A Buddhist Meditation Teacher and lecturer in Goethe Frankfurt University. Now living in Frankfurt, Germany. A founder of Dhammachaya Buddhist Center, Denmark.
Dictionary/အဘိဓာန်
Blogspot Dictionary
!doctype>Monday, December 19, 2011
ရေပေါ်သောင်ကျေးရွာများရဲ့ ကံကြမ္မာ ဆောင်းပါး ဓာတ်ပုံများ
Friday, December 16, 2011
မှားပြီးရင်း မမှားသင့်တော့ပါ…
လောကတွင် ဘုရားပွင့်လာခြင်းသည် လောကကောင်းကျိုးအတွက် ပွင့်တော်မူလာခြင်း ဖြစ်သည်၊ ကောင်းကျိုးဆိုသည်မှ လူ့လောကတစ်ခုတည်းအတွက် မဟုတ်..စကြာဝဠာတစ်ခုလုံးကိုဆောင်သော ကောင်းကျိုးအတွက် ဖြစ်သည်၊ နေရာတစ်ခုတည်းအတွက်မဟုတ်သလို နိုင်ငံတစ်ခုတည်းအတွက်လည်း မဟုတ်…။ ထို့ကြောင့် နိုင်ငံတစ်ခုအတွက် ဘုရားစကားကို အကိုးအကားပြု၍ ကောင်းအောင် ဆောင်ရွက်နေခြင်းသည်ပင် ဘုရား၏ရည်ရွယ်ချက်နှင့် နှိုင်းစာပါက အလွန်ပင်သေးငယ်၍ စာမဖွဲ့လောက်ချေ..
ကျွန်ုပ်တို့နိုင်ငံသည် ဗုဒ်ဓဘာသာနိုင်ငံတစ်နိုင်ငံဖြစ်သည်၊ တစ်ဆက်တည်းတွင်လည်း ဗုဒ်ဓအဆုံးအမ ပျောက်ဆုံးနေသောနိုင်ငံလည်း ဖြစ်နေပြန်သည်၊ ဗုဒ်ဓက အရာရာတွင် ကောင်းကျိုးနှင့်ယှဉ်သော မေတ္တာတရား၊ ကရုဏာတရား၊ ကိုယ်ချင်းစာတရား ထားကြဖို့ဆုံးမထားသော်ငြား ထိုစရိုက်လက္ခဏာများသည် လက်တွေ့ဘ၀တွင် မရှိ…ထို့ကြောင့်ပင်လျှင် တောင်မြို့ဆရာတော်ဘုရားကြီးက ဗုဒ်ဓဘာသာကြောင့် မြန်မာလူမျိုးများ အောက်ကျနောက်ကျဖြစ်နေရတာ မဟုတ်ဘဲ မြန်မာလူမျိုးကြောင့်သာ ဗုဒ်ဓဘာသာ အောက်ကျ နောက်ကျဖြစ်ရကြောင်း ပွင့်လင်းစွာပင် မိန့်မှာထားခဲ့သည်၊ ဆိုရလျှင် ဗုဒ်ဓဘာသာတည်းဟူသော ရွှေတုံးရွှေခဲကြီးသည် မြန်မာနိုင်ငံတည်းဟူသော ချီးတွင်းထဲသို့ ကျရောက်နေ၍ မစင်အလူးခံနေရ သည့်သဘော...ထို့ပြင် အနော်ရထာဘုရင်က သထုံမနုဟာမင်းထံ သံတမန်များ စေလွှတ်၍ ပိဋကတ်တော်များ အပင့်ခိုင်းလိုက်သောအခါ မနုဟာမင်းက ``မင်းတို့လူရိုင်းတွေနဲ့ ပိဋကတ်တူသလား..တန်သလား``ဆိုပြီး တမန်များကို နှင်လွှတ်သည်ဟုလည်း မှတ်သားရဖူးသည်၊ မနုဟာမင်း အမှန်တကယ်ပြောမပြောဆိုသည်ကို မသိနိုင်သော်ငြား မြန်မာလူမျိုးတို့၏ စိတ်ဓာတ်တို့သည်ကား အမှန်ပင် လူရိုင်းအဆင့်ထက် မပိုလာသေး..
မြန်မာနိုင်ငံတွင် ရဟန်းတော်များ နိုင်ငံရေးလုပ်ခွင့်မရှိဟု ဆိုသည်၊ အတော်ပင် စဉ်းစားစရာကောင်းသော တားမြစ်ချက် ဖြစ်သည်၊ စဉ်းစားစရာကောင်းသည်ဆိုသည်မှာလည်း ရဟန်းတော်ဖြစ်နေသောကြောင့်ဟု ဆိုချင်သည်၊ နိုင်ငံရေးမလုပ်ရဟုဆိုလျှင် နိုင်ငံရေးဆိုသည်ကို မည်သို့ဆွဲထုတ်၍ မည်ကဲ့သို့ လက်ဆုတ်လက် ကိုင်ပြမည်နည်း…နိုင်ငံတစ်နိုင်ငံ၏ အရေးကိစ္စမှန်သမျှ နိုင်ငံရေးဟူသောခေါင်းစဉ်အောက်မှ လွှတ်ကင်း နိုင်သည်ဟူ၍ရှိနိုင်မည်လော့…ဆိုရလျှင် ဘာသာရေးသည်လည်း နိုင်ငံတစ်နိုင်ငံ၏ အရေးကိစ္စတစ်ခုပင် ဖြစ်သည်၊ ထို့ပြင် ဘာသာရေးသည် နိုင်ငံတစ်နိုင်ငံ၏ အရေးအကြီးဆုံးသော နိုင်ငံရေးတစ်ခုလည်း ဖြစ်သည်၊ အဘယ့်ကြောင့်ဆိုသော် လူတိုင်းအထွတ်အမြတ်ထားရသောကြောင့် ဖြစ်ပါသည်၊
နိုင်ငံရေးမကောင်းလျှင် ဘာသာရေးသည်လည်း တည်တံ့၍ မနေနိုင်ပုံကို သာသနာ့သမိုင်းအစဉ်အဆက်က သက်သေပြခဲ့ပြီး ဖြစ်သည်၊ နိုင်ငံတစ်နိုင်ငံကောင်းစားရန်အတွက် ထိုနိုင်ငံ၏ခေါင်းဆောင် (သို့မဟုတ်) အာဏာပိုင်အဖွဲ့အစည်း ကောင်းဖို့လိုအပ်သည်၊ ထို့ကြောင့်ပင် ဗုဒ်ဓဘာသာနှိုက် မင်းကျင့်တရားဆယ်ပါးဆို သည်ကို ထင်ထင်ရှားရှား ဖော်ပြထားပြီး ဖြစ်သည်၊ ထို့ပြင် ဇာတ်တော်များတွင်လည်း နိုင်ငံကို အုပ်ချုပ်သော မင်းများ အသုံးမကျ၍ နိုင်ငံပျက်စီးရပုံများ…မင်းကောင်းများ အုပ်ချုပ်သော တိုင်းပြည်တွင် စည်ပင်ဝပြော၍ ပြည်သူအများ စိတ်ချမ်းသာရပုံများမှစ၍ ဝေသာလီပြည် လိစ္ဆ၀ီမင်းများကို အဇာတသတတ်မင်း မအောင်နိုင်ခြင်းအဆုံးအထိ ဘုရားရှင်ကိုယ်တော်တိုင် ဟောထားချက်များ အထင်အရှား ပင် ရှိနေပါသည်၊ ထိုအကြောင်းအရာများကို အခြေခံ၍ ဗုဒ်ဓဘာသာရဟန်းတော်များက နိုင်ငံ့ခေါင်းဆောင်များနှင့် ပြည်သူပြည်သား အပေါင်းကို ဟောပြောလမ်းညွှန်ပေးခြင်း၊ လမ်းမှားနေသည်များကို ဝေဘန်ထောက်ပြ၍ တည့်မတ်ပေးခြင်းများသည် နိုင်ငံရေးဖြစ်သည်ဆိုလျှင်ပင် မည်ကဲ့သို့သော အကြောင်းကြောင့် လက်မခံနိုင်ရသနည်း… ထိုကဲ့သို့ဟောပြောသော ရဟန်းတော်သည်လည်း မြတ်စွာဘုရား၏ မည်သည့် ဥပဒေကို ချိုးဖောက်မိပါသနည်း..