အသစ်မတင်တာ နည်းနည်း ကြာသွားတယ်။ ခရီးသွားရင်းဆိုတော့ စာလည်း ဟုတ်တိပတ်တိ မရေးဖြစ်ဘူး။ ခရီးသွားရတာဖြစ်တဲ့အတွက် နေရာအသစ်၊ ၀န်းကျင်အသစ်ဆိုတော့ စိတ်က စာရေးဖို့ အဆင်သင့် ဖြစ်မနေခဲ့ဘူး။ တွေတွေဝေေ၀လိုလို၊ ထိုင်းထိုင်းမှိုင်းမှိုင်းလိုလို။ ဆိုတော့ စိတ်က မသွက်တော့ စာကလည်း နည်းနည်းတော့ လေးနေလိမ့်မယ်။ မနှစ်က မလေးရှားကို ခရီးတစ်ခေါက် ထွက်ဖြစ်ခဲ့တယ်။ အဲဒီတုန်းကတော့ အလည်သက်သက်ခရီး၊ ဘာအလုပ်မှ မရှိခဲ့ဘူး။ ဒီနှစ်တော့ အလုပ်လေးနည်းနည်းပါလာတယ်။ မနှစ်က သွားပြီးသားဖြစ်တာရယ်၊ အခြားအခြားသော အကြောင်းတွေရယ်ကြောင့် တကယ်ဆို ဒီခရီးကို သိပ်မသွားချင်တော့ပါဘူး။ ခရီးထွက်တယ်ဆိုတာ ရှိတော့ ရှိသင့်ပါတယ်။ ခရီးထွက်ခြင်းအားဖြင့် အတွေ့အကြုံများစွာ ရရှိနိုင်ပါတယ်။ ငယ်ငယ်ကတည်းက ခရီးထွက်ရတာ ၀ါသနာကြီးပါတယ်။
မနှစ်ကတော့ ခရီးက အသစ်ဆိုတော့ စိတ်ကလည်း နည်းနည်းလှုပ်လှုပ်ရှားရှားပေါ့။ ဒီနှစ်တော့ သိပ်မထူးလှပါဘူး။ ရန်ကုန်မန္တလေး ခရီးသွားရသလိုပါပဲ။ အောက်တိုဘာ ၂၆-ရက်နေ့မှာ လေယာဉ်လက်မှတ် သွားဖြတ်ခဲ့တယ်။ နိုဝင်ဘာ ၄-ရက်နေ့က လက်မှတ်ဈေးကလည်း မဆိုးဘူးဆိုတော့ ဖြတ်လိုက်တယ်။ သွားမယ့်ရက်အရင် တစ်နေ့က သူငယ်ချင်းတစ်ပါးက သူနဲ့ ရင်းနှီးတဲ့ မလေးရှားနိုင်ငံ၊ မလကာမြို့က တရုတ်ဒကာတစ်ယောက် လင်္ကာကို ရောက်နေတယ်၊ သွားတွေ့ချင်တယ်၊ လိုက်ခဲ့ပါဆိုတော့ လိုက်သွားခဲ့တယ်။ တိုက်တိုက်ဆိုင်ဆိုင် သူကလည်း မလေးရှားကို ၄-ရက်နေ့ သွားမယ်၊ ဖလိုက်ချင်းလည်း သွားတူနေတယ်။
၃-ရက်နေ့က သိပ်မအိပ်လိုက်ရဘူး။ မနက် ၅-နာရီကျော်လောက်မှာ လေဆိပ်ကို သူငယ်ချင်းတွေနဲ့ ထွက်ခဲ့တယ်။ တော်တော်လေး အိပ်ချင်နေတယ်။ ဒါပေမယ့် ကိုယ့်စိတ်ထဲ ပျော်မွေ့နေတဲ့ လင်္ကာကို ခွဲခွါရတော့မယ်ဆိုတော့ စိတ်ထဲမှာ အနည်းငယ်တော့ ၀မ်းနည်းသလိုလို ဖြစ်မိတာတော့ အမှန်ပါပဲ။ မိုးလေးက တစ်ချက်တစ်ချက် တဖျပ်ဖျပ်၊ တဖွဲဖွဲ ကျလို့နေတယ်။ “အခုလို ကားလေးနဲ့ မိုးဖွဲဖွဲလေး သွားရရင် စာရေးချင်စိတ်ပေါက်တယ်”လို့ ပြောတတ်တဲ့ အဝေးရောက် သူငယ်ချင်းကို သတိမရဘဲ မနေနိုင်ဘူး။ တစ်နာရီကျော်ခန့် သွားပြီးတဲ့နောက်မှာ သီရိလင်္ကာရဲ့ ဘန္ဒြာနိုက်ကေးလေဆိပ်ကို ရောက်ပါတယ်။ လေဆိပ်ထဲ အင်မီဂရေးရှင်းမှာပဲ မလကာပြန်မယ့် တရုတ်ဒကာကို တွေ့တယ်။ သူက အိတ်တွေ ကူသယ်ပေးပါတယ်။ ချိုချိုသာသာ ယဉ်ယဉ်ကျေးကျေး စကားပြောတတ်တဲ့ တရုတ်ဒကာက ခင်မင်စရာအတော်ကောင်းပါတယ်။
လေဆိပ်ထဲ အချိန် ၁-နာရီကျော်လောက် ရတယ်ဆိုတော့ စကားတွေ ပြောဖြစ်ပါတယ်။ နာရီဝက်လောက် စကားပြောပြီးတော့ သူက မေးပါတယ်။ အခု အရှင်လာတာ မနက်အစောကြီးဆိုတော့ မနက်အိပ်ယာထ ဘာတွေ ရွတ်ဖတ်သရဇ္ဈာယ်ပြီးပြီလဲတဲ့။ ငါ မရွတ်ဘူး၊ ဒါပေမယ့် ငါက ဘုရားဂုဏ်တော်ကို အမြဲပွားတယ်လို့၊ နောက်ပြီး ငါက သတိပဋ္ဌာန်ကို အထိုက်အလျောက် လုပ်ပါတယ်လို့၊ အခု မင်းနဲ့စကားပြောတဲ့အချိန်၊ စကားပြောရပ်သွားတဲ့အချိန်တွေမှာ ငါ ငြိမ်ငြိမ်သက်သက် ထိုင်နေတာကို သတိပြုမိမှာပေါ့လို့ ပြောလိုက်ရတယ်။ အဲဒီတော့ သူက “ငါက မင်းအိပ်နေတယ် ထင်နေတာ”လို့ ပြောပါတယ်။
သူက မဟာယာနကျမ်းစာ စာအုပ်တွေ ထုတ်ပြပါတယ်။ သူက အဲဒီစာအုပ်တွေကို သွားလေရာ ယူသွားတယ်။ အမြဲတမ်း မပျက်မကွက် ရွတ်ဖတ်နေပါတယ်လို့ ပြောတယ်။ သူနဲ့ ကပ်ထိုင်တာဆိုတော့ တရုတ်ဘာသာနဲ့ ရွတ်နေတဲ့ ဘုရားစာအသံလေးတွေကို နားစွင့်မိပါတယ်။ ပထမတစ်အုပ်က အမိတာဘာဘုရားရှိခိုးစာအုပ်ပါ။ အမိတာဘာဆိုတာ ဗုဒ္ဓဘာသာဂိုဏ်းကွဲတစ်ခု ဖြစ်ပါတယ်။ အမိတာဘာဘုရားကို အကြိမ်များစွာ ရှိခိုးရင် သုခ၀တီလို့ခေါ်တဲ့ နိဗ္ဗာန်ဘုံကို ရောက်တယ်လို့ ယုံကြည်ကြပါတယ်။ အဲဒီဘုံမှာ အိုနာသေဘေးတွေ မရှိတော့ဘူးလို့ ဆိုပါတယ်။ နောက်တစ်အုပ်ကတော့ ဘုရားလောင်းတွေရဲ့ အဓိဋ္ဌာန်တွေပါတဲ့ စာအုပ်ပါ။ ဒီစာအုပ်ကတော့ လင်္ကာတက္ကသိုလ်စာသင်ခန်းမှာ အထိုက်အလျောက်လေ့လာခဲ့ဖူးတော့ သိနေပါတယ်။ ဘုရားလောင်းရဲ့ အဓိဋ္ဌာန်တွေက အတော်စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဒါတွေလည်း သူရွတ်ဖတ်ပြီးချိန်မှာ ပြောဖြစ်ခဲ့ပါတယ်။
