သူမကို စမြင်လိုက်တော့ ကျွန်တော်က သာမန်လူတစ်ယောက်လို့ပဲ မြင်လိုက်မိသည်။ နောက်ပိုင်း အနီးကပ်သေချာပေါင်းကြည့်သောအခါ သူမသည် တကယ့်သာမန်လူယောက်ကဲ့သို့ ထူးဆန်းသောလူတစ်ယောက် ဖြစ်နေလေသည်။ သူမသည် လူတစ်ယောက်လို စားပါသည်။ လူတစ်ယောက်လို သွားပါသည်။ လူတစ်ယောက်လို စကားပြောပါသည်။ သူမက လူတစ်ယောက်လို ပီပီသသကြီး နေလေလေ ကျွန်တော်က တကယ့်ကို အံ့ဖွယ်သာမန်လူတစ်ယောက်လို ထင်မိလေဖြစ်ပါသည်။ သူမနှင့်တွေ့စဉ်က မိုးတွေ အရမ်းရွာနေခဲ့သည်။ သို့ရာတွင် ကောင်းကင်က ကြည်လင်သန့်ရှင်းနေသည်။
သူမသည် အရာအားလုံးကို တစ်ယောက်ယောက်က ဖန်ဆင်းထားတယ်ဆိုသော ၀ါကျကို မကြိုက်ပါ။ ကိုယ့်ဘ၀ကို ကိုယ်သာ ဖန်ဆင်းတယ်ဆိုသော ၀ါကျကို ကြိုက်ပါသည်။ အဘယ့်ကြောင့်ဆိုသော် အိမ်က အမွေးစုတ်ဖွား ခွေးဖြူလေးကို သူမကိုယ်တိုင် ဈေးက ၀ယ်လာပြီး မွေးထားသောကြောင့် ဖြစ်လေသည်။ အားလပ်သည့်အချိန်တိုင်း ထိုကဲ့သို့ အဓိပ္ပာယ်ရသော သို့မဟုတ် ထိုအဓိပ္ပာယ်နှင့်ဆင်တူသော စကားများကို ဖုန်းဆက်ကာ ပြောပြတတ်လေသည်။ သူမသည် မြသန်းတင့်၏ မယာဘုံကို နှစ်သက်သလို မာယာကော့စကီး၏ ဘောင်းဘီဝတ်မိုးတိမ်ကိုလည်း ကြိုက်ပါသည်။ “ဖြစ်နိုင်ရင် အမှန်တရားနဲ့ နီးစပ်ချင်တာပဲ။ ဖြစ်နိုင်ရင်တော့ ဘာတစ်ခုမှ မဖြစ်ချင်ပါဘူး”ဟု မကြာခဏ ပြောတတ်ပါသည်။ သူမဆီက ထိုစကားများကို ကြားရသောအခါတိုင်း သူမသည် ခါတိုင်းထက် ပိုကြည်လင်တောက်ပနေတတ်ပါသည်။
တစ်နေ့က လူတစ်ယောက်က ကမ္ဘာကြီး ပူနွေးလာမှုနှင့် ပတ်သက်သောအကြောင်းအရာများကို ပြောနေသည်။ နောင်နှစ်ပေါင်း ၁-သန်းခန့်ရှိလျှင် ကမ္ဘာကြီး ပျက်စီးလာနိုင်သဖြင့် စိုးရိမ်မိပါကြောင်း ပြောနေသည်။ လူအများက နားထောင်နေရင်း မနက်ဖြန်သဘက်ခါပဲ ကမ္ဘာပျက်တော့မလို စိုးရိမ်စိတ်များ ၀င်နေပုံရသည်။ သူမက ဘေးကနေ သာမန်လူတစ်ယောက်ကဲ့သို့ ပြုံးနေပြီး သာမန်လူတစ်ယောက်လို ရယ်မောနေပါသည်။ သူမပါးစပ်က “နောင် နှစ်ပေါင်း ၁-သန်း၊ ဟုတ်လား”ဟု တဖွဖွ ပြောရင်း ရယ်နေသည်။ ရယ်နေရင်း သူမမျက်လုံးများက စကားဝိုင်းကလူတွေ လက်ထဲက ကြွပ်ကြွပ်အိတ်များကို ငေးနေသည်။