ထိုကဲ့သို့ နိုင်ငံတစ်နိုင်ငံ၏ အကိုးကွယ်ခံ ဘာသာရေးခေါင်း ဆောင်များက နိုင်ငံ့ခေါင်းခေါင်းဆောင်များ၊ ပြည်သူပြည်သားများကို ဘာသာရေးနည်းလမ်းများနှင့်အညီ ဟောပြော ညွှန်ပြခြင်းမျိုးကိုသော်မှ လက်မခံနိုင်လျှင် ထိုနိုင်ငံအတွက် ဘာသာရေးဆိုသည်မှာလည်း လိုအပ်တော့မည် မဟုတ်ချေ…ထို့ကြောင့် အသေအချာ စဉ်းစားကြစေလိုပါသည်၊
ထို့ပြင် ဗုဒ်ဓဘာသာဆိုသည်က ပရဟိတဘာသာတစ်ခုလည်း ဖြစ်သည်၊ စွန့်လွှတ်မှု..အနစ်နာခံမှုများကို ဇောင်း ပေးသည်၊ နိုင်ငံရေးဆိုသည်ကလည်း စင်စစ်အားဖြင့် သူတစ်ပါးအကျိးအတွက် ကိုယ့်ကိုအနစ်နာခံ၍ ဆောင်ရွက်ရခြင်းပင် ဖြစ်သည်၊ တကယ်အနစ်နာမခံနိုင်လျှင် တကယ့်နိုင်ငံရေးကိုလုပ်၍မရ.. စိတ်ထားအ လွန်မွန်မြတ်သော သူများသည်သာလျှင် ကိုယ်ကျိုးမဖက်သောနိုင်ငံရေးစစ်စစ်ကို လုပ်နိုင်စွမ်းရှိသည်၊ ရဟန်းတော်များအဖို့ နိုင်ငံကောင်းစားဖို့ရန် လုပ်ဆောင်ရာတွင် လူသားနိုင်ငံရေးသမားများ ကဲ့သို့ ၀န်ကြီးချုပ်ရာထူး၊ သမ္မတရာထူးမျိုးကို မျှော်ကိုး၍လည်းမရ..လစာရိက္ခာလည်း မျှော်လင့်၍မရ.. မျှော်လင့်၍လည်း မည်သူမျှ မလုပ်.. နိုင်ငံတစ်နိုင်ငံ၏ ဘာသာရေးခေါင်းဆောင်များအနေဖြင့်သာ နိုင်ငံ၏အကျိုးကို တတ်စွမ်းသည့်ဘက်က သည်ပိုးခြင်းသာဖြစ်သည်ဟု အခိုင်အမာဆိုနိုင်ပါသည်၊ ထို့ကြောင့် တိုင်းပြည်ကောင်းစားရန် စေတနာ၊ကရုဏာရှေ့ထား၍ လုပ်ဆောင်ခြင်းသည် ဗုဒ်ဓ၏ လမ်းစဉ်မှ သွေဖည်သည်ဟူ၍ အမြင်ကျဉ်းမြောင်းပြီး အစွန်းမရောက်သင့်ပေ..
ယနေ့သတင်းများတွင် ရွှေည၀ါဆရာတော်ကို လူဝတ်လဲရန်အတွက် သံဃာ့နာယကဆရာတော်များနှင့် အာဏာပိုင်များက စီစဉ်နေသည်ဟု ကြားသိရ၍ အလွန်ပင် စိတ်မကောင်းဖြစ်မိရပါသည်၊ ယခုလိုမျိုး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တဖြည်းဖြည်းချင်း ပြောင်းလဲနေသည့်ဒီမိုကရေစီနိုင်ငံသစ်အတွက် ပြည်သူပြည် သားအားလုံးက မင်္ဂလာယူနေသည့်အချိန်တွင် ဤသတင်းသည် နတ်သုဒ်ဓာထဲ မစင်တစ်စက်ကျ သကဲ့သို့ပင် စက်ဆုပ်စရာလည်းကောင်းလှသည်။ ဤကဲ့သို့သော လုပ်ရပ်များက ပြည်သူများ၏ အတွေးကို နောက်ပြန်ရောက်သွားစေနိုင်သည့် အန္တရာယ်ရှိသည့် လုပ်ရပ်ဟုလည်း ဆိုနိုင်ပါသည်၊ ဒီမိုကရေစီအစိုးရ ခေတ်တွင် ယခုကဲ့သို့သော လုပ်ရပ်မျိုး ထွက်ပေါ်လာမည်ဟု မည်သူမျှ မျှော်လင့်မထားကြ.. ဤကဲ့သို့သော လုပ်ရပ်များသည် အတိတ်တွင် ကျန်ခဲ့ပြီဟု မရဲတရဲတွေးနေရသေးသည့်အချိန်မျိုးတွင် ခေတ်နောက်ပြန် ဆွဲသည့် လုပ်ရပ်များသည် ဖြစ်လည်းမဖြစ်သင့်တော့ပါ…ထို့ပြင် ယခင်အစိုးရ၏လုပ်ရပ်များအတွက် ပြည်သူလူထု၏ ယုံကြည်မှုကို ခက်ခက်ခဲခဲ ရယူနေရသည့် အစိုးရသစ်အတွက်လည်း အခြေတည်ခါစဖြစ်သော ပြည်သူလူထု၏ ယုံကြည်မှုတို့သည် ရုတ်ခြည်းပျောက်ကွယ်သွားနိုင်ပါသည်၊ ထို့ကြောင့် ပြည်သူလူထု၏ စိတ်အားတက်ကြွမှုများကို ယခုလိုခေတ်ဟောင်းလုပ်ရပ်များဖြင့် မရိုက်ချိုးသင့်ပါ..။
သံဃာ့နာယကဆရာတော်များအနေဖြင့်လည်း ယခုလုပ်ရပ်ထက် အရေးကြီးသောအရာများ နိုင်ငံအတွင်းတွင် ဖြစ်ပွားနေသည်ကို သတိထားစေလိုပါသည်၊ သာသနာ့သမိုင်းတွင် တိုင်းပြည်အတွက် တရားဟော၍ သာသနာပျက်သွားသည်ဟု တပည့်တော်များ မကြားစဖူးပါ..၊ ယခုရွှေည၀ါဆရာတော်၏ တရားကြောင့်လည်း ပြည်သူအများ လမ်းမှားမရောက်နိုင်ပါ..၊ လမ်းမှန်ကိုသာ ညွှန်ပြခြင်းဖြစ်ပါသည်၊ သာသနာကိုလည်း အကြည်ညိုမပျက်နိုင်ပါ..