ဒီနေ့အင်တာနက်ထိုင်တော့ သူငယ်ချင်းတစ်ယောက်က ``ကိုယ့်စာတွေ ဖတ်ဖြစ်လား`` ဟု မေးသည်၊ ``အခုမှ အင်တာနက်ရတာကိုယ့်လူရေ`` ဖြေလိုက်ရင်း သူငယ်ချင်း၏ ဆိုဒ်မှ လက်ရာများကို မြည်းစမ်းကြည့်မိသည်၊ အရင် သူနှင့်တွေ့တုန်းကတော့ သူရန်ကုန်သွားတောလားဆိုပြီး ရေးနေသည်ဟုတော့ ပြောဖူးသည်၊ ဒါပေမယ့် တစ်ခါမှ မဖတ်ဖြစ်၊ အလုပ်ရှုပ်လွန်းလို့တော့ မဟုတ်၊ ဖုန်းလိုင်းနှင့် အင်တာနက်သုံးရတာ အဆင်မပြေသောကြောင့် ဖြစ်သည်၊ ဒီနေ့တော့ ရန်ကုန်သွားတောလားများကို ဖတ်ရင်း ခေါင်းထဲသို့ တောလားကို ဖန်တီးသူ သူနှင့် တောလား၏ ခေါ်ဆောင်ရာကို မရည်ရွယ်ဘဲ လိုက်မိလျှက်သား ဖြစ်သွားခဲ့သည်၊
တကယ်တော့ သူသည် ယခင်(တက္ကသိုလ်)ကတည်းက လုပ်သည့်အတိုင်း ပြော၍ ပြောသည့်အတိုင်းလုပ်နိုင်ဖို့ ကြိုးစားနေသည့်သူဟု နားလည်ထားခဲ့သည်၊ ယခုသူသည် သူ၏စိတ်ကူးများကို လမ်းကြောင်းမှန်ပေါ်တွင် တည်တံ့ဖို့ ကြိုးစားနေဆဲ… လမ်းခရီးဆိုသည်က သွားနေလျှင် တစ်နေ့ရောက်သွားရမည်သာ ဖြစ်သည်၊ သူသည် သွားနေသောသူဖြစ်သည်၊ သွားနေသည်မှ ခပ်သုတ်သုတ်…တက္ကသိုလ်တက်တော့ သူနှင့်မိမိက ခုံချင်းကပ်လျက်...သူသည် တော်လှန်သောစိတ်ကူးဖြင့် အရာရာကို ရှုမြင်တတ်သူဖြစ်၍ သူ၏ အမူအရာများသည် အနည်းငယ်တော့ ဘုကလန့်ကျကောင်းကျနေနိုင်သော်ငြား သူသည် အတန်းထဲတွင် ဘက်စုံထူးချွန်သည့်သူဆိုသည်ကိုတော့ အားလုံးက လက်ခံထားကြရသည်၊ သူက ဘာသာစုံတွင် ထူးချွန်သူဖြစ်သည်၊ သူစိတ်ပါမည်ဆိုလျှင် နှစ်ဝက်စာမေးပွဲ၊ အတန်းတင်စာမေးပွဲများ၏ ပထမနေရာဆိုသည်က သူ့အတွက်သာ ဖြစ်သည်ဟုလည်း လက်ခံထားခဲ့သည်၊ နောက်ပိုင်းနှစ်များတွင် သူသည် စာကို စိတ်မ၀င်စားသလို လုပ်နေသည်ဟု သတင်းထွက်လာပြီး ထိုပုံစံကို မြင်ခဲ့ရသည့်တိုင် အောင်ဂေဇက်တွင် သူသည် အဆင့်သုံးနေရာကမကျ..