လောကတွင် ဘုရားပွင့်လာခြင်းသည် လောကကောင်းကျိုးအတွက် ပွင့်တော်မူလာခြင်း ဖြစ်သည်၊ ကောင်းကျိုးဆိုသည်မှ လူ့လောကတစ်ခုတည်းအတွက် မဟုတ်..စကြာဝဠာတစ်ခုလုံးကိုဆောင်သော ကောင်းကျိုးအတွက် ဖြစ်သည်၊ နေရာတစ်ခုတည်းအတွက်မဟုတ်သလို နိုင်ငံတစ်ခုတည်းအတွက်လည်း မဟုတ်…။ ထို့ကြောင့် နိုင်ငံတစ်ခုအတွက် ဘုရားစကားကို အကိုးအကားပြု၍ ကောင်းအောင် ဆောင်ရွက်နေခြင်းသည်ပင် ဘုရား၏ရည်ရွယ်ချက်နှင့် နှိုင်းစာပါက အလွန်ပင်သေးငယ်၍ စာမဖွဲ့လောက်ချေ..
ကျွန်ုပ်တို့နိုင်ငံသည် ဗုဒ်ဓဘာသာနိုင်ငံတစ်နိုင်ငံဖြစ်သည်၊ တစ်ဆက်တည်းတွင်လည်း ဗုဒ်ဓအဆုံးအမ ပျောက်ဆုံးနေသောနိုင်ငံလည်း ဖြစ်နေပြန်သည်၊ ဗုဒ်ဓက အရာရာတွင် ကောင်းကျိုးနှင့်ယှဉ်သော မေတ္တာတရား၊ ကရုဏာတရား၊ ကိုယ်ချင်းစာတရား ထားကြဖို့ဆုံးမထားသော်ငြား ထိုစရိုက်လက္ခဏာများသည် လက်တွေ့ဘ၀တွင် မရှိ…ထို့ကြောင့်ပင်လျှင် တောင်မြို့ဆရာတော်ဘုရားကြီးက ဗုဒ်ဓဘာသာကြောင့် မြန်မာလူမျိုးများ အောက်ကျနောက်ကျဖြစ်နေရတာ မဟုတ်ဘဲ မြန်မာလူမျိုးကြောင့်သာ ဗုဒ်ဓဘာသာ အောက်ကျ နောက်ကျဖြစ်ရကြောင်း ပွင့်လင်းစွာပင် မိန့်မှာထားခဲ့သည်၊ ဆိုရလျှင် ဗုဒ်ဓဘာသာတည်းဟူသော ရွှေတုံးရွှေခဲကြီးသည် မြန်မာနိုင်ငံတည်းဟူသော ချီးတွင်းထဲသို့ ကျရောက်နေ၍ မစင်အလူးခံနေရ သည့်သဘော...ထို့ပြင် အနော်ရထာဘုရင်က သထုံမနုဟာမင်းထံ သံတမန်များ စေလွှတ်၍ ပိဋကတ်တော်များ အပင့်ခိုင်းလိုက်သောအခါ မနုဟာမင်းက ``မင်းတို့လူရိုင်းတွေနဲ့ ပိဋကတ်တူသလား..တန်သလား``ဆိုပြီး တမန်များကို နှင်လွှတ်သည်ဟုလည်း မှတ်သားရဖူးသည်၊ မနုဟာမင်း အမှန်တကယ်ပြောမပြောဆိုသည်ကို မသိနိုင်သော်ငြား မြန်မာလူမျိုးတို့၏ စိတ်ဓာတ်တို့သည်ကား အမှန်ပင် လူရိုင်းအဆင့်ထက် မပိုလာသေး..