၊ သို့သော် ဆရာတော်များ၏ လုပ်ရပ်ကြောင့်ကား ပြည်သူပြည်သားများကြားတွင် အကုသိုလ်ပွားနိုင်ပါသည်၊ ထို့ပြင် ဆရာတော်ဘုရားများအနေဖြင့်လည်း ကိုယ့်ကိုယ်ကို စွပ်စွဲခြင်းဘေး၊ သူတစ်ပါးတို့က ကိုယ့်ကို စွပ်စွဲလာမည့် ဘေးများကိုလည်း သတိချပ်စေလိုပါသည်၊ ဆရာတော်များအနေဖြင့် ယခုလုပ်ရပ်အတွက် မိမိကိုယ်မိမိ လိပ်ပြာသန့်သည်ဆိုလျှင်ပင် ပြည်သူအများက ဆရာတော်များ၏ လုပ်ရပ်အတွက် နှာခေါင်းရှုံ့နေကြပြီ ဆိုသည်ကို အင်တာနက်သုံးတတ်သော တပည့်တပန်းများကို ကွန်ပျူတာအဖွင့်ခိုင်း၍ ရှုစားစေလိုပါသည်၊ ဆရာတော်များသည် သံဃာကို ကိုယ်စားပြုသည်ဟုဆိုလျှင် သံဃာထု၏ အသံကိုလည်း နားထောင်သင့်ပါသည်၊ စက်တင်ဘာအရေးအခင်းက ကျဆင်းသွားသော သံဃာ့နာယက၏ ဂုဏ်သိက္ခာများကို ယခုလို ငါတကော ကောသည့်လုပ်ရပ်များဖြင့် ထပ်ဆင့်ကျဆင်းအောင် မလုပ်သင့်တော့ပါ…သံဃာကို ညှဉ်းဆဲခြင်းကို ဘုရားမကြိုက်မှန်း ဆရာတော်များလည်း အသိပင် ဖြစ်ပါသည်၊ ဆရာတော်များ၏ ယခုလုပ်ရပ်ကြောင့် သံဃာတော်များ အလွန်စိတ်ဆင်းရဲနေကြရပါသည်၊ မေတ္တာတရား ထားစေလိုပါသည်၊ တကြိမ်တစ်ခါ လောက်ပင်ဖြစ်ဖြစ် သံဃာဖက်က ရပ်တည်ပေးစေလိုပါသည်၊
အထူးအားဖြင့် ဥက္ကဋ္ဌဆရာတော်ကို အထူးပန်ကြားလိုပါသည်၊ ဆရာတော်၏ ပညာဂုဏ်၊ အာစာရဂုဏ်များကို သံဃာအများက လေးစားသမှုပြုကြပါသည်၊ အထူးအားဖြင့် ဆရာတော်၏ သမာသမတ်ကျမှုကို သံဃာများက အထူးမျှော်လင့်ထားကြပါသည်၊ ယခုကိစ္စသည် ဆရာတော်၏ ဂုဏ်သိက္ခာနှင့် တိုက်ရိုက်ဆက်စပ်နေသော ကိစ္စဟုလည်း ဆိုနိုင်ပါသည်၊ ထို့ကြောင့် ရဟန်းရှင်လူများအနေဖြင့်လည်း ဆရာတော်၏ နောက်ဆုံးရွေးခြယ်မှု ကို အထူးစောင့်ကြည့်လျှက်ရှိပါကြောင်း…..
ရွင္သံသုဒ္ဓိ
၁၂-၁၅-၂၀၁၁
Thursday, December 15, 2011
မဟနလား ... သြား ....
အပြောင်းအလဲလေးတွေ တွေ့လာရပြီဆိုပြီးတော့ ပြည်သူတွေ မျှော်လင့်ချက်လေးတွေ နည်းနည်းဖြစ်လာနေတဲ့အချိန်၊ လူတိုင်းက အမှန်တရားဘက် ရဲရဲဝံ့ဝံ့ ရည်တည်လာတဲ့အချိန်မှာ ဒီ မဟနအဖွဲ့က ဘာဖြစ်လို့ အခုချိန်ထိ ညစ်ပတ်စုတ်ပဲ့နေရသလဲ။
ရွှေည၀ါဆရာတော်လုပ်ဆောင်နေတဲ့ လုပ်ဆောင်ချက်တွေကို ပြည်သူတွေ၊ ရဟန်းပရိသတ်၊ လူပရိသတ် အားလုံးက သာဓုခေါ်နေကြတဲ့အချိန်။ အမှန်တကယ်လည်း ရွှေည၀ါလုပ်ဆောင်ချက်တွေက မွန်မြတ်လှပါတယ်။ သံဃာအပါး ၁၀၀၀-ကျော်ကို စာသင်နေတယ်။ သာဓုကျောင်းတိုက်မှာ နေ့စဉ်နဲ့အမျှ သံဃာတွေ စာပေလိုက်စားနေကြတယ်။
သာသနာမှာ ဓမ္မန္တရာယ်၊ ဓမ္မန္တရာယ်နဲ့ ပြောနေကြတယ်။ အဲဒီ မဟနတွေ နားလည်သလား၊ သို့မဟုတ် နားလည်ပေမယ့် မနာလိုမှုတွေ ရင်ဘတ်အပြည့် သိုသိပ်ပြီး “စာသင်တာတွေ ရပ်”လို့ အမိန့်ပေးရသလား။ စစ်အာဏာရှင်များ လက်အောက်မှာ စစ်အာဏာရှင်များ အလိုကျ ဆုံးဖြတ်ရတယ်ဆိုရင် မဟနကို သည်းခံပေးစရာအကြောင်း ရှိသေးတယ်။ အ ခုလို နယ်ပယ်ပေါင်းစုံ၊ သတင်းဂျာနယ်များ၊ အနုပညာရှင်များပါ မကျန် အပြောင်းအလဲအကြောင်းကို ရဲရဲဝံ့ဝံ့ ပြောင်ပြောင်တင်းတင်း ပြောနေကြတဲ့အချိန်မှာ နိုင်ငံတော် တိုးတက်ရေး၊ လူငယ်စာရိတ္တပြုပြင်ရေးတွေ ဟောနေတာကို ဘယ်လိုသဘောနဲ့ ပိတ်ပင်ရပါသလဲ။ ဘယ်လို နားလည်ရမလဲ။
ဒီနေ့ ရွှေည၀ါဆရာတော်ရှိရာ သာဓုပရိယတ္တိကျောင်းတိုက်ကို ရောက်တော့ လူတွေ ပြည့်နေပါတယ်။ တစ်နေ့လုံး ပြည့်နေတယ်လို့ ဆိုပါတယ်။ “ဦးကုသလရေ .... တပည့်တော်ကို အခုလို စိုးရိမ်ပေးတဲ့ ပြည်သူတွေ၊ သံဃာတွေကို တပည့်တော် ကျေးဇူးတင်ပါတယ်။ တပည့်တော်အလိုအရဆိုရင်တော့ ထောင်ထဲပဲ သွားတော့မယ်။ ဘယ်တော့မှ အညံ့မခံဘူး၊ အောက်မကျို့ဘူးလို့ပဲ။ ဒါပေမယ့် သံဃာတွေရဲ့ မျက်နှာ၊ သူတို့ရဲ့ ရှေ့ရေးကို ငဲ့ပြီး တပည့်တော် စာရေးနေတယ်”လို့ မိန့်ပါတယ်။ “ဆရာတော် .... ဆရာတော့်ဘက်မှာ မြန်မာတစ်မျိုးသားလုံး ရှိပါတယ်။ (မဟန မပါ) သံဃာတွေက ဆရာတော့်ဘက်မှာ ရှိပါတယ်”လို့ပဲ ဆရာတော့်ကို လျှောက်ထားမိပါတယ်။
မဟနက ထုတ်ထားတဲ့ စာကိုတော့ စာဖတ်သူများ ဒီလင့်ကနေ သွားကြည့်နိုင်ပါတယ်... လိုင်းတွေမကောင်းလို့ ပုံတွေ တင်မရတာနဲ့ လင့်ပဲ ပေးလိုက်တယ်။
ရွှေည၀ါဆရာတော် စာသင်သား သံဃာအပါး ၁၀၀၀ ကျော်ကို စာသင်နေတာကို ရပ်ခိုင်းတာ၊ အနှောက်အယှက်ပေးတာဟာ ဓမ္မန္တရာယ်ဖြစ်၊ မဖြစ် လူငယ်စာသင်သားတွေတောင် သိနေကြပြီ။ ဒီ မဟနတွေကတော့ ....