ထို့ပြင် တက္ကသိုလ်ဆရာများ၏ အလေးပေးဆက်ဆံခြင်းကိုလည်း ခံရသူဟု နားလည်ထားသည်၊ သို့သော် သူကား ပုံမှန်အတိုင်းသာ.. နောက်ဆုံးနှစ်စာမေးပွဲပြီးသောအခါ ကျွန်တော်တို့ချင်း လူချင်းကွဲပြီး ခွဲခဲ့ကြရသည်၊ သူက မဟာတန်းတွင် ဆက်လက်ပညာသင်ကြားခွင့်ရပြီး ကျွန်ုပ်ကတော့ ချင်းပြည်နယ်တောင်တန်းဒေသတွင် တာဝန်ထမ်းဆောင်ရဖို့ ဖြစ်လာသည်၊ သူက တက္ကသိုလ်ပညာများကို ဆက်လက်ဆည်ပူးခွင့်ရခဲ့ပြီး ကျွန်ုပ်ကတော့ ဘ၀တက္ကသိုလ်တွင် ဒုက္ခသုက္ခများကို သင်ယူအုံးပေါ့… သို့သော် မဟာတန်းဆက်တက်ခွင့်ရခဲ့သည့်အတွက် သူ၏ မျက်နှာပေါ်တွင် ထူးထူးခြားခြား ဂုဏ်ယူသည့်အရိပ်အယောင် မတွေ့ရသလို တောင်တန်းသွားရမည့် ကျွန်ုပ်အဖို့လည်း ထူးထူးခြားခြား မခံစားရ.. တကယ်တော့ တက္ကသိုလ်မှာ ကျင့်သုံးနေသည့်စနစ်ကို ကျွန်ုပ် မနှစ်သက်သလို သူလည်း နှစ်သက်လိမ့်မည်ဟု မထင်မိခဲ့…
ကျွန်ုပ်အဖို့ တောင်တန်းတွင် တာဝန်ထမ်းဆောင်ခဲ့ရသော နှစ်နှစ်တာကာလအတွင်း မှတ်မှတ်ရရ ပြောပြစရာ သင်္ခန်းစာတစ်ခုတော့ ရလိုက်သည်၊ ``လူဆိုတာ မခံချင်စိတ်ရှိရုံနဲ့ အရာရာကို လုပ်လို့မရ အကျိုးဆက်တို့ကို ခံနိုင်ရည်ရှိဖို့လဲ လိုသေးသည်``ဟူသော သင်္ခန်းစာ။ အဲဒီသင်္ခန်းစာလေးတစ်ခုရဖို့ ကျွန်ုပ်ရင်းလိုက်ရသည်ကလည်း မနည်းမနော၊ တောင်တန်းတွင် နေရသည့်အတွေ့အကြုံများက ဆန်းကြယ်သည်၊ ကြမ်းတမ်းသည်၊ သို့သော် စိတ်ဝင်စားဖွယ်ကတော့ အတိဖြစ်သည်၊ ကျွန်ုပ်အဖို့တော့ စိတ်ဝင်စားသည့်အခါလည်းရှိသည်၊ တစ်ခါတစ်လေကျတော့လည်း အထာမကျမှုတွေရဲ့အလယ်မှာ ရှင်းမပြနိုင်သော စိတ်ဓာတ်ကျမှုများဖြင့် နှလှန်မထူနိုင်ခဲ့..