Monday, August 30, 2010

မြို့စားကြီးပါယာသိနှင့် တမလွန်ဘ၀ပြဿနာ (၄)



မြို့စားကြီး၏ သုတေသန (၄)

သေတဗျမြို့သူမြို့သားများ တဖြည်းဖြည်း ပိုမို စည်ကားလာသည်။ မြို့စားကြီးနှင့်အရှင်ကုမာရကဿပတို့ အယူအဆရေးရာများ အပြိုင်အဆိုင် ပြောဆိုနေကြောင်း သေတဗျမြို့နယ်တစ်ဝိုက်ကို တောမီးပမာ ပျံ့နှံ့သွားခဲ့သည်။ များပြားလှသော ပရိသတ်များမှာ ဆူညံမှုမရှိဘဲ တိတ်ဆိတ်စွာ နားစိုက်နေခဲ့ကြလေသည်။ တိတ်ဆိတ်မှုများထဲမှ ပါယာသိမြို့စားကြီး၏ သြဇာပြည့်ဝသော အသံက ပေါ်ထွက်လာခဲ့ပြန်သည်။

“အရှင်..ကျွန်ုပ်အယူအဆကို မပြောင်းနိုင်သေးပါ။ ကျွန်ုပ်လေ့လာထားသည်များ ရှိပါသေးတယ်။ တစ်ခါက သေဒဏ်အပေးခံရတဲ့ သူခိုးတစ်ယောက်ကို စဉ်းအိုးထဲမှာ ထည့်၊ စဉ်းအိုးကို အလုံပိတ်ပြီး အပြင်ကနေ မီးတိုက်ခိုင်းပါတယ်။ မီးတိုက်နေတဲ့အချိန်မှာ ကျွန်ုပ်က အပြင်ကနေ စောင့်ကြည့်နေပါတယ်။ အဲဒီစဉ်းအိုးထဲကနေ အသက်ဆိုတဲ့ အကောင် ထွက်သွားတာကို မမြင်မတွေ့ရပါဘူး။ ဒါကြောင့် တမလွန်ဘ၀ဆိုတာ မရှိဘူးလို့ ပြနေတာပါပဲ”

ဤနေရာတွင် အသက်ဆိုတဲ့အကောင် ထွက်သွားတာကို မတွေ့ရဘူးဆိုသော စကားသည် ထိုခေတ်အခါက လူအများစု ယုံကြည်နေသော အတ္တ၀ါဒ အငွေ့အသက်ပင် ဖြစ်သည်ဟု ထင်ပါသည်။ အတ္တ၀ါဒအရ အတ္တဟူသော အကောင်ကလေး၊ ၀ိညာဏ်ကလေးသည် သတ္တ၀ါသေသည့်အခါ တစ်ဘ၀မှ တစ်ဘ၀သို့ ကူးပြောင်းကျင်လည်နေသည်ဟု ယုံကြည်ကြသည်။ ထိုအတ္တဟူသောအကောင်ကို တွေ့လျှင် “နောက်ဘ၀ရှိတယ်၊ နောက်ဘ၀ကို ကူးတယ်”ဟု ယုံကြည်နိုင်စရာ ရှိပါသည်။ ထို့ကြောင့် မြို့စားကြီးအနေဖြင့် “အတ္တ၊ အသက်၊ ၀ိညာဏ်ဟူသော ကူးတတ်သောအရာမရှိလျှင် အကူးခံရနိုင်သော တမလွန်ဘ၀မရှိ”ဟု ဆုံးဖြတ်ကောက်ချက်ချလိုက်ပုံ ရပါသည်။

သို့ရာတွင် အရှင်ကုမာရကဿပကား ဤပွိုင့်(ပါယာသိမြို့စားကြီး၏အားနည်းချက်)ကို ထောက်ပြဝေဖန်ခြင်း မပြုခဲ့ပါ။ အခြားဥပမာတစ်မျိုးဖြင့် ပြောပြခဲ့သည်။

အရှင်ကုမာရကဿပ၏ ဥပမာ (၇)