မဟနရဲ့ ဒီသမိုင်းအမည်းစက်ကြီးကတော့ ဘာသာခြားတွေရှေ့မှာ ဘယ်လို မျက်နှာမျိုးနဲ့ ဗုဒ္ဓဘာသာဟာ မြန်မာတွေရဲ့ ရှေ့ဆောင်လို့ ပြောနိုင်တော့မလဲ .... ဗုဒ္ဓဘာသာဟာ တိုင်းပြည်နဲ့လူမျိုးအကျိုးကို ကာကွယ်နေပါတယ်လို့ ပြောဖို့ဆိုရင် ဒီမဟနရဲ့ လုပ်ရပ်တွေက ကန့်လန့်ခံနေတော့မယ်။ အတော်ရှက်ဖို့ ကောင်းပါတယ်။
ဒီလိုတွေ ပြောလို့ အင်းစိန်သွားရမယ်၊ အ၀ီစိသွားရမယ်ဆိုရင် ရှင်ကုတို့ ထိပ်ဆုံးတန်းက ပျော်ပျော်ကြီး သွားမယ် ....
Wednesday, December 14, 2011
ရေပေါ်သောင်ကျေးရွာများရဲ့ ကံကြမ္မာ
(ရေပေါ်သောင်ကျေးရွာများ တည်ရှိရာ ရေပေါ်သောင်ကျွန်းခရီးစဉ်လေးအကြောင်း ရေးထားတာပါ။ ဓာတ်ပုံတွေကိုတော့ နောက်နေ့မှ တင်ပေးပါ့မယ်။ ကိုယ်ပိုင်အင်တာနက်မဟုတ်လေတော့ ဟိုဟာကျန်ခဲ့၊ ဒီဟာ ကျန်ခဲ့နဲ့။ နောက်ပြီး ကွန်နက်ရှင်းကလည်း ဘာမှ ဖွင့်မရအောင် ဖြစ်။ ဒါနဲ့ အဆင်မပြေနိုင် ဖြစ်ရတယ်။ စာတင်ရတာက လွယ်ပေမယ့် ဓာတ်ပုံတင်ဖို့က များသောအားဖြင့် အတော်စိတ်ညစ်ဖို့ ကောင်းပါတယ်။ ဘာပဲဖြစ်ဖြစ် မနက်ဖြန်မှာ အချိန်ပေးပြီး ဓာတ်ပုံတွေ တင်နိုင်အောင် ကြိုးစားလိုက်ပါအုံးမယ်။ )
စာရေးသူသည် ခရီးသွားရတာ ၀ါသနာအလွန်ပါသူ ဖြစ်သည်။ မြန်မာပြည်အနှံ့၊ ရှမ်းပြည်၊ ရခိုင်ပြည်၊ ကိုကိုးကျွန်း၊ အထက် မြစ်ကြီးနား မေခ မလိခ စတဲ့ထင်ရှားတဲ့နေရာများနှင့် လက်လှမ်းမီရာ မြို့ကျေးရွာများဆီသို့ မကြာခဏ သွားရောက်လည်ပတ်တတ်သည်။ ဒေသတစ်ခုသည် နာမည်ကြီးသည်ဖြစ်စေ၊ မကြီးသည်ဖြစ်စေ သူ့နေရာနှင့်သူ စိတ်ဝင်စားစရာများ ရှိနေတတ်သည်ဟု ယူဆထားသူ ဖြစ်သည့်အလျောက် ခရီးကလည်း အသစ်ဖြစ်လျှင် အခြေအနေကလည်း ပေးလျှင် သွားလိုက်သည်သာ များလေသည်။
စာရေးသူ သွားခဲ့သည့်ခရီးများတွင် (ညောင်တုန်းမြို့နှင့် ဇလွန်ပြည်တော်ပြန်မှ လွဲ၍) ဧရာဝတီတိုင်း မပါဝင်ခဲ့ဖူးသေးပါ။ တစ်နေ့က သူငယ်ချင်းတစ်ပါးက ပြောသည်။ “၁၇-ရက်နေ့ကျရင် ဓနုဖြူမြို့ဘက်က ကမ်းပြိုလို့ ဒုက္ခရောက်နေတဲ့ ရွာတွေဆီကို ဆန်သွားလှူကြမယ်၊ ကိုယ့်လူလည်း အလှူမှာ ပါဝင်လို့ ရတယ်”ဟု ဆိုပါသည်။ ချက်ချင်းပင် စိတ်ဝင်စားသွားသည်။ သတင်းများတွင် ဧရာဝတီတိုင်းက ရွာအချို့က မိသားစုဝင်များ ကမ်းပြိုမှုကြောင့် အတိဒုက္ခရောက်နေကြောင်း ဖတ်ရသည်။ ထိုအချိန်ကတည်းက စိတ်ဝင်စားနေခဲ့သည်။
“ဧရာဝတီတိုင်းဆိုတာ ဧရာဝတီမြစ်ကို အမှီပြုပြီး လုပ်ကိုင်စားသောက်နေကြရတာ၊ အခု ဧရာဝတီက လူတွေကို ဒုက္ခပေးနေပြီလား မသိ”ဟု သူငယ်ချင်းတစ်ယောက်က ပြောသည်။ ထိုစကားကို သဘောမကျပါ။ ဧရာဝတီကို ထိလျှင် အမေထိသလို ခံစားရသည်။ “မဖြစ်နိုင်ဘူး၊ ဧရာဝတီကတော့ တမင်သက်သက် ဒုက္ခပေးမှာ မဟုတ်ဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် ဧရာဝတီမှာလည်း သဘာဝတရားရဲ့ အမိန့်ကို နာခံရမှာပဲ၊ သဘာဝတရားကို မတရားလုပ်ရင် ဧရာဝတီလည်း သဘာဝတရားရဲ့ အထုအထောင်းကို ခံရမှာပဲ၊ ဒီလိုဆိုရင် သူ့ကို အမှီပြုနေတဲ့သူတွေလည်း သဘာဝတရားရဲ့ ဒဏ်ခတ်မှုကို ခံစားရမှာပဲ”ဟု တောင်တောင်အီအီ တွေးနေမိခဲ့သည်။