ဒါပေမယ့် ဒါဟာဘ၀ပါပဲ၊ မိုးခါးရေတစ်ခုပဲ သောက်စရာရှိသည့်အချိန်မှာ မိုးခါးရေမကြိုက်ဟု ပြောနိုင်ခွင့်မရှိကြောင်း စတင်သဘောပေါက်လာခဲ့မိသည်၊ ၂-နှစ် ပြည့်ခါနီးလို့ တောင်တန်းတာဝန်များ ပြီးဆုံးခါနီးတွင် မြန်မာနိုင်ငံတစ်ဝန်း မုန်တိုင်းထန်နေသောနေ့များဟု ဆိုရပါမည်၊ အဲဒီမှာ သမိုင်းသစ်တွေ စတင်ခဲ့သည်၊ ဒါပေမယ့် ကောင်းတဲ့သမိုင်းကား မဟုတ်ခဲ့။ အဲဒီအချိန်က ရွှေဝါရောင်တော်လှန်ရေးဆိုသော သံဃာ့လှုပ်ရှားမှုကြီး ဖြစ်ပွားခဲ့သည်၊ စက်တာဘာအရေးအခင်းဟုလည်း လူသိများခဲ့သည်၊ သံဃာထု၏ အနစ်နာခံမှုများ ပြောင်မြောက်ခဲ့သလို တုန့်ပြန်မှုများကလည်း တစ်ကမ္ဘာလုံး တုန်လှုပ်သွားခဲ့ရသည်အထိ ပီပြင်လွန်းခဲ့သည်၊ ပေးချင်သူနှင့် ယူချင်သူများ အားပြိုင်ခဲ့သည့်ပွဲ..ကျွန်ုပ်အဖို့ ရေဒီယိုကိုသာ မပြတ်နားထောင်နေရသည်၊ သတင်းများက စိတ်ကောင်းနိုင်စရာတစ်ခုမှမရှိ၊ ယုံချင်စရာလည်း ခပ်ခက်ခက်၊ ဒါပေမယ့် ဒီသမိုင်းကတော့ တကယ်ဖြစ်သွားခဲ့သည်၊ အရေးအခင်း ဖြစ်နေသည့်အချိန် မြို့ထဲသို့ သူငယ်ချင်းများနှင့် လမ်းလျှောက်ထွက်ခိုက် အသိရဲတစ်ယောက်က ပြောသည်၊ ကိုယ်တော်တို့ မဆူကြဘူးလားတဲ့၊ တကယ်လို့ မဆူရင် သူတို့ဟားခါးကို လုံခြုံရေးသွားရမယ်တဲ့၊ သူ့စကားက ငိုအားထက် ရယ်အားသန်စေသည့်စကား၊ တကယ်လို့ ဒီမြို့မှာရှိတဲ့ သံဃာတွေ ဆန္ဒပြရင် သူလည်း ဟားခါးကို တကူးတက သွားစရာမလိုတော့ဘူးပေါ့၊ အဲလိုမဖြစ်ခဲ့ရင်တော့ သူတို့ဟားခါးကို သွားကြရမည်၊ သူ့စကားကြောင့် အားလုံးပြုံးမိကြသည်၊ ရဲစခန်းတစ်ခုလုံး သာသနာပြုဘုန်းကြီးများနှင့် မသိသူမရှိ၊ မယကအစ ဘဏ်မန်နေဂျာအဆုံး အားလုံးက တောင်တန်းသာသနာပြုဆရာတော်များနှင့် အကျွမ်းတ၀င်၊ အပြင်တွင် ဆူပူစရာနေရာမရှိ၊ ဒီတော့ မကျေနပ်ချက်တို့သည် စုပေါင်းနေရာအခန်းကျဉ်းလေးတွင်သာ ပဲ့တင်ထပ်ပေါက်ကွဲ..