မြန်မာနိုင်ငံတွင် ရဟန်းတော်များ နိုင်ငံရေးလုပ်ခွင့်မရှိဟု ဆိုသည်၊ အတော်ပင် စဉ်းစားစရာကောင်းသော တားမြစ်ချက် ဖြစ်သည်၊ စဉ်းစားစရာကောင်းသည်ဆိုသည်မှာလည်း ရဟန်းတော်ဖြစ်နေသောကြောင့်ဟု ဆိုချင်သည်၊ နိုင်ငံရေးမလုပ်ရဟုဆိုလျှင် နိုင်ငံရေးဆိုသည်ကို မည်သို့ဆွဲထုတ်၍ မည်ကဲ့သို့ လက်ဆုတ်လက် ကိုင်ပြမည်နည်း…နိုင်ငံတစ်နိုင်ငံ၏ အရေးကိစ္စမှန်သမျှ နိုင်ငံရေးဟူသောခေါင်းစဉ်အောက်မှ လွှတ်ကင်း နိုင်သည်ဟူ၍ရှိနိုင်မည်လော့…ဆိုရလျှင် ဘာသာရေးသည်လည်း နိုင်ငံတစ်နိုင်ငံ၏ အရေးကိစ္စတစ်ခုပင် ဖြစ်သည်၊ ထို့ပြင် ဘာသာရေးသည် နိုင်ငံတစ်နိုင်ငံ၏ အရေးအကြီးဆုံးသော နိုင်ငံရေးတစ်ခုလည်း ဖြစ်သည်၊ အဘယ့်ကြောင့်ဆိုသော် လူတိုင်းအထွတ်အမြတ်ထားရသောကြောင့် ဖြစ်ပါသည်၊
နိုင်ငံရေးမကောင်းလျှင် ဘာသာရေးသည်လည်း တည်တံ့၍ မနေနိုင်ပုံကို သာသနာ့သမိုင်းအစဉ်အဆက်က သက်သေပြခဲ့ပြီး ဖြစ်သည်၊ နိုင်ငံတစ်နိုင်ငံကောင်းစားရန်အတွက် ထိုနိုင်ငံ၏ခေါင်းဆောင် (သို့မဟုတ်) အာဏာပိုင်အဖွဲ့အစည်း ကောင်းဖို့လိုအပ်သည်၊ ထို့ကြောင့်ပင် ဗုဒ်ဓဘာသာနှိုက် မင်းကျင့်တရားဆယ်ပါးဆို သည်ကို ထင်ထင်ရှားရှား ဖော်ပြထားပြီး ဖြစ်သည်၊ ထို့ပြင် ဇာတ်တော်များတွင်လည်း နိုင်ငံကို အုပ်ချုပ်သော မင်းများ အသုံးမကျ၍ နိုင်ငံပျက်စီးရပုံများ…မင်းကောင်းများ အုပ်ချုပ်သော တိုင်းပြည်တွင် စည်ပင်ဝပြော၍ ပြည်သူအများ စိတ်ချမ်းသာရပုံများမှစ၍ ဝေသာလီပြည် လိစ္ဆ၀ီမင်းများကို အဇာတသတတ်မင်း မအောင်နိုင်ခြင်းအဆုံးအထိ ဘုရားရှင်ကိုယ်တော်တိုင် ဟောထားချက်များ အထင်အရှား ပင် ရှိနေပါသည်၊ ထိုအကြောင်းအရာများကို အခြေခံ၍ ဗုဒ်ဓဘာသာရဟန်းတော်များက နိုင်ငံ့ခေါင်းဆောင်များနှင့် ပြည်သူပြည်သား အပေါင်းကို ဟောပြောလမ်းညွှန်ပေးခြင်း၊ လမ်းမှားနေသည်များကို ဝေဘန်ထောက်ပြ၍ တည့်မတ်ပေးခြင်းများသည် နိုင်ငံရေးဖြစ်သည်ဆိုလျှင်ပင် မည်ကဲ့သို့သော အကြောင်းကြောင့် လက်မခံနိုင်ရသနည်း… ထိုကဲ့သို့ဟောပြောသော ရဟန်းတော်သည်လည်း မြတ်စွာဘုရား၏ မည်သည့် ဥပဒေကို ချိုးဖောက်မိပါသနည်း..ထိုကဲ့သို့ နိုင်ငံတစ်နိုင်ငံ၏ အကိုးကွယ်ခံ ဘာသာရေးခေါင်း ဆောင်များက နိုင်ငံ့ခေါင်းခေါင်းဆောင်များ၊ ပြည်သူပြည်သားများကို ဘာသာရေးနည်းလမ်းများနှင့်အညီ ဟောပြော ညွှန်ပြခြင်းမျိုးကိုသော်မှ လက်မခံနိုင်လျှင် ထိုနိုင်ငံအတွက် ဘာသာရေးဆိုသည်မှာလည်း လိုအပ်တော့မည် မဟုတ်ချေ…ထို့ကြောင့် အသေအချာ စဉ်းစားကြစေလိုပါသည်၊