သူငယ်ချင်း၏ ဖိတ်ခေါ်မှုကို ချက်ချင်းလက်ခံလိုက်သည်။ ၁၇-ရက်နေ့ မနက်စောစော ရန်ကုန်က ထွက်ခွါမည်။ ဦးဆောင်စီစဉ်သူက မန္တလေးမြို့၊ မစိုးရိမ်တိုက်ဟောင်း၊ ပါဠိနယူပဒေသကျောင်း၊ ဆရာတော် ဦးနာဂိန္ဒ ဖြစ်သည်။ အလှူရှင် ဒကာဒကာမ ၅-ယောက်၊ ဦးနာဂိန္ဒ၊ ဦးတေဇိန္ဒ၊ ဦးပညာစာရတို့နှင့် စာရေးသူတို့ လိုက်ပါခဲ့ကြသည်။ မနက် ၇-နာရီဟု ပြောထားသော်လည်း အကြောင်းကြောင်းကြောင့် ၁၀-နာရီ ခန့်ကျမှ ထွက်ခွါဖြစ်သည်။ လမ်းတွေက အတော်လေး ကြမ်းတမ်းသည်။ လှိုင်သာယာထွက်တာနှင့် လမ်းများက ဖြောင့်ဖြောင့်မောင်းလို့မရအောင် ဆိုးသည်။ ချိုင့်ခွက်များကို ရှောင်မောင်းနေရတာနှင့် အချိန်အတော်ကုန်သည်။ ဗိုလ်မြတ်ထွန်းတံတားကို ဖြတ်ကျော်လိုက်သည်နှင့် များသောအားဖြင့် ကတ္တရာလမ်းကို မတွေ့ရတော့ပေ။ ကျောက်ခဲများ၊ ချိုင့်ခွက်များသာ ရှိတော့သည်။ “အော် ဇလွန်ပြည်တော်ပြန်သွားတဲ့ လမ်းတောင် ကောင်းကောင်းလေး လုပ်မပေးထားပါလား”ဟု တွေးပြီး စိတ်သောကဖြစ်မိသည်။ “ရန်ကုန်နဲ့ ဓနုဖြူဆိုတာ တကယ်တော့ ဘာမှ ဝေးတဲ့ခရီးမဟုတ်ဘူး၊ ဒီလို တ၀ုန်းဝုန်းနဲ့ ဖုန်မှုန့်တွေ တလိပ်လိပ်ထနေတဲ့ ခက်ခဲကြမ်းတမ်းတဲ့ခရီးကို နေ့စဉ်သွားလာနေကြရတဲ့ ဒေသခံများ ဘယ်လောက်တောင် ဒုက္ခရောက်ကြလိမ့်မလဲ”ဟု တွေးရင်း စိတ်ထဲမှာ တနုံ့နုံ့ ဖြစ်ခဲ့မိသည်။
နေ့လယ် ၁-နာရီခန့်တွင် ဓနုဖြူမြို့သို့ ရောက်သည်။ စာရေးသူက ဓနုဖြူကို ဓနုဖြူဟု မမြင်၊ စစ်သူကြီး မဟာဗန္ဓုလကိုသာ မြင်သည်။ စစ်သူကြီးသည် ဤမြေတွင် ကျဆုံးခဲ့သည်။ ဓနုဖြူမြို့ပေါ်က မဝေဆိုတဲ့ ပွဲရုံမှာ ရွာသူရွာသားများကို ဝေငှဖို့ ဆန်အိတ်များ ၀ယ်ကြသည်။ အညာသားက အောက်သားကို ဆန်ဝေမယ်ဆိုတာကို တွေးပြီး ပြုံးမိသေးသည်။ ဆရာတော်ဦးနာဂိန္ဒ ဦးဆောင်အလှူခံထားသော ငွေများဖြင့် ဆန်အိတ် ၅၀ ၀ယ်နိုင်ခဲ့သည်။ ဆန်အိတ်များကို ပဲ့ထောင် (စက်လှေ)ပေါ်သို့ တင်ပြီး ညနေ ၃-နာရီခန့်တွင် ဓနုဖြူမြို့လေးမှ ကမ်းပြိုဒုက္ခသည်များရှိရာ ရေပေါ်သောင်ကျေးရွာသို့ ဆန်တက်ခဲ့ကြသည်။
ဧရာဝတီမြစ်ကြီးပေါ်မှာ သွားနေရတဲ့ ခံစားမှုပီတိက ဘာနဲ့မှ လဲလို့ မရနိုင်ပါ။ ဧရာဝတီကို ဘာကြောင့် ချစ်သလဲ။ ကမ်းတစ်လျှောက်ဝဲယာမှ စိုက်ခင်းများ၊ ဥဒဟို စုန်၊ ဆန်သွားနေကြသော ပဲထောင်စက်လှေကြီးများ ကုန်တင်၊ ခရီးသည်တင် သင်္ဘောများကို ကြည့်လျှင် သိနိုင်ပါလိမ့်မည်။ ဧရာဝတီပေးကျွေးခဲ့သော ထမင်းလုတ်များကား မရေမတွက်နိုင်အောင် ရှိနေပါလိမ့်မည်။ မြန်မာပြည်သူတို့ထံတွင် အုံခဲတည်ရှိနေသော စွမ်းအားများအားလုံးသည် ဧရာဝတီ ခွံ့ကျွေးသော ထမင်းလုတ်များနှင့် မည်သူ ကင်းနိုင်ပါမည်လဲ။ ဧရာဝတီအပေါ်တွင် စာရေးသူတို့ ပေးဆပ်ရမည့်အကျွေးတွေ အမြောက်အများ ရှိနေသည်ဟု ခံစားမိခဲ့သည်။
“ဦးဇင်း ဟိုမှာ ကြည့်၊ အဲဒါ ဗန္ဓုလစစ်သူကြီး တည်ဆောက်ခဲ့တဲ့ ခံတပ်အဟောင်းကြီး”ဟု စက်လှေဆရာကြီးက လက်ညှိုးထိုးပြသည်။ “ကျုပ်ကို အဆိုးမြင်သူလို့ ပြောချင်လည်း ပြောတော့ဗျာ၊ ဘယ့်နှယ့်ဗျာ … ဒီလောက် သမိုင်းဝင်တဲ့ မြို့ရိုးကြီးကို ဒီအတိုင်း ပစ်ထားကြတယ်၊ ကြည့်စမ်းဗျာ၊ အပေါ်မှာ တဲအိမ်တွေ ဆောက်လုပ်ဆောက်၊ သစ်ပင်ကြီးတွေလည်း ပေါက်လို့၊ ထင်ရာတွေ ဖြစ်နေတာ၊ နောက်နှစ်လောက်ဆို ရေတိုက်စားသွားတော့မယ်”ဟု စာရေးသူ မြည်တမ်းမိသည်။ မြို့ရိုးအဟောင်းကြီးတွေ ပျက်တော့မည်။ လက်ပိုက်ကြည့်နေကြသည်။ “ဒီနေရာကို လူကြီးဆိုတဲ့သူတွေ တစ်ယောက်မှ လာမကြည့်ကြဘူးလားဗျ” “အော် အရှင်ဘုရားနှယ်၊ ဒီနယ်က စစ်သူကြီး ကျဆုံးသွားတဲ့ အရှုံးသမားရဲ့ နယ်လေဘုရာ့၊ မဟာဗန္ဓုလ ပြုတ်သွားတဲ့ မြေပေါ့၊ သူတို့က အစွဲကြီးတယ်၊ ဒီကို လာရင် နိမိတ်မကောင်းဘူးဆိုပြီး ဘယ်သူမှ မလာကြဘူး၊ အရှင်ဘုရား ကြည့်ပါလား၊ ဓနုဖြူမြို့နယ်မှာ အခြားလမ်းတွေက တော်တော်များများ ကတ္တရာလမ်းပေမယ့် ဗန္ဓုလစစ်သူကြီးရုပ်တုတည်ရှိတဲ့ ဒီ မြို့ဂုဏ်ရောင်လမ်းကတော့ မြေလမ်းကျောက်လမ်းပဲ ရှိသေးတယ်၊ နည်းနည်းမှ ပြုပြင်မပေးကြဘူး၊ စစ်သူကြီးရုပ်တုဘေးမှာလည်း ခြုံတွေ ပိတ်ဖုံးနေတယ်။ ဘယ်လိုကြည့်ကြည့်၊ စိတ်ချမ်းသာစရာတစ်ခုမှ မရှိဘူး၊ စိတ်ဆင်းရဲပါတယ်ဘုရား”ဟု ဆိုသည်။ “အော် ဖြစ်ရလေ”ဟုသာ အသံထွက်နိုင်ခဲ့သည်။