လေဆပ်ပေါ်ရောက်တာနဲ့ အိပ်ငိုက်တော့တာပဲ။ ဒါပေမယ့်တစ်ချက်တစ်ချက် တိမ်တွေထဲ တိုးဝင်လိုက်တဲ့ တဒုတ်ဒုတ်အသံကြောင့် လန့်နိုးနေရတယ်။ နာရီဝက်ခန့် ကြာတဲ့အခါ ကိုယ့်ထိုင်ခုံရှေ့မှာ ထမင်းတစ်ပွဲရောက်နေခဲ့ပါတယ်။ ဘယ်အချိန်က ဘယ်သူချပေးသွားတယ်ဆိုတာ မသိလိုက်ဘူး။ စနိုးတာဝါလေးတောင် ပါသေးရဲ့။ အဲယားအေးရှလေကြောင်းက အစားအသောက်မကျွေးပါဘူးပေါ့။ တွေးနေမိတာ။ ဘေးဘီ ကြည့်လိုက်တော့ နောက်ခုံတန်းက တရုတ်ဒကာက ပြုံးပြတယ်။ စားပါ၊ သူချပေးတာလို့ အရိတ်အမြွတ်ပြောပြတယ်။ အရုဏ်ဆွမ်း မစားခဲ့ရတော့ ကြိုက်တာတွေရော၊ မကြိုက်တာတွေပါ အကုန်လွေးပစ်လိုက်တယ်။
အစားအသောက်ပြီးသွားတော့ နည်းနည်း လန်းဆန်းသွားတယ်။ ပြီးမှ လေယာဉ်ပြတင်းကနေ အပြင်ကို ကြည့်မိတယ်။ လှလိုက်တဲ့ တိမ်တွေ၊ တိမ်တွေက အဖြူရောင်သာ မဟုတ်ရင် တောတောင်အထပ်ကြီးတွေလိုပဲ။ ဟိုး … အဝေးက တိမ်စိုင်ကြီးတွေက တောင်တွေလိုပဲ။ စိတ်ထဲမှာ သမာဓိလေး ရအောင် ဂုဏ်တော်ပွားလိုက်၊ တိမ်တွေ ကြည့်ပြီး စိတ်ကူးတွေ ကွန်မြူးလိုက်။ ဒီတိမ်တွေထဲမှာ လျှောက်သွားရရင် ဘယ်လောက်ကောင်းမလဲလို့လည်း တွေးမိတယ်။ ဒီလေယာဉ်ကြီးများ ပျက်ကျသွားလိုက်ရင်လို့လည်း တွေးမိတယ်။ လေယာဉ်စက်ခန်းထဲသွားပြီး လေယာဉ်မှူးလုပ်၊ လေယာဉ်ကြီးကို ဇောက်ထိုးမိုးမျှော် လျှောက်မောင်းပစ်လိုက်ရင်လို့လည်း တွေးမိတယ်။ ဟိုး … အဝေးက တိမ်စိုင်တွေရဲ့ကြားမှာ တစ်ခါတစ်ရံ အတိတ်တွေ၊ တစ်ခါတစ်ရံ အနာဂတ်တွေ ပူစီဖောင်းလေးတွေလို ပေါ်လာလိုက် ပျောက်သွားလိုက်။ ဘ၀ဆိုတာလည်း ဒီလိုပါပဲ၊ နေ့စဉ်လှုပ်ရှားမှုလေးတွေထဲမှာ ပူစီဖောင်းလေးတွေလို၊ ရေပွက်လေးတွေလို ပလုံစီနေခဲ့တဲ့ အဖြစ်အပျက်လေးတွေ။ အချို။ အခါး။ အပျော့။ အကြမ်း၊ ရသတွေ စုံလို့ပေါ့။
အဲဒီတိမ်တွေထဲက အတွေးထဲမှာ ချဉ်ခြင်းတပ်ခဲ့ဆုံးကတော့ ဖုန်းလေးတစ်လုံးပေါ့။ ဖုန်းလေးနဲ့သာ စကားပြောခွင့်ရရင် ကဗျာတွေ၊ စာတွေ ၀ါသနာထုံတဲ့ သီဟိုဠ်က သူငယ်ချင်းတွေနဲ့ စကားပြောမယ်။ တိမ်ထဲက ဒြဗ်မဲ့ပုံရိပ်လေးတွေ လှမ်းပို့မယ်။ သီဟိုဠ်က ချစ်ရတဲ့ ခွေးမြီးတိုမလေးတွေ နေကောင်းလားပေါ့။ ကိုယ်တို့ မျက်စိမှတ် ရှာဖွေရေးခရီးထွက်ခဲ့ရာ ညောင်ပင်ကြီးက အရွက်တွေ ကြွေနေဆဲလားပေါ့။ မေးကို မေးရမယ်။ အမေ့ဆီကိုလည်း လှမ်းဖုန်းဆက်မယ်။ သား တိမ်တွေထဲ ရောက်နေတယ်ပေါ့။ ပြီးတော့ …. ပြီးတော့ …. ဖုန်းတွေ ဆက်မယ်။ စကားတွေ ပြောမယ်။ ကဗျာတွေ ရွတ်မယ်။
