ကြွက်လေးတစ်ကောင်ဟာ လယ်သမားဇနီးမောင်နှံ
အထုပ်လေးတစ်ထုပ် ဖြည်နေကြတာကို နံရံအက်ကြောင်းလေးထဲကနေ ကြည့်နေတယ်။ ဘယ်လို
စားစရာလေးများ ပါလိမ့်မလဲပေါ့။
သေချာကြည့်လိုက်တော့
ကြွက်ထောင်ချောက်တစ်ခုဖြစ်နေတာကို တွေ့လိုက်တယ်။ သူကိုယ်တိုင်တွေ့လိုက်ရတော့
အံ့သြတုန်လှုပ်သွားတယ်။
ဒီလိုနဲ့ ကြွက်လေးဟာ လယ်တောတစ်ခွင်
လှည့်လည်ပြီးတော့ “အိမ်ထဲမှာ ကြွက်ထောင်ချောက်ရှိတယ်ဟေ့” “အိမ်ထဲမှာ ကြွက်ထောင်ချောက်ရှိတယ်ဟေ့”လို့
လိုက်အော်ပြီး သတိပေးပါတယ်။
ကြွက်လေးရဲ့ သတိပေးသံကို ကြားတော့
ကြက်မကြီးက “ကတော့ ကတော့”နဲ့ အော်ပြီး သူ့အမွေးတွေကို ပွတ်သပ်ရင်း ခေါင်းထောင်ကာ
“မစ္စတာ ကြွက်ရေ … ဒါက ရှင့်အတွက်တော့ တကယ့် စိုးရိမ်စရာကြီး တစ်ခုပေါ့။
ကျွန်မတို့အတွက်တော့ ဘာအကျိုးသက်ရောက်မှုမှ မရှိပါဘူးရှင်၊ ကျွန်မတို့ကို
ဘာအနှောက်အယှက်မှ မပေးနိုင်ပါဘူးရှင်”လို့ ပြောလိုက်ပါတယ်။
ဒါနဲ့ ကြွက်လေးဟာ
မစ္စတာဝက်ဆီကို သွားခဲ့ပြီး “အိမ်ထဲမှာ ကြွက်ထောင်ချောက်ရှိတယ်။ အိမ်ထဲမှာ
ကြွက်ထောင်ချောက်ရှိတယ်”လို့ ဆိုပြန်တယ်။ ထိုအခါ မစ္စတာဝက်က “ဟေ … အိမ်ထဲမှာ
ကြွက်ထောင်ချောက်ရှိတယ်၊ ဟုတ်လား။ ၀မ်းနည်းပါတယ် မစ္စတာကြွက်။ ဒါတော့ ကျုပ်လည်း
ဘာမှ မတတ်နိုင်ပေါင်”လို့ သူနဲ့မဆိုင်သလို ပြောလိုက်တယ်။
ဒါနဲ့ ကြွက်လေးဟာ မစ္စတာနွားဆီကို
သွားပြန်တယ်။ “မစ္စတာနွား … မစ္စတာနွား … အိမ်ထဲမှာ ကြွက်ထောင်ချောက်တစ်ခု
ရှိတယ်ဗျ”လို့ ပြောလိုက်တဲ့အခါ မစ္စတာနွားက “အိုး … မစ္စတာ ကြွက် …
ဝမ်းနည်းပါတယ်ဗျာ၊ ကျုပ်နှာခေါင်းကိုတော့ ကြွက်ထောင်ချောက်က ဘာမှ
မဖြစ်စေပါဘူး”လို့ မထီမဲ့မြင်ပုံစံနဲ့ ပြောလိုက်တယ်။
ဒါနဲ့ ကြွက်လေးဟာ
သူ့စကားကို ဘယ်သူမှ အရေးတယူ မလုပ်ကြတဲ့အတွက် တိုက်နံရံကြားက သူ့နေရာလေးမှာ
ခေါင်းငိုက်စိုက်နဲ့ စိတ်ပျက်နေရှာတယ်။
အဲဒီည
တိတ်ဆိတ်နေတဲ့အချိန်မှာ ကြွက်ထောင်ချောက်လေးဆီမှ ဖျောက်ခနဲ ကျယ်လောင်တဲ့အသံကို
ကြားလိုက်ကြရတယ်။ အိမ်ရှင်မဟာ ကြွက်တစ်ကောင်တော့ မိပြီဆိုတဲ့အတွေးနဲ့
ထောင်ချောက်ရှိရာကို လာခဲ့တယ်။ ညကလည်း မှောင်မဲနေတော့ ဘာကိုမှ မမြင်ရဘူးလေ။ တကယ်တော့
ကြွက်ထောင်ချောက်မှာ မိနေတာက ကြွက်မဟုတ်ဘဲ မြွေတစ်ကောင်ရဲ့ အမြီးပိုင်းဖြစ်နေခဲ့တယ်။