ဧရာဝတီမြစ်ကို တဖြည်းဖြည်း ဆန်တက်လာရင်း ကမ်းပြိုနေသော နေရာအချို့ကို တွေ့လာရသည်။ လူနေအိမ်ခြေများတော့ မရှိ။ စိုက်ခင်းလေးများက တအိအိ မြစ်ပြင်ထဲ ထိုးဆင်းကာ မြစ်ရေနှင့်အတူ ပါသွားနေကြသည်။ ပြိုနေသောကမ်းလေးများကို ကြည့်ရင်း စာရေးသူတို့ စကားတွေ ပြော၊ ဓာတ်ပုံတွေရိုက်နေကြတော့ ဧရာဝတီသူ ဒကာမကြီးက “အရှင်ဘုရား … ဒါက အပြိုလေးပဲ ရှိသေးတယ်၊ အပြိုကြီးတွေ မကြာခင် တွေ့ရတော့မယ်၊ အပြိုကြီးတွေ တွေ့မှ ရိုက်ကြ”ဟု ဆိုသည်။ ဒကာမကြီးစကားကြောင့် အားလုံး ရယ်မောခဲ့ကြသည်။
ရေပေါ်သောင်ကျေးရွာကို ရောက်ခါနီးတော့ လှေက ဒုန်းဆို ရပ်သွားသည်။ မြစ်ပြင်နှင့် မရင်းနှီးသော စာရေးသူတို့ အနည်းငယ် ဖြုံသွားခဲ့သည်။ “ဖြည်းဖြည်း၊ ဖြည်းဖြည်း၊ လှေကို နောက်ပြန်ဆုတ်၊ လှေကို နောက်ပြန်ဆုတ်”ဟု ပဲ့ကိုင်သူက အော်သည်။ လှေက အောက်က သောင်ပြင်ကို ထိသွားခြင်း ဖြစ်သည်။ “အော် ဦးဇင်းက ဒီရေတွေက အနက်ကြီးလို့ ထင်တာ၊ အခုတော့ မြစ်ပြင်ကျယ်ကြီးအလယ်မှာတောင် ၂-တောင်လောက်တောင် ရေက မနက်ပါလား”လို့ ပြောမိသည်။ “အရှင်ဘုရားတို့ ကံကောင်းတာ၊ စက်လှေက ကြီးလို့သာပေါ့၊ လှေသေးရင် အဲ့ဒီလို ရုတ်တရက် သဲခုံနဲ့ ၀င်တိုးရင် မှောက်တာပဲဘုရား၊ သတိထားပြီး မောင်းနေရတာ၊ ဧရာဝတီမြစ်ရေက ရေနက်ရှိတဲ့နေရာ ရွေးပြီးမောင်းနေရတာ၊ သင်္ဘောကြီးတွေဆို မောင်းလို့ မရတော့ဘူး၊ မောင်းရင်လည်း ရေလမ်းကြော ရှာပြီးမောင်းရတာ။ မိုးတွင်းလောက်ပဲ ရေများတော့တာ”ဟု ရှင်းပြသည်။ သူပြောမှ သတိထားကြည့်မိသည်။ စက်လှေကြီးတွေတောင် ၀ါးထောက်ပြီး ရေကြောင်းစမ်းကာ မောင်းနေရသည်။ “အော် ဧရာဝတီ၊ မင်း အားတွေ နည်းနေပြီလား”
ရေပေါ်သောင်ကျွန်းရွာလေးတွေကို ရောက်တော့ အတော်မှောင်သွားပြီ။ ရွာဦးကျောင်းက ဦးဇင်းတစ်ပါးနှင့် ဒကာအချို့ မြစ်ကမ်းကို လာကြိုသည်။ ဆိပ်ကမ်းဟူ၍ သက်သက်မှတ်မှတ်တော့ မရှိပါ။ အဆင်ပြေတဲ့နေရာမှာ ဆိုက်ကပ်ပြီး ကမ်းပေါ်တက်ကြရခြင်း ဖြစ်သည်။ ဘုန်းကြီးကျောင်းသို့ ဓာတ်မီးများ တ၀င်းဝင်းဖြင့် လယ်ကွင်းများ၊ စိုက်ခင်းများကို ဖြတ်ကာ သွားကြသည်။ ဒေသသစ်ကို သွားရသဖြင့် အားလုံးပျော်နေကြသည်။ ရွာဦးကျောင်းက မီးစက်ထွန်းထားသဖြင့် လင်းနေသည်။ ရွာဘက်မှာတော့ အများအားဖြင့် မှောင်သည်။
ရောက်ရောက်ချင်း ရွာဦးကျောင်းဆရာတော်ကို ၀တ်ချသည်။ ဆရာတော်ကြီးကား သက်တော် ၉၄-နှစ် ရှိပြီဖြစ်သည်။ နားကလည်း မကောင်းသဖြင့် စကားကို အကျယ်ကြီး ပြောရသည်။ “တပည့်တော်က မျက်စိကလည်း မကောင်း၊ နားကလည်း မကောင်းတော့ အရှင်ဘုရားတို့နဲ့ စကားပြောရမှာ အားနာတယ်၊ အဆင်ပြေသလို နေကြ”ဟု အမိန့်ရှိသည်။ စာရေးသူတို့က သိချင်တာများကို မေးကြသည်။ ဆရာတော်ကြီးသည် မြင်းခြံဇာတိ၊ အညာသားဖြစ်သည်။ သို့ရာတွင် ရေပေါ်သောင်ကျေးရွာသို့ ခဏအလည်လာရင်း ကလေးငယ်များကို စာသင်ပေးရာကနေ ကလေးများကို သံယောဇဉ်ဖြစ်ပြီး အပြီးနေထိုင်ဖြစ်သည်ဟု ဆိုသည်။ “တပည့်တော်က ၁၉၇၁-ခုနှစ်ကတည်းက ဒီရွာကို ရောက်တာ၊ တပည့်တော်ရောက်တုန်းက ဒီကျွန်းကို တစ်ပတ်ပတ်မိဖို့အတွက် မြင်းနဲ့တစ်နေကုန် သွားမှ ပတ်မိတယ်၊ အခုတော့ ဒီကျွန်းကို ပတ်မိဖို့ ခဏလေးပဲ၊ တဖြည်းဖြည်းနဲ့ ကျွန်းလည်း ကုန်ပါပြီ၊ ကျေးရွာသူတွေလည်း ဟိုပြေးဒီပြေးနဲ့ ဒုက္ခပါပဲ၊ တပည့်တော် ဒီကျောင်းတောင်မှ အရင်က ဟိုးဘက်နားမှာ၊ ကျောင်းကို ရွှေ့ရတာလည်း နှစ်ခါရှိသွားပြီ”စသဖြင့် ပြောပြသည်။ စိတ်ဝင်စားစရာ၊ မေးချင်မြန်းချင်တာများရှိသော်လည်း ဆရာတော်ကြီးကို အားနာသဖြင့် ဆက်မမေးဖြစ်ခဲ့ပေ။