ထို့ပြင် ဗုဒ်ဓဘာသာဆိုသည်က ပရဟိတဘာသာတစ်ခုလည်း ဖြစ်သည်၊ စွန့်လွှတ်မှု..အနစ်နာခံမှုများကို ဇောင်း ပေးသည်၊ နိုင်ငံရေးဆိုသည်ကလည်း စင်စစ်အားဖြင့် သူတစ်ပါးအကျိးအတွက် ကိုယ့်ကိုအနစ်နာခံ၍ ဆောင်ရွက်ရခြင်းပင် ဖြစ်သည်၊ တကယ်အနစ်နာမခံနိုင်လျှင် တကယ့်နိုင်ငံရေးကိုလုပ်၍မရ.. စိတ်ထားအ လွန်မွန်မြတ်သော သူများသည်သာလျှင် ကိုယ်ကျိုးမဖက်သောနိုင်ငံရေးစစ်စစ်ကို လုပ်နိုင်စွမ်းရှိသည်၊ ရဟန်းတော်များအဖို့ နိုင်ငံကောင်းစားဖို့ရန် လုပ်ဆောင်ရာတွင် လူသားနိုင်ငံရေးသမားများ ကဲ့သို့ ၀န်ကြီးချုပ်ရာထူး၊ သမ္မတရာထူးမျိုးကို မျှော်ကိုး၍လည်းမရ..လစာရိက္ခာလည်း မျှော်လင့်၍မရ.. မျှော်လင့်၍လည်း မည်သူမျှ မလုပ်.. နိုင်ငံတစ်နိုင်ငံ၏ ဘာသာရေးခေါင်းဆောင်များအနေဖြင့်သာ နိုင်ငံ၏အကျိုးကို တတ်စွမ်းသည့်ဘက်က သည်ပိုးခြင်းသာဖြစ်သည်ဟု အခိုင်အမာဆိုနိုင်ပါသည်၊ ထို့ကြောင့် တိုင်းပြည်ကောင်းစားရန် စေတနာ၊ကရုဏာရှေ့ထား၍ လုပ်ဆောင်ခြင်းသည် ဗုဒ်ဓ၏ လမ်းစဉ်မှ သွေဖည်သည်ဟူ၍ အမြင်ကျဉ်းမြောင်းပြီး အစွန်းမရောက်သင့်ပေ..
ယနေ့သတင်းများတွင် ရွှေည၀ါဆရာတော်ကို လူဝတ်လဲရန်အတွက် သံဃာ့နာယကဆရာတော်များနှင့် အာဏာပိုင်များက စီစဉ်နေသည်ဟု ကြားသိရ၍ အလွန်ပင် စိတ်မကောင်းဖြစ်မိရပါသည်၊ ယခုလိုမျိုး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တဖြည်းဖြည်းချင်း ပြောင်းလဲနေသည့်ဒီမိုကရေစီနိုင်ငံသစ်အတွက် ပြည်သူပြည် သားအားလုံးက မင်္ဂလာယူနေသည့်အချိန်တွင် ဤသတင်းသည် နတ်သုဒ်ဓာထဲ မစင်တစ်စက်ကျ သကဲ့သို့ပင် စက်ဆုပ်စရာလည်းကောင်းလှသည်။ ဤကဲ့သို့သော လုပ်ရပ်များက ပြည်သူများ၏ အတွေးကို နောက်ပြန်ရောက်သွားစေနိုင်သည့် အန္တရာယ်ရှိသည့် လုပ်ရပ်ဟုလည်း ဆိုနိုင်ပါသည်၊ ဒီမိုကရေစီအစိုးရ ခေတ်တွင် ယခုကဲ့သို့သော လုပ်ရပ်မျိုး ထွက်ပေါ်လာမည်ဟု မည်သူမျှ မျှော်လင့်မထားကြ.. ဤကဲ့သို့သော လုပ်ရပ်များသည် အတိတ်တွင် ကျန်ခဲ့ပြီဟု မရဲတရဲတွေးနေရသေးသည့်အချိန်မျိုးတွင် ခေတ်နောက်ပြန် ဆွဲသည့် လုပ်ရပ်များသည် ဖြစ်လည်းမဖြစ်သင့်တော့ပါ…ထို့ပြင် ယခင်အစိုးရ၏လုပ်ရပ်များအတွက် ပြည်သူလူထု၏ ယုံကြည်မှုကို ခက်ခက်ခဲခဲ ရယူနေရသည့် အစိုးရသစ်အတွက်လည်း အခြေတည်ခါစဖြစ်သော ပြည်သူလူထု၏ ယုံကြည်မှုတို့သည် ရုတ်ခြည်းပျောက်ကွယ်သွားနိုင်ပါသည်၊ ထို့ကြောင့် ပြည်သူလူထု၏ စိတ်အားတက်ကြွမှုများကို ယခုလိုခေတ်ဟောင်းလုပ်ရပ်များဖြင့် မရိုက်ချိုးသင့်ပါ..။