“မြို့စားကြီး ဒီလိုဆိုရင် သင့်ကို ဥပမာတစ်ခု ပြောအုံးမယ်။ သင် ကြိုက်သလို ဖြေပါ”

“ကောင်းပါပြီ၊ မေးပါ”

“သင် အိပ်တဲ့အခါ ပျော်ရွှင်ကြည်နူးဖွယ်ရာ ဥယျာဉ်တွေ၊ ရေကန်တွေနဲ့ အခြားကြည်နူးစရာလေးတွေကို အိပ်မက်ဖူးသလား”
“မက်ဖူးပါတယ်၊ တစ်နေ့က ဥယျာဉ်ထဲမှာ မောင်းမမိဿံအခြွေအရံတွေနဲ့ ဥယျာဉ်ထဲမှာ နေတုန်း အိပ်မက်မက်တာကို အမှတ်ရပါတယ်”

“သင် အိပ်မက်နေတဲ့အချိန်မှာ အခြွေအရံတွေဟာ သင့်ဘေးမှာ ရှိနေသလား”

“ရှိပါတယ်”

“သင့်ဘေးမှာ ရှိနေတဲ့ အခြွေအရံတွေဟာ သင့် အသက်ထွက်သွားတာ၊ ၀င်သွားတာကို မြင်ရသလား”

“မမြင်ရပါဘူး”

“ဒီလိုဆိုရင် သင်ပြောတဲ့ သူခိုးအသက်ထွက်တာကိုလည်း ဘယ်လိုလုပ် မြင်နိုင်ပါ့မလဲ၊ မြို့စားကြီး … သင့်အယူအဆကို ပြောင်းပါတော့”

“မပြောင်းနိုင်ပါဘူး။ ဒီဥပမာလောက်နဲ့ ကျွန်ုပ်အယူအဆကြီးကို ပြောင်းလဲမပစ်နိုင်ပါဘူး။ ကျွန်ုပ်မှာ ပြောစရာအကြောင်းတွေ ရှိပါသေးတယ်”

အရှင်ကုမာရကဿပ၏ ဤဥပမာသည်လည်း မြို့စားကြီးကို မဆွဲဆောင်နိုင်ခဲ့ပါ။ အမှန်အားဖြင့်လည်း အလွန်လေးနက်သော ဥပမာမဟုတ်သေးဟု ထင်မိသည်။ အရှင်ကုမာရကဿပအနေဖြင့် “အိပ်မက်မက်ခြင်းဟူသည် အသက်က အပြင်သို့ ထွက်ပြီး အိပ်မက်နယ်ထဲသို့ သွားရောက်ခြင်းဟု ဆိုလိုနေရော့သလား”ဟုပင် သံသယဖြစ်မိပါသည်။ အမှန်အားဖြင့် အိပ်မက်မက်ခြင်းဟူသည်မှာ အသက်က အပြင်သို့ ထွက်သည် မဟုတ်ပါ။ အိပ်မက်မက်သူ၏ စိတ်အစဉ်တွင် ထင်မြင်မိခြင်းပင် ဖြစ်ပါသည်။

အိပ်မက်ခြင်းအကြောင်းများ

ဤနေရာ၌ သမ္မောဟ၀ိနောဒနီအဋ္ဌကထာနှင့် မဟာနိဒ္ဒေသပါဠိတော် လာ အိပ်မက်မက်ခြင်း အကြောင်း ၆-ပါးကို ဗဟုသုတအဖြစ် ဖော်ပြလိုသည်။ ၎င်းတို့မှာ
(၁) လေဓါတ်ပျက်၍ မက်ခြင်း (၀ါတိက)
(၂) သည်းခြေပျက်၍မက်ခြင်း (ပိတ္တိက)
(၃) သလိပ်ပျက်၍မက်ခြင်း (သေမှိက)
(၄) နတ်တို့ လှည့်ပတ်၍မက်ခြင်း (ဒေ၀တူပ သံဟရတ)
(၅) လေ့ကျက်သုံးဆောင်ဖူး၍ မက်ခြင်း (သမုဒါစိဏ္ဏတ)
(၆) ပုဗ္ဗနိမိတ်ဖြစ်လတ္တံ့ကိုမြင်မက်ခြင်း (ပုဗ္ဗနိမိတ္တ) တို့ဖြစ်ပါသည်။ မိမိတို့ မြင်မက်တတ်သောအိပ်မက်များကို ဂရုစိုက်ကြည့်နိုင်ပါသည်။
အိပ်မက်ကိုလည်း ရဟန္တာများ မမြင်မက်ကြတော့ပါ။ သမ္မောဟ၀ိနောဒနီအဋ္ဌကထာတွင် အိပ်မက်သောအချိန်ကို စိတ်ဝင်စားဖွယ်ရာ တင်ပြထားသည်။