ခဏနားပြီးတာနှင့် အဖွဲ့ခေါင်းဆောင် ဦးနာဂိန္ဒ ဦးဆောင်ကာ ဒုက္ခရောက်သူများအား ဆန်ဝေငှမည့်အစီအစဉ် ဆွဲကြသည်။ စာရေးသူတို့ ရေပေါ်သောင်ကျေးရွာကို ရောက်လာသည့်တိုင်အောင် ကျွန်းလေးမှာ သေးသေးလေးဟု ထင်လာခဲ့ကြသည်။ ရွာသူရွာသားများနှင့် စကားပြောကြည့်မှ ရေပေါ်သောင်ကျေးရွာဆိုသည်မှာ ခေါ်ရလွယ်အောင် နာမည်တစ်မျိုးတည်းကို အသုံးပြု ခေါ်ဝေါ်နေကြကြောင်း သိရသည်။ ရေပေါ်သောင်ကျေးရွာအုပ်စု သို့မဟုတ် ရေပေါ်သောင်ကျွန်းပေါ်တွင် ရေပေါ်သောင်၊ သရက်တော၊ တောင်စု၊ မအူကုန်း၊ ကျောင်းကုန်း၊ အလယ်ကင်း၊ ရွာသစ်ဟု ကျေးရွာပေါင်း ၇-ရွာရှိကြောင်း သိရသည်။ အရင်ကဆိုလျှင် ရေပြန်နှင့် သဲရိုးဟူသော ရွာနှစ်ရွာလည်း ထိုကျွန်းပေါ်တွင် ရှိသည်ဟု ဆိုသည်။ ကျွန်းကို ရေတိုက်စားပြီး ကမ်းပြိုသဖြင့် ရေပြန်ရွာနှင့် သဲရိုးရွာတို့မှာ မြစ်တစ်ဖက်ခြမ်းသို့ ရောက်ကုန်သည်။ ရေပေါ်သောင်ကျွန်းပေါ်တွင် လူဦးရေ ၄၀၀၀-ကျော်ရှိကြောင်း သိရသည်။
“ဒုက္ခပါပဲဘုရား၊ ကမ်းပြိုလို့ အိမ်တွေ ရွှေ့ရပြောင်းရတော့လည်း လက်ထဲ ပိုက်ဆံရှိတဲ့သူက ပြဿနာမရှိဘူး၊ တစ်ခြားနေရာမှာ မြေ၀ယ်ပြီး ရွှေပြောင်းလိုက်ရုံပဲဘုရား၊ တစ်ချို့ကျတော့လည်း အိမ်က ကမ်းပြိုတဲ့အထဲ ပါသွားပေမယ့် ယာခင်းတွေ ပိုင်ထားတော့ ယာခင်းထဲ သွားနေရုံပဲ။ တပည့်တော်တို့ကတော့ ပိုက်ဆံလဲ မရှိ၊ ယာခင်းလည်း မပိုင်ဆိုတော့ နေစရာနေရာကို မရှိတော့ဘူးဘုရား။ တပည့်တော်တို့လို လူတွေက အများကြီးပဲ”ဟု ဒကာမကြီးတစ်ဦးက ၀မ်းနည်းဖွယ် ပြောပြသည်။ “ဒီလိုဆို ဘယ်မှာ ဘယ်လို သွားနေကြတုန်း”ဆိုတော့ “ဒီလိုပဲ အခြားအိမ်ဝိုင်းထဲမှာ သင့်တော်တဲ့ဈေးနဲ့ အကြွေးဝယ်ပြီး နေရတာပေါ့”ဟု ဆိုသည်။ “ဒီကျွန်းမှာ အိမ်ကောင်းကောင်းလည်း မဆောက်ချင်ကြတော့ဘူး၊ ဘာလို့လည်းဆိုတော့ မြစ်ကမ်းက တဖြည်းဖြည်းချင်း ပြိုလာတော့ အိမ်ရွှေ့ရတာနဲ့ပဲ မပြီးနိုင်ကြတော့ဘူး။ အခုဆိုရင် ရွာသားတွေဆိုရင် အလုပ်ကို ကောင်းကောင်းမလုပ်နိုင်ကြတော့ဘူး။ အလုပ်လုပ်မယ်ရှိသေးတယ်၊ ဘယ်သူ့အိမ်တော့ ကမ်းပြိုတဲ့အထဲ ပါတော့မယ်၊ အိမ်ကို ၀ိုင်းဝန်းဖျက်ပေးကြဖို့၊ ရွှေ့ပြောင်းပေးဖို့ချည်းပဲ လုပ်နေရတယ်ဘုရား”ဟု ဆိုသည်။ ရပ်ရွာလူကြီးများကလည်း ကမ်းပြိုတဲ့ကိစ္စကို သူနှင့်မဆိုင်သလို ဘာအကူအညီမှ မပေးဟု ဆိုသည်။ အမှန်တကယ်ဆိုလျှင် သက်ဆိုင်ရာလူကြီးများနှင့်တိုင်ပင်ပြီး ဆင်းရဲသောကရောက်နေသူများကို တစ်စုံတစ်ရာ အကူအညီပေးဖို့ ကြိုးစားနေသင့်သည်။