မလေးရှား စံတော်ချိန် ၂း၂၃ မိနစ်မှာ ကွာလာလမ်ပူ လေဆိပ်ကို ရောက်တယ်။ တိမ်ထဲက အတွေးတွေက
ဟိုး … အထက်ကောင်းကင်က တိမ်တွေထဲမှာ နေခဲ့တယ်။ ကောင်းကင်ကို တစ်ချက်မော့ကြည့်လိုက်တယ်။ မြေကြီးပေါ်လမ်းလျှောက်ရတာ မနူးညံ့ဘူး။ “ဘန်ဒေ၊ ဘန်ဒေ လက်စ်ဂိုး”ဆိုမှ အိတ်ကို ဆွဲလိုက်တယ်။ တရုတ်ဒကာက အိတ်တွေ သယ်ပေးတယ်။ သူက မြန်မြန်လျှောက်ဖို့ ပြောတယ်။ အားလုံးကို ကြည့်လိုက်တော့လည်း သွက်လက်နေလိုက်ကြတာ။ သူ့ထက်ငါ ဦးအောင် အလုအယက် ပြေးလွှားလို့နေတယ်။ လေဆိပ်ရောက်တာနဲ့ ခြေသလုံးဖွေးဖွေးတွေ စတွေ့တာပဲ။ “အဲဒါကြောင့် ခရီးမသွားချင်တာ”လို့ ကိုယ့်ကိုကိုယ် ပြန်ပြောနေမိတယ်။ “ဟ မဟုတ်သေးဘူးလေ၊ ဒါတွေကို မင်း ကျော်လွှားရမယ်။ သတိ၊ ဟုတ်တယ်လေ၊ အဲဒီ သတိနဲ့ ကျော်လွှားရမယ်”။ ကိုယ့်ကိုကိုယ် သတိပေးနေမိပြန်ပါတယ်။ ပြောင်းပြန်စီးတဲ့ မြစ်တစ်စင်းရဲ့ ရေလျဉ်ကြောမှာ ကိုယ်ကိုဖော့လိုက်လာခဲ့တယ်။ ဒါမှ ငါကွလို့ မာန်တက်လိုက်မိလေသလား မသိ။ နောက်ကို ပြန်ကြည့်လိုက်တော့ ကိုယ်ကျော်ခဲ့တဲ့ တောင်တွေ၊ ချုံနွယ်ပိတ်ပေါင်းတွေ အများကြီးပဲလေ။ တစ်ခါတစ်ရံ ဆူးခြစ်ရာလေး အနည်းငယ်၊ လဲကျလို့ ပွန်းပဲ့ဒဏ်ရာအနည်းငယ်၊ အနည်းငယ်လေးတွေက လွဲပြီး သန့်ရှင်းလွတ်လပ်စွာ ခရီးဆက်နိုင်ခဲ့ပါတယ်။
အင်မီဂရေးရှင်းမှာလည်း ရှောရှောရှူရှူပါပဲ။ တစ်လတံဆိပ်တုံး ထုပေးလိုက်တယ်။ တရုတ်ဒကာက ၀ိုင်သောက်မလား။ အမောပြေတယ်လို့ ပြောတယ်။ မသောက်ချင်ဘူး။ သောက်လို့လည်း မသင့်ဘူးလို့ ပြောလိုက်တယ်။ ကော်ဖီခါးခါးတစ်ခွက် သောက်မယ်လို့ပြောတော့ ရောက်လာတယ်။ ခါးလိုက်တဲ့ ကော်ဖီ။ ကောင်းလိုက်တဲ့ အရသာ။ လန်းဆန်းသွားတယ်။ ကိုယ်သွားမယ့်နေရာကို လိုက်ပို့မယ် ပြောသေးတယ်။ လာကြိုတဲ့ မြန်မာဒကာလေး ရောက်လာလို့ လမ်းခွဲလိုက်တယ်။ လိပ်စာကဒ်၊ ဖုန်းနံပါတ်ပေးလိုက်တယ်။ ကျောင်းရောက်တာနဲ့ ဆက်ဖို့ ပြောတယ်။ ပြီးတော့ ရှာမတွေ့တော့ဘူး။
ပရုတော့ မဖတ်နိုင်ဘူး…ဆက်လက်ရေးသားပါအုံးမယ်
No comments:
Post a Comment