သံဃာ့နာယကဆရာတော်များအနေဖြင့်လည်း ယခုလုပ်ရပ်ထက် အရေးကြီးသောအရာများ နိုင်ငံအတွင်းတွင် ဖြစ်ပွားနေသည်ကို သတိထားစေလိုပါသည်၊ သာသနာ့သမိုင်းတွင် တိုင်းပြည်အတွက် တရားဟော၍ သာသနာပျက်သွားသည်ဟု တပည့်တော်များ မကြားစဖူးပါ..၊ ယခုရွှေည၀ါဆရာတော်၏ တရားကြောင့်လည်း ပြည်သူအများ လမ်းမှားမရောက်နိုင်ပါ..၊ လမ်းမှန်ကိုသာ ညွှန်ပြခြင်းဖြစ်ပါသည်၊ သာသနာကိုလည်း အကြည်ညိုမပျက်နိုင်ပါ..၊ သို့သော် ဆရာတော်များ၏ လုပ်ရပ်ကြောင့်ကား ပြည်သူပြည်သားများကြားတွင် အကုသိုလ်ပွားနိုင်ပါသည်၊ ထို့ပြင် ဆရာတော်ဘုရားများအနေဖြင့်လည်း ကိုယ့်ကိုယ်ကို စွပ်စွဲခြင်းဘေး၊ သူတစ်ပါးတို့က ကိုယ့်ကို စွပ်စွဲလာမည့် ဘေးများကိုလည်း သတိချပ်စေလိုပါသည်၊ ဆရာတော်များအနေဖြင့် ယခုလုပ်ရပ်အတွက် မိမိကိုယ်မိမိ လိပ်ပြာသန့်သည်ဆိုလျှင်ပင် ပြည်သူအများက ဆရာတော်များ၏ လုပ်ရပ်အတွက် နှာခေါင်းရှုံ့နေကြပြီ ဆိုသည်ကို အင်တာနက်သုံးတတ်သော တပည့်တပန်းများကို ကွန်ပျူတာအဖွင့်ခိုင်း၍ ရှုစားစေလိုပါသည်၊ ဆရာတော်များသည် သံဃာကို ကိုယ်စားပြုသည်ဟုဆိုလျှင် သံဃာထု၏ အသံကိုလည်း နားထောင်သင့်ပါသည်၊ စက်တင်ဘာအရေးအခင်းက ကျဆင်းသွားသော သံဃာ့နာယက၏ ဂုဏ်သိက္ခာများကို ယခုလို ငါတကော ကောသည့်လုပ်ရပ်များဖြင့် ထပ်ဆင့်ကျဆင်းအောင် မလုပ်သင့်တော့ပါ…သံဃာကို ညှဉ်းဆဲခြင်းကို ဘုရားမကြိုက်မှန်း ဆရာတော်များလည်း အသိပင် ဖြစ်ပါသည်၊ ဆရာတော်များ၏ ယခုလုပ်ရပ်ကြောင့် သံဃာတော်များ အလွန်စိတ်ဆင်းရဲနေကြရပါသည်၊ မေတ္တာတရား ထားစေလိုပါသည်၊ တကြိမ်တစ်ခါ လောက်ပင်ဖြစ်ဖြစ် သံဃာဖက်က ရပ်တည်ပေးစေလိုပါသည်၊
အထူးအားဖြင့် ဥက္ကဋ္ဌဆရာတော်ကို အထူးပန်ကြားလိုပါသည်၊ ဆရာတော်၏ ပညာဂုဏ်၊ အာစာရဂုဏ်များကို သံဃာအများက လေးစားသမှုပြုကြပါသည်၊ အထူးအားဖြင့် ဆရာတော်၏ သမာသမတ်ကျမှုကို သံဃာများက အထူးမျှော်လင့်ထားကြပါသည်၊ ယခုကိစ္စသည် ဆရာတော်၏ ဂုဏ်သိက္ခာနှင့် တိုက်ရိုက်ဆက်စပ်နေသော ကိစ္စဟုလည်း ဆိုနိုင်ပါသည်၊ ထို့ကြောင့် ရဟန်းရှင်လူများအနေဖြင့်လည်း ဆရာတော်၏ နောက်ဆုံးရွေးခြယ်မှု ကို အထူးစောင့်ကြည့်လျှက်ရှိပါကြောင်း…..
ရွင္သံသုဒ္ဓိ
၁၂-၁၅-၂၀၁၁
No comments:
Post a Comment