်။
စာရေးသူဆိုလျှင် ဦးဇင်း အင်္ဂလိပ်လို ကျွမ်းမှာပေါ့ဟု မေးလာသူတိုင်းကို အမြဲတမ်း ပြောတတ်သည်။ အလုပ်ဖြစ်ရုံပါပဲဟု။ မိမိကိုယ်ကို အလုပ်ဖြစ်ရုံလောက်ဟု အောက်မေ့မိသော်လည်း ဟန်ဂေရီနိုင်ငံသားများနှင့် တွေ့မှ မင်း အင်္ဂလိပ်စာအရမ်းကောင်းတာပဲဟု ဆိုကြသည်။ သို့အတွက်ကြောင့် မိမိတို့ မြန်မာရဟန်းများအနေဖြင့် ရဲရဲတင်းတင်း ပြောဆိုဖို့ လိုအပ်လှသည်။
အခမ်းအနားပြီးသောအခါ ပင့်ဖိတ်လွှာကို ပေးအပ်ပြီး ပျော်ရွှင်စွာ နှုတ်ဆက်ခဲ့ကြသည်။ အခန်းပြန်ရောက်သောအခါ ဟန်ဂေရီနိုင်ငံက ဗုဒ္ဓဘာသာဝင်များကို မြင်ယောင်မိသည်။ အလားတူ ဥရောပနေရာအနှံ့အပြားမှ ဗုဒ္ဓဘာသာစိတ်ဝင်စားသူများကိုလည်း မြင်ယောင်မိသည်။ အလွန်ကြီးမားကျယ်ပြန့်သော ဂျာမဏီနိုင်ငံမှာပင်လျှင် ဗုဒ္ဓဘာသာရဟန်းတော် ၈ ပါး(နိုင်ငံသား)နှင့် မြန်မာရဟန်း ၃ ပါးမျှသာ ရှိသည်ဟု သိရသည်။ ဂျာမန်ရဟန်းအချို့မှာလည်း တောထဲတွင် တရားအားထုတ်ပြီး ဘုရားခေတ်သံဃာများလို နေလိုကြသဖြင့် သာသနာပြန့်ပွားရေးအတွက် အနည်းငယ်မျှသော အထောက်အကူသာ ရသည်ဟု ဆိုသည်။
လိုအပ်နေသောနိုင်ငံများအတွက် သာသနာပြုပုဂ္ဂိုလ်ကောင်းဖြစ်အောင် ကိုယ်တိုင်ကြိုးစားဖို့ လိုအပ်သလို ဂုဏ်ပကာသနနှင့်ပစ္စည်းလာဘ်လာဘ မငဲ့ကွက်သောသာသနာပြုများ များစွာ ပေါ်ထွက်နိုင်ပါစေလို့ ဆုတောင်းမိခဲ့ပါသည်။ ဟန်ဂေရီနိုင်ငံမှ ကိုယ်စားလှယ်များသည် သူတို့နိုင်ငံတွင် ဗုဒ္ဓဘာသာပန်းများ ပွင့်လန်းစေလိုသူများ ဖြစ်သည်။ ထိုပန်းလေးများ ပွင့်လန်းစေဖို့ မြန်မာရဟန်းတော်များလည်း အလားတူ ဆန္ဒရှိနေလိမ့်မည်ဟု ထင်ပါသည်။
No comments:
Post a Comment