အိပ်မက်မက်ချိန်

အများအားဖြင့် “အိပ်မက် ဘယ်အချိန်မှာ မက်သလဲ”ဟု မေးလျှင် “အိပ်မက်ပါဆို အိပ်နေတဲ့အချိန်မှာ မက်တာပေါ့”ဟု ဖြေကြပေလိမ့်မည်။ အထက်ပါ ကျမ်းဂန်အဆိုအရ မဟုတ်ပါ။ အိပ်နေသောအချိန်မှာ အိပ်မက်မက်သည် မဟုတ်။ ပျော်တစ်ဝက် နိုးတစ်ဝက်၊ သို့မဟုတ် အိပ်မပျော်တပျော် အချိန်တွင် အိပ်မက်ပါသည်။ “မျောက်အိပ်ခြင်းနှင့်တူသော အိပ်ခြင်းမျိုး ရှိနေချိန်တွင် အိပ်မက်သည်”ဟု ဆိုထားသည်။ ခေတ်သစ်သုတေသနသမားများ လေ့လာကြည့်ကြပါကုန်။ ဤနေရာတွင်ကား အိပ်မက်အကြောင်း အဓိက ပြောလိုရင်းမဟုတ်၍ ဤမျှသာ။ ဆိုလိုသည်မှာ အိပ်မက်သည် အရှင်ကုမာရကဿပပြောသကဲ့သို့ အသက်က ၀င်လိုက်ထွက်လိုက် မဟုတ်သည်ကို ဝေဖန်တင်ပြလိုရင်း ဖြစ်ပါသည်။

မြို့စားကြီး၏ သုတေသန (၅)

“အရှင်… အကျွန်ုပ် သုတေသနလုပ်ကြည့်ထားတာ ရှိပါသေးတယ်။ သေဒဏ်ပေးခံရတဲ့ သူခိုးကို ခန္ဓာကိုယ်ကို တစ်ခုမှ အပျက်အစီး မဖြစ်စေဘဲ၊ နည်းနည်းမှ မပွန်းမပဲ့စေဘဲ သတ်ခိုင်းပါတယ်။ ပြီးတော့ အလေးချိန်ကို ချိန်ကြည့်ပါတယ်။ အဲဒီလို ချိန်ကြည့်တော့ မသေခင် (အသက်မထွက်ခင်)က ခန္ဓာကိုယ်က သေပြီးနောက် (အသက်ထွက်ပြီးနောက်) ခန္ဓာကိုယ်ထက် ပိုပေါ့နေတယ်။ သေပြီး(အသက်ထွက်ပြီး)ခန္ဓာကိုယ်က အလေးချိန် အများကြီး ဖြစ်နေတယ်။ ဒါကြောင့်မို့ တမလွန်ဘ၀ဆိုတာ မရှိဘူး”

သာမန်ဖတ်ကြည့်ရင် နားမလည်နိုင်စရာ ဖြစ်နေသည်။ ခန္ဓာကိုယ်အလေးချိန် များသွားခြင်းနှင့် ပေါ့နေခြင်းဖြင့် အဘယ့်ကြောင့် တမလွန်ဘ၀မရှိဟု ယူဆလိုက်ရသနည်း။ မြို့စားကြီး ယူဆပုံမှာ ဤသို့ ဖြစ်ပါသည်။

“မသေခင်က လူ့ခန္ဓာသည် ခန္ဓာကိုယ်နှင့်အသက် နှစ်