ဒါနဲ့ စိတ်ဆိုးနေတဲ့ မြွေဟာ အိမ်ရှင်မကို ကိုက်လိုက်ပါတော့တယ်။
လယ်သမားဟာ
အိမ်ရှင်မဖြစ်သူကို ဆေးရုံကို အမြန်ပို့တယ်။ ချက်ချင်းတော့ သေမသွားခဲ့ဘူး။
အပြင်းအထန် ဖျားနာလျက် အိမ်ကို ပြန်ခဲ့တယ်။ အပြင်းအထန် အဖျားတက်နေပြီဆိုရင်
ဖျားနာသူကို လတ်ဆတ်တဲ့ ကြက်စွပ်ပြုတ်လေး တိုက်တတ်ကြတယ် မဟုတ်လား။ ဒါနဲ့ လယ်သမားဟာ
ပေါက်ဆိန်ကို ယူပြီး လယ်တဲထဲက ကြက်ကို သတ်ပြီး စွပ်ပြုတ်လုပ်ကာ အိမ်ရှင်မကို
တိုက်ကျွေးလိုက်ပါတယ်။
ဒါပေမယ့် အိမ်ရှင်မဟာ
ပိုပိုပြီး ဆိုးလာခဲ့တယ်။ အိမ်နီးနားချင်းတွေကလည်း စိုးရိမ်စိတ်နဲ့ အိမ်ရှင်မနားက
မခွါဘူး။ ၂၄-နာရီလုံး အမြဲတမ်း လာစောင့်ပေးကြတယ်။ ဒါနဲ့ သူတို့ကို ဧည့်ခံဖို့
အိမ်မှာမွေးထားတဲ့ ၀က်ကို သတ်ပြီး ချက်ကျွေးလိုက်ရတယ်။
အိမ်ရှင်မဟာ ဘယ်လိုပဲ ကုသကုသ၊
မသက်သာလာခဲ့ဘဲ နောက်ဆုံးမှာ သေဆုံးသွားခဲ့တယ်။ သူမရဲ့ အသုဘကို လူတွေ အများကြီး
လာကြတယ်။ အကျွေးအမွေးအတွက် မလုံလောက်တဲ့အတွက် လယ်သမားဟာ အိမ်မှာရှိတဲ့ နွားကို
သတ်ပြီး ကျွေးမွေးခဲ့ရတယ်။ ထိုအချိန်မှာ ကြွက်လေးဟာ
တိုက်နံရံအက်ကွဲကြားကနေ ၀မ်းနည်းပူဆွေးစွာနဲ့ ကြည့်နေခဲ့တယ်။
ကဲ … ဘယ်လိုလဲ ….
သင့်ရဲ့ ပတ်ဝန်းကျင်၊ သင့်အပေါင်းအသင်းတွေထဲက
တစ်ယောက်ယောက်ဟာ ပြဿနာ အခက်အခဲတစ်ခုခုကို ရင်ဆိုင်နေရပြီဆိုရင် သင့်အနေနဲ့
ကိုယ်နဲ့မဆိုင်ဘူးလို့ ယူဆအုံးမလား။ အဲဒီလို ယူဆနေမိတယ်ဆိုရင် ပြင်လိုက်ပါ။
ဒီပုံပြင်ထဲက ကြက်လို၊ ၀က်လို၊ နွားလို ဒုက္ခရောက်ရပါလိမ့်မယ်။
သင် မှတ်ထားဖို့က သင့်ပတ်ဝန်းကျင်က
တစ်ဦးတစ်ယောက် ဒုက္ခတွေ၊ ပြဿနာတွေ ရင်ဆိုင်နေရပြီဆိုရင် သင်တို့အားလုံးဟာ ပြဿနာကို
ရင်ဆိုင်နေရကြတာ ဖြစ်ပါတယ်။ ကိုယ်နဲ့မဆိုင်ဘူးလို့ ပစ်ထားရင်တော့ သင်လည်းပဲ
ဒုက္ခရောက်ရပါလိမ့်မယ်။
ဘ၀ဆိုတဲ့ ခရီးရှည်ကြီးမှာ
ကျွန်ုပ်တို့အားလုံးဟာ ပြဿနာတွေ၊ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။ တစ်ဦးကိုတစ်ဦး
ဖေးမကူညီမှုမရှိရင် ဘ၀လမ်းခရီးတွေဟာ ဖြောင့်တန်းဖို့ မလွယ်ပါဘူး။
Ref: Social Plan ဆိုတဲ့ စာတိုလေးကို ဆီလျော်အောင် ဘာသာပြန်တယ်။
No comments:
Post a Comment