တက္ကသိုလ်တွင်လည်း ပိုစတာတိုက်ပွဲဆိုပြီး ဖြစ်နေသည်ဟုလည်း သတင်းများတွင် ကြားနေခဲ့ရသည်၊ ပိုစတာတိုက်ပွဲ မြစ်ဖျားခံရာက ဆွမ်းစားကျောင်းကို မကျေနပ်မှုကြောင့် ဖြစ်သည်ဟုလည်း သိခဲ့ရသည်၊ ဒါပေမယ့် ဒီအကြောင်းတစ်ခုတည်းကြောင့်လည်း ဟုတ်ချင်မှဟုတ်မည်၊ တက္ကသိုလ်မှာ အချိုးမကျတာတွေကို တွေးကြည့်ရင် အချိုးကျတယ်ဆိုတာကိုမရှိ…ကျွန်ုပ်အနေဖြင့် စိန်ဘရားသားဆွမ်းစားကျောင်းတွင် လေးနှစ်လေးမိုး ဆွမ်းစားလာခဲ့ရသော အတွေ့အကြုံကြောင့် ထိုအဖြစ်အပျက်အပေါ် အပြည့်အ၀ ကိုယ်ချင်းစာပြီး နားလည်မှုတွင်လည်း ထိုသံဃာများနှင့် တစ်ထပ်တည်းကျခဲ့သည်၊ တက္ကသိုလ်၏ အဆိုးဝါးဆုံးသောနေရာများတွင် စိန်ဘရားသားဆွမ်းစားကျောင်းက နာမည်တစ်လုံးဖြင့်ကျော်နေခဲ့တာ အတော်ပင် ကြာခဲ့ပြီ၊ ယခုမှ ကိုယ်တော်တွေ၏ ခံစားချက်တွေက ပေါက်ကွဲထွက်လာခဲ့ကြသည်ဆိုသည့်သဘော၊ စိန်ဘရားသားတွင် ဆွမ်းစားရသည့်အချိန်များက အကုသိုလ်တစ်ဝက်၊ ငပိရည်တစ်ဝက်ဟု ဆိုနိုင်သည်၊ ဟင်းလိုက်သည့် ၀န်ထမ်းများကို ငပိရည်လောက်ပဲ အလိုက်ခိုင်းလို့ရပေသကိုး… မျက်စိထဲတွင် မြင်ယောင်နေမိပါသေးသည်၊ မနက်အရုဏ်ဆွမ်းတွင် ကပ်သည့်ဆွမ်းက မာတောင့်နေသော ထမင်းကြော်နှင့် လိုက်ဖက်ညီစွာ မာတောင့်နေသော ဘူးသီးကြော်နှင့် ကြက်သွန်ကြော်များ၊ ဒါတောင် လောက်လောက်ငှငှမဟုတ်၊ အနည်းငယ်လောက်နောက်ကျလျှင် ဆွမ်းက မရှိရတာနှင့် ဆွမ်းရှိပြန်တော့လည်း အကြော်က ကုန်သွားရတာနဲ့..တဖန်နေ့ဆွမ်းတွင်ဆိုပြန်တော့ ကြက်သားဆိုလျှင်လည်း တောင်ပံနှင့်လည်ပင်း၊ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေရသည်အထိ ကော်ဖို့အားနာနေရသည်အထိ နည်းပါးသည့် ငါးဆုပ်ဟင်း.. စသည်ဖြင့် တက္ကသိုလ်ဆွမ်းစားကျောင်းတွင် ကြုံတွေ့ရသည့်အခြေအနေက ပြောမယုံကြုံမှသိဆိုသည့် အနေအထားမျိုး ဖြစ်သည်၊ ဒါက သံဃာလေးရာ့ငါးဆယ်နှင့် အများပြည်လှူဒါန်းငွေ တစ်နေ့တာဆွမ်းစားရိတ် နှစ်သိန်းရှစ်သောင်းဆိုသည်နှင့် တွက်ချက်ကြုည့်လိုက်ပါက မဖြစ်သင့်သည့် အခြေအနေပဲ မဟုတ်လား၊ အရင်က ထိုအခြေအနေကို မကျေနပ်၍ ဆွမ်းစားနေစဉ် ပုဂံကို အသံမြည်အောင် ခေါက်၍ ဆန္ဒပြမိသောရဟန်းတစ်ပါး နိုင်ငံတော်ပုန်ကန်မှုနှင့် ထောင်ကျသွားဖူးသည်ဟူသတတ်၊