တစ်နေ့က သူမသည် အော့ချဝစ်လမ်းထဲ လျှပ်တပြက် ချိုးကွေ့ဝင်လိုက်သည်။ အမှိုက်ပုံမှာ အစာစားနေတဲ့ လမ်းဘေးခွေးတစ်ကောင်က ဖျက်ခနဲ လမ်းပေါ်တက်လာလိုက်တော့ ကားတစ်စီးနှင့် တိုးတိုက်မိသည်။ ကားကို ဘရိတ်အုပ်လိုက်သော်လည်း နောက်ကျသွားခဲ့ပြီ။ လူတွေအများကြီး ၀ိုင်းကြည့်နေကြသည်။ သူမလည်း ကားပေါ်က ဆင်းလိုက်သည်။ ကားအောက်တွင် သွေးသံတရဲရဲနှင့် လဲလျောင်းနေသော ခွေးလေးထံမှာ သူ့အကြည့်တွေ စိုက်ဝင်သွားသည်။ ကားနောက်ခန်းထဲက ဆာလာအိတ်ကို ထုတ်လိုက်သည်။ ခွေးလေးကို ထည့်သွားပြီး မြို့ပြင်သို့ မောင်းသွားခဲ့သည်။ ကားမောင်းနေရင်း သူမစိတ်ထဲတွင် “မောင်ကံဆိုးလေးပဲ”ဟု ရေရွတ်ရင်း ခွေးလေးကို “မောင်ကံဆိုးလေး”လို့ အမည်ပေးလိုက်သည်။ လူတွေက သူမကို ထူးဆန်းသလိုလို အကြည့်များနှင့် ၀ိုင်းငေးနေခဲ့ကြသည်။ သူမကို “အတော်ထူးဆန်းတဲ့ ကောင်မလေးပဲ”ဟု ကောက်ချက်ချနေခဲ့ကြသည်။
ကျွန်တော်သည် သူမလို သာမန်လူတစ်ယောက်နှင့်တွေ့ရတာ အလွန်ဝမ်းသာပါသည်။ နေ့စဉ်ဘ၀များတွင် အကာသက်သက် ပကာသနများနှင့် ဘောင်းဘီဝတ်ထားသော မိုးတိမ်များကိုသာ တွေ့မြင်နေရသည်။ မြေပြင်တွင် လမ်းလျှောက်ကြသူများဖြစ်သည့်အတွက် ဖိနပ်များ ခြေထောက်တွင် စီးကြခြင်းကို စောဒက မတက်လိုသော်လည်း နူးညံ့သော ကော်ဇောကြီးများပေါ် ဖိနပ်စီး လမ်းလျှောက်တတ်သော သတ္တ၀ါများအကြောင်းကိုတော့ ခေါင်းရှုပ်ခံ မစဉ်းစားမိဖို့ အတော်ကြိုးစားခဲ့ရပါသည်။ သူမသည်ကား ၂၁-ရာစု၏ သမီးပျိုမဟုတ်သလို ၂၁-ရာစု၏ အလှများလည်း မရှိပါ။ သို့ရာတွင် သူမအသက်သည် ၂၁-နှစ် ဖြစ်ပါသည်။ အမှန်တကယ်တော့ သူမသည် ဘာမှ မဟုတ်ပါ။ သူမအနေဖြင့်လည်း သူမသည် ဘာမှ မဟုတ်သည့်အတွက် အလွန်ဂုဏ်ယူကြောင်း မကြာခဏ ပြောနေတတ်သည်။ ထို့ကြောင့်ပင် ကျွန်တော်သည် သူမကို သာမန်လူတစ်ယောက်လို အထင်ကြီး လေးစားမိခြင်း ဖြစ်ပါသည်။