နောက်နေ့ မိုးလင်းသောအခါ ကမ်းပြိုသည့်နေရာများသို့ စက်လှေဖြင့် လိုက်ပို့သည်။ “ဟိုးရှေ့က စေတီလေး တွေ့လားဘုရား၊ အဲဒီစေတီလေးက အရင်က ဟိုးဘက်နားလောက်မှာ ရှိတာ”ဟုဆိုရင်း မြစ်ပြင်ကျယ်ကြီးအလယ်ကို လက်ညှိုးညွှန်ပြသည်။ စာရေးသူတို့မျက်စိရှေ့မှာတင် မြစ်ကမ်းပါးများမှာ တ၀ုန်းဝုန်းပြိုကျနေသည်။ အရင်က ဒီမြစ်ကျောဆိုတာ ဟိုဘက်ဒီဘက် လှမ်းခေါ်လို့ ရလောက်အောင် ကျဉ်းမြောင်းသည်ဟု ဆိုသည်။ ယခုအခါ မြစ်ပြင်ကြီးမှာ တစ်ဖက်ကမ်းနှင့်တစ်ဖက်ကမ်း ပုံရိပ်များက ဝေေ၀၀ါးဝါးသာ တွေ့မြင်ရတော့သည်။ “အရှင်ဘုရား … ဟိုး ရှေ့က တွေ့နေရတဲ့အိမ်တွေနဲ့ သရက်တောကျောင်းဆိုရင် နောက်နှစ်မိုးတွင်းဆို မြစ်ထဲရောက်နေလောက်ပြီ၊ ဒီရက်ထဲမှာပဲ သရက်တောကျောင်းကို ရွှေ့ကြမယ်ဘုရား”ဟု ဒကာမတစ်ယောက်က ရှင်းပြနေသည်။ ယခုအချိန်မှာတောင် ၁၅၀-ကျော်ဟာ မြစ်ထဲပါသွားခဲ့ပြီးပြီ။ နောင်ဆိုရင် ရေပေါ်သောင်ကျွန်းလေးတစ်ခုလုံးပျောက်ကွယ်သွားတော့မယ်လို့တောင် ရွာသားတွေ ပြောနေကြသည်။ ဒီပြိုနှုန်းအတိုင်းသာဆိုလျှင် ရေပေါ်သောင်ကျွန်းလေးပေါ်က ရွာသားတို့၏ သောကနှင့်ငိုရှိုက်သံများကို နေ့စဉ် ကြားနေရပေအုံးမည်။
“နေစမ်းပါအုံး ဒကာကြီး၊ ဒီကမ်းပြိုတာတွေက ဘာဖြစ်လို့ ပြိုတာလဲ”ဟု မေးမိသည်။ စာရေးသူလည်း သဘာဝတရားနှင့် ဘူမိဗေဒပညာကို နားမလည်သဖြင့် သူတို့ အယူအဆကို သိလိုသဖြင့် မေးမိသည်။ “အရှင်ဘုရား တပည့်တော်တို့ ယုံကြည်တာကတော့ ကျောက်တူးသမားတွေကြောင့်ပါပဲ။ ကျောက်တူးသမားတွေက တပည့်တော်တို့ ရွာနားက မြစ်ပြင်မှာ ကျောက်တွေ ထုတ်ယူကြတယ်၊ သူတို့ ကျောက်တွေ ထုတ်ယူပြီဆိုရင် နည်းနည်းနောနော မဟုတ်ဘူး၊ သင်္ဘောနှစ်စီးစာ၊ နှစ်စီးစာနဲ့ သင်္ဘောအစီးပေါင်းများစွာ တူးယူကြတယ်။ အရှင်ဘုရား စဉ်းစားကြည့်ပေါ့၊ ကျောက်တင်သင်္ဘောတစ်စီးစာဆိုရင်ကို မြစ်ထဲမှာ ဂလိုင်တွင်းကြီး ဘယ်လောက်ကြီးနေမလဲဆိုတာကို။ ရေဆိုတာ နိမ့်တဲ့ဘက်ကို စီးတယ်။ ဂလိုင်တွင်းကြီးတွေရှိတော့ မြစ်ရေက တပည့်တော်တို့ ရွာဘက်ကို အားပြင်းပြင်းနဲ့ ဦးတည်စီးတော့တာပေါ့။ ရေအားတွေ အဆမတန်များပြီး ကမ်းကို ၀င်ဆောင့်တော့ ကမ်းတွေ ပြိုတာပေါ့ဘုရား၊ တကယ်တော့ ဒီဝိသမလောဘသမား ကိုယ်ကျိုးကိုယ်သာကြည့်တတ်တဲ့ သူဌေးတွေကြောင့်ပါပဲ”ဟု ဒကာကြီးက သူတို့ အယူအဆကို ပြောပြသည်။
စာရေးသူလည်း သဘာဝပတ်ဝန်းကျင်အကြောင်း၊ ပထ၀ီအကြောင်း ကောင်းကောင်းမသိသော်လည်း ဉာဏ်မီသလောက် စဉ်းစားမိသည်။ လမ်းတစ်လျှောက်မှာ ဥဒဟို ဆင်းတက်နေသော ကျောက်တူးသင်္ဘောကြီးများနှင့် သင်္ဘောပေါ်တွင် ကျောက်တွေတနင့်တပိုး တင်ပြီးခုတ်မောင်းနေကြသော သင်္ဘောကြီးများကို မြင်ယောင်မိသည်။ “နေပါအုံး၊ ရွာသူကြီးက ဒီကိစ္စကို အထက်ကို တင်ပြပြီး တစ်ခုခု မလုပ်ဘူးလား”ဟု ဆိုတော့ “မသိပါဘူးဘုရား၊ အခုချိန်ထိတော့ ဘာမှလုပ်တာ မရှိသေးဘူး၊ ဘာအကူအညီမှလည်း ရောက်မလာသေးဘူး။ ဒါပေမယ့် အရှင်ဘုရားတို့ တွေ့မိမယ် ထင်တယ်၊ မဏ္ဍပ်ထိုးထားတာလေ။ အဲဒါ လူကြီး လာမှာမို့တဲ့။ လူကြီးက အက်ျီနဲ့စားစရာအချို့ ဝေမယ်လို့ သိရတယ်။ ဒါကလည်း တပည့်တော်တို့ ဒုက္ခရောက်လို့ဆိုပြီး ဝေမှာ မဟုတ်ပါဘူး။ သူတို့ ရွေးကောက်ပွဲအတွက် မဲလာဆွယ်ကြတာပါ။ သူတို့ဝေတာ လက်ခံပြီးတာနဲ့ တပည့်တော်တို့က သူတို့ကို ထောက်ခံမဲပေးသူတွေ အလိုလို ဖြစ်သွားကြမှာ”ဟု ရှည်ရှည်ဝေးဝေး ရှင်းပြနေခဲ့သည်။
စိတ်မကောင်းဖြစ်ရုံ၊ ရင်လေးမိရုံမှတစ်ပါး ဘာမှ မတတ်နိုင်ခဲ့ပါ။ ဒုက္ခရောက်နေတာ၊ မြစ်ကမ်းပါးတွေ အချိန်တိုင်း ပြိုနေခဲ့တာကတော့ မျက်မြင်ကိုယ်တွေ့ ဖြစ်ပါသည်။ ကမ်းပြိုသည့်ကိစ္စဆိုတာ အစိုးရကိုယ်တိုင်က ရေရှည်ကာကွယ်တဲ့စနစ် လုပ်ဆောင်ပေးမှ အေးနိုင်မည့် အခြေအနေ ဖြစ်နေပါသည်။ တာဝန်သိပုဂ္ဂိုလ်များအနေဖြင့် လက်ပိုက်ကြည့်မနေသင့်တော့ပါ။ ရေပေါ်သောင်ကျွန်းလေး မကွယ်ပျောက်မီ စီမံကိန်းချ လုပ်ဆောင်နေသင့်ပါပြီ။