ထို့ကြောင့် တက္ကသိုလ်ပိုစတာတိုက်ပွဲကို စိန်ဘရားသား၏ ကောက်ကြောင်းကို နောကျေခဲ့ကြသူ ကျွန်ုပ်တို့အားလုံး ထိုစဉ်က တက္ကသိုလ်ကျောင်းသားများနှင့် ရင်ဘတ်ချင်း နီးနီးကပ်ကပ်ရှိနေခဲ့ကြတာ ဖြစ်သည်၊ နောက်တော့ တစ်နိုင်ငံလုံးရှိသံဃာများဝါ၀င်သော သံဃာ့အရေးခင်းကြီး ဖြစ်ပေါ်ခဲ့ပြီး ထိုအရေးခင်းကြီး ငြိမ်သက်ခါစအချိန်တွင် တာဝန်ပြီး၍ ကျွန်ုပ်တို့လည်း ရန်ကုန်သို့ ပြန်ခဲ့ကြသည်၊ အောင်မင်္ဂလာအဝေးပြေးသို့ ရောက်သောအခါ ကျွန်ုပ်တို့အား မေးမြန်းစရာရှိသည်ဟုဆိုကာ ကားပေါ်မှ အဆင်းခိုင်းသဖြင့် ဆင်းခဲ့ကြရသည်၊ ရန်ကုန်တွင် အဝေးပြေးဂိတ်များနှိုက် ကားပေါ်တွင် သံဃာတော်များပါသည်ဆိုလျှင် ထိုသို့ပင် အစစ်အဆေးခံကြရသည်ဟု ဆိုသည်၊ စစ်ဆေးရေးဂိတ်သို့ရောက်သောအခါ အရပ်ဝတ်၊ မီသတ်ဝတ်များဖြင့် လူလေးယောက်ခန့်သည် သူတို့သိလိုသည်များကို လေသံမာမာဖြင့် (အပြစ်ရှိ၍ အဖမ်းခံလာခဲ့ရသည့် သူခိုးဓားပြကို မေးမြန်းသည့်ပုံစံများဖြင့်) ရိုင်းရိုင်းစိုင်းစိုင်း စစ်ဆေးမေးမြန်းခြင်းကို ခံခဲ့ကြရသည်၊ သာသနာပြုကဒ်များ၊ သာသာနာပြုရဟန်းတော်ဖြစ်ပြီး တက္ကသိုလ်တွင် ဘွဲ့ယူမည့်ရဟန်းတော်များဖြစ်ကြောင်း ထောက်ခံချက်များကို ပြသော်လည်း သူတို့သည် အပြစ်မရှိ အပြစ်ရှာ၍သာ မောင်းမဲနေကြလေသည်၊ ဘုန်းကြီး မှန်သမျှ ရာဇ၀တ်သားဟု သဘောထားကြသည်လား မသိ၊ ဒီလို လူမျိုးတွေက ဗုဒ်ဓဘာသာဆိုတော့လည်း အင်း ဗုဒ်ဓပေပဲပေါ့၊ ထို့ပြင် ``ကိုယ်တော်တို့ကို အချိန်မရွေး ဖမ်းချုပ်ထားနိုင်တယ်``ဟူ၍လည်း ပြောလိုက်ပါသေးသည်၊ ကျွန်ုပ်သည် တလိပ်လိပ်တက်လာသော ဒေါသများကို ကြိုးစား၍ အနိုင်နိုင်ထိန်းချုပ်ခဲ့ရသည်၊ တာဝန်ရှိသည်ဆို၍ သိချင်သည့်အရာများကို ကောင်းကောင်းမွန်မွန် ဖြေဆိုခဲ့သော်လည်း မဆီမဆိုင် ရိုင်းစိုင်းသည့်အပြုအမူများဖြင့် တုန့်ပြန်ခံနေရသည့်အခြေအနေမှာ အတော်ပင် လက်ခံရခက်သည့်အခြေပင် ဖြစ်လေသည်၊ တက္ကသိုလ်သို့ရောက်သောအခါ အခြေအနေက ပို၍ပင် ဆိုးဝါးလို့နေသည်၊ ကျွန်ုပ်တို့ အဆောင်ရှေ့သို့ရောက်သောအခါ အဆောင်တံခါး ဖွင့်ပေးလို့မရဆို၍ အဆောင်၏နောက်ကြောမှနေ၍ ကျောင်းပေါ်သို့ရောက်အောင် သူခိုးတက်တက်ခဲ့ကြရလေသည်၊