ကျွန်တော်တို့သည် ကျွန်တော်တို့နှင့်ပတ်ဝန်းကျင်အကြောင်း နှိုင်းယှဉ်သုံးသပ်ကြည့်မိတိုင်း အမြဲတမ်း ကျွန်တော်တို့သာ အနိုင်ရပါသည်။ ကျွန်တော်တို့နှင့်ပတ်ဝန်းကျင် အမှန်တရားအကြောင်း သုံးသပ်ပြောဆိုကြတိုင်း အမြဲတမ်း ကျွန်တော်တို့ကသာ မှန်ကန်ကြောင်း ကောက်ချက်ချကြသည်။ သူသည် “အမှန်တရားသည် ဘယ်တော့မှ မမှား”ဆိုသော စကား၏ စက်ဆုပ်စရာကောင်းမှုကို စဉ်းစားနေမိသည်။ အမှန်က အမှန်များအားလုံးသည် မှားနိုင်သလို အမှားများအားလုံးသည်လည်း မှန်နေနိုင်ပါသည်။ အမှန်အချို့သည် မှားနေနိုင်သလို အမှားအချို့သည်လည်း မှန်နေနိုင်ပါသည်။
သူမသည် မာရီနာဘေးက တိုးတိုးညှင်းညှင်း လှိုင်းခတ်သံကို ကော်ဖီတစ်ခွက်နှင့် နားဆင်နေတတ်သလို စိတ်တည်ကြည်ဖြောင့်မတ်မှုလမ်းစဉ် သတိပဋ္ဌာန်အလုပ်ကိုလည်း နေ့စဉ်မပြတ် အားထုတ်တတ်သူတစ်ယောက် ဖြစ်လေသည်။ “မာရီနာဘေးက လှိုင်းပုတ်တဲ့အသံလေးက သိပ်နားထောင်လို့ ကောင်းတာပဲ”လို့ မကြာခဏ ပြောနေတတ်သလို “နှာသီးဖျားမှာ တိုးဝှေ့သွားတဲ့ လေတိုးသံလေးက အားမာန်အပြည့်ရှိလိုက်တာ”လို့လည်း ရေရွတ်နေတတ်ပါသည်။
နေ့စဉ်ဖြတ်သန်းနေရသော ဘ၀များကို ကံဆိုးခြင်းနှင့် ကံကောင်းခြင်း တစ်ခုခု အမည်တံဆိပ် ခတ်နှိပ်ဖို့ မလိုအပ်ဟု ခံယူမိလာသောအခါမှာ ဖြစ်ပေါ်လာသော စိတ်၏ လေးနက်မှုက ခန့်ငြားလှသည်။ သူမသည် ပုံပြင်ထဲက နတ်ဘုရားမတွေလိုတော့ မဟုတ်ပါ။ သို့ရာတွင် ထိုထက် လက်တွေ့ဆန်သူတစ်ယောက် ဖြစ်လေသည်။ သူမမျက်လုံးများသည် တောက်ပလင်းလက်နေသည်။ သို့ရာတွင် တည်ကြည်သည်။ လေးနက်သည်။ သူမ၏ ကြည်လင်လေးနက်သောအကြည့်များမှ တစ်ဆင့် နှလုံးသား၏ အေးချမ်းထည်ဝါမှုကို မြင်ရသည်။ ကြီးကျယ်မြင့်မြတ်သော ရိုးသားမှုက ပျံသန်းတော့မည့် သိန်းငှက်တစ်ကောင်လို အားမာန်အပြည့် ရှိလှသည်။
မှတ်ချက်။ ။ (စာဖတ်သူများ !) စာထဲက သာမန်လူက ဘယ်သူလဲလို့ မမေးစေချင်ပါ။ ထိုသာမန်လူသည် သင်လည်း ဖြစ်နိုင်သလို ကျွန်ုပ်လည်း ဖြစ်နိုင်လေသည်။ အရာအားလုံးလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ဘယ်သူမှ မဟုတ်ဘဲလည်း ဖြစ်နေနိုင်လေသည်။
2 comments:
သူမက သာမန်ထဲက လူတစ်ယောက်ပေမယ့် ဆွဲဆောင်မှု ရှိတယ်။ စာအရေးသားလေးကလည်း ပို ဆွဲဆောင်မှု ရှိတယ် ဘုရား ..
(ကို/မ)ပေါ့ဆိမ့်ရေ... ဘယ်သူ့ကို (ဘာကို) ရည်ရွယ်ပြောတာပါလိမ့်...။
Post a Comment