အခြေအနေတို့သည် အလွန်ပင် စိတ်ပျက်စိတ်ရှုပ်စရာကောင်းခဲ့လေသည်၊ ဘွဲ့မယူမီ ၇-ရက်ခန့်အလိုတွင် သတင်းဆိုးတစ်ခုကို ကြားသိခဲ့ရသည်၊ စက်တင်ဘာအရေးခင်းတွင် ပါဝင်သည်ဟူသော အကြောင်းပြချက်ဖြင့် တက္ကသိုလ်မှ ကိုယ်တော်များကို ကျောင်းမှ ထုတ်လိုက်သည်ဟု ဆိုသည်၊ ထိုအထဲတွင် ``သူ`` ပါသွားခဲ့သည်၊ စက်တင်ဘာအရေးခင်းတွင် သူပါလား/မပါလားဆိုသည်ကို အသေအချာ ကျွန်ုပ်မသိ၊ မေးလည်း မမေးမြန်းမိ… သို့သော် ထိုအချိန်က တက္ကသိုလ်တွင် ဘုန်းကြီးများသည် တစ်ယောက်အပေါ်တစ်ယောက် ဘော်လီဘောပုတ်နေသော အချိန်တော့ ဖြစ်ခဲ့သည်၊ စက်တင်ဘာအရေးခင်းကို အကြောင်းပြု၍ အာဏာပိုင်များအကြားတွင် နာမည်ရအောင် လုပ်နေသော ဘုန်းကြီးများ၊ သူများတကာ အစစအရာရာ အနစ်နာခံနေသောအချိန်တွင် မိမိအလုပ်လုပ်သည်ဆိုသည်ကို ပြသဖို့အတွက် ထိုအနစ်နာခံသူများကို ခြေထိုးခံသောဘုန်းကြီးများ၊ တဖန် မိမိနှင့်ဆက်ဆံရေးအဆင်မပြေသော အဆောင်သားများအပေါ်တွင် ရှိသမျှအပြစ်ပုံချ၍ ခေါင်းဆောင်မှုစွမ်းရည်ပြသခဲ့ကြသော အဆောင်မှူးများ၊ တစ်ဆောင်နှင့်တစ်ဆောင် လက်ညိုးထိုးအပြစ်တင်နေကြသောအဆောင်မှူးများ… စသည်စသည်ဖြင့်…… ထိုစဉ်က တက္ကသိုလ်၏ အတွင်းပိုင်း ပုံရိပ်နှင့် ဂုဏ်သိက္ခာတို့သည် မြေကြီးပေါ်တွင် ပိုးလိုးပက်လက်… သို့သော် ထိုကိစ္စကြောင့်(ထိုသို့အနစ်နာခံမှုများကြောင့်) ရရှိလာသော အခွင့်အရေးများကို ယခုသုံးဆောင်ခံစားခွင့်ရ နေကြသည့် ဆရာတော်များမှာလည်း ထိုစဉ်က ဘုန်းကြီးတစ်ယောက်၏ လောဘ၊ ဒေါသ၊ မောဟများနှင့် ယုတ်မာမှုများကို လူများနှင့်မခြား..ပြသခဲ့ကြသည့် ဘုန်းကြီးအစစ်ဆိုသူများ…
နောက်တော့ သူ့ကို ကျွန်တော် သွားတွေ့ခဲ့သည်၊ ကျွန်တော့်လိုပဲ သူ့ကို လာတွေ့သည့်သူတွေ အတော်များပြားတာကိုလည်း တွေ့ခဲ့ရသည်၊ သို့သော် သူသည်ကား အရင်လို တည်တည်ငြိမ်ငြိမ်နှင့်ပဲ ရှိနေသည်၊ သူ့ကို အခုလိုမျိုး တကူးတက လာတွေ့တာကို အသိအမှတ်ပြုသည့်ဟန်ရှိသော်လည်း သူ့ကို သနားစရာသတ္တ၀ါတစ်ယောက်အနေအားဖြင့် အားပေးနှစ်သိမ့်မှုများကိုကား လိုလားနှစ်သက်သည့်ဟန်မရှိ၊ ထို့ပြင် သူ့တွင် တက္ကသိုလ်မှ အထုတ်ခံရသည့်အတွက် စိတ်ထိခိုက်နေသည့်ပုံစံမျိုးလည်း မတွေ့ရ.. သူသည် သူ၏ second plan-ကိုသာလျှင် တည်ငြိမ်စွာ အကောင်အထည်ဖော်လျှက် ရှိနေသည်၊ နောက်တော့ သူက ပြောသည်၊ တက္ကသိုလ်က အထုတ်ခံရလို့ ၀မ်းနည်းစရာမရှိပါဘူးတဲ့… ဂုဏ်တောင်ယူပါသေးတယ်တဲ့.. ဒီစကားကို သူတမင်လုပ်ပြီး ပြောခဲ့တာမဟုတ်မှန်း သူ့ကိုကြည့်၍ ကျွန်ုပ်သိနိုင်သည်၊ နောက်တော့ သူ နိုင်ငံခြားထွက်သွားခဲ့သည်၊ သူ နိုင်ငံရပ်ခြားရောက်နေသည့် အချိန်တွင် အဆက်အသွယ်ဆိုသည်က ကျိုးတို့ကြဲတဲဖြစ်နေသော်လည်း သူ့အကြောင်းတွေကိုတော့ ကြားသိနေရသည်၊ ထုံးစံအတိုင်း သူတော်ကြောင်းတွေပါပဲ..၊ ဒါက အံ့သြစရာမရှိပါဘူး..သူက တော်နေတာပဲလေ.. သူညံ့သွားတယ်ဆိုရင်သာ ကျွန်ုပ်အတွက် အံ့သြစရာဖြစ်လာရမှာပါ.. နိုင်ငံခြားတွင် ရှိနေစဉ်အတွင်း သူသည် ဘလော့ဂ်တစ်ခု လုပ်ခဲ့ပြီး ဘလော့ဂ်ဂါတစ်ယောက်လည်း ဖြစ်လာခဲ့သည်၊ သူ၏ ဘလော့ဂ်သည် သူ၏ စိတ်ကူးစိတ်သန်းများကို ပြသရာနေရာ၊ ခံယူချက်များကို ထုတ်ဖော်ရာနေရာတစ်ခုလည်း ဖြစ်လာခဲ့ပြီး အမှန်တရားကို လက်ခံသောလူနည်းစုကြားတွင် သူ၏ ဘလောဂ့်သည်လည်း နေရာရလာခဲ့သည်၊
ယခု သူပြန်ရောက်၍ သူနှင့်ပြန်တွေ့ရသောအချိန်တွင် ပုံစံက အရင်လိုပင် ဖြစ်သော်လည်း လူကတော့ နည်းနည်းဝလာသည်၊ နှုတ်ခမ်းမွေးကလည်း ကြဲတဲတဲ၊ နည်းနည်းတော့ အကြည့်ရဆိုးနေသည်၊ အလုပ်တွေ ရှုပ်လို့ ထင်သည်၊ သူနှင့်စကား ထိုင်ပြောဖြစ်တော့ ဓနုဖြူတွင် ကမ်းပြို၍ လူတွေဒုက္ခရောက်တာကို ကြည့်ပြီး ပြန်လာတာ မကြာသေးဟု ပြောသည်၊ ထိုနေ့က ကျွန်ုပ်ရယ်၊ သူရယ်၊ အခြားသူငယ်ချင်းတစ်ယောက်ရယ် ကျသင့်သည့်ငွေသွင်းပါလျှက်နှင့် မကြာခဏ ဖုန်းလိုင်းဖြတ်ခံနေသည်ကို ဖြေရှင်းရန် ဖုန်းရုံးသို့ သွားခဲ့ကြသည်၊ ရုံးသို့ရောက်သောအခါ မြင်ကွင်းက အလွန်ပင် အံ့အားသင့်စရာကောင်းနေသည်၊ ဖုန်းဆက်၍ ကျသင့်ငွေကို လာပေးရသည်ကိုပင် အလွန်ခက်ခက်ခဲခဲ အချိန်အကြာကြီး တန်းစီ၍ ပေးနေကြရသည်၊ အလကားဝေသည့် ထမင်းထုပ်ကို ယူရန်အတွက် တန်းစီနေကြရသည့်ပုံစံမျိုး… မျက်နှာများမှာလည်း စိတ်မရှည်သည့်မျက်နှာ ညိုးငယ်သည့်မျက်နှာများဖြင့်သာ… ကျွန်ုပ်အဖို့ ဤကဲ့သို့သော မြင်ကွင်းမျိုးကို ယခုမှ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်၊ ဖုန်းရုံးကိုလည်း အခုမှတစ်ခါရောက်ဖူးသည်ကိုး..အခုမှပင် ကျွန်ုပ်၏ လက်ထဲတွင်ရှိသော ဖုန်း၏ တန်ဘိုးကို ကောင်းကောင်းနားလည်သွားရသည်၊ သူ့ကို ကြည့်လိုက်တော့ စိတ်တိုနေသည့်ပုံမျိုး တွေ့ရသည်၊ ထို့ကြောင့် ကျွန်ုပ်က ``စိတ်မတိုပါနဲ့ကွာ၊ ဒီနိုင်ငံမှာ နေသွားပြီးပြီဆိုရင် ဘယ်နိုင်ငံမှာမဆို နေလို့ရသွားပြီ``ဟု ပြောလိုက်မိသေးသည်၊ အခုတလော နေရာတကာတွင် ပြည်သူ့အကျိုး..ပြည်သူ့အကျိုးဆိုသော စကားကို မကြားချင်မှအဆုံးဖြစ်နေသော်လည်း ထိုတွင် ငါတို့အကျိုးကား မပါသေး.. အေးလေ..သူတို့ကိုယ်တိုင်ကလဲ ပြင်စရာအများကြီး ကျန်သေးတယ်ဟု ၀န်ခံထားပေသကိုး.. ခက်တာက နောက်ဆက်တွဲအတွေး ပါပဲ..အဲဒီဟာတွေကို ဒီလောက်ပြင်ဆင်နေရအောင် ဘယ်သူတွေက ဖျက်ခဲ့တာတဲ့လဲ….ပြန်ခဲ့ရာ လမ်းတစ်လျှောက်တွင် အတွေးတွေ တစ်သီကြီးပါလာခဲ့သည်၊
ဒါတွေက သူ့ရဲ့ရန်ကုန်သွားတောလားကို ဖတ်ပြီး အတိတ်ကို စားမြုံ့ပြန်မိသည့်အကြောင်း အရာများရယ်ပါ၊ ဒီနိုင်ငံမှာ ဒီလိုတောလားမျိုးတွေ များများပေါ်ပေါက်ဖို့ လိုနေသေးသည်၊ သူ့တောလားတွင် ရေးသားထားသည့်အကြောင်းအရာတွေက လူတိုင်းမြင်နေရပြီး လူတိုင်းသတိမထားမိသည့် အခြေအနေများ ဖြစ်သည်၊ နောက်ပြီးတော့ စဉ်းစားစရာတွေကိုလည်း အများကြီးပေးသည်၊ သူ ခရီးများများသွားလျှင် ကောင်းမည်ဟု စိတ်ထဲတွင် ဖြစ်မိသည်နှင့်အမျှ နောက်ထပ် တောလားများစွာကိုလည်း ဖန်တီးနိုင်ပါစေဟု ရင်ထဲတွင် ဆန္ဒပြုနေမိပါသည်။
ထနောင်းပန်း (၅-၁၂-၂၀၁၂)
No comments:
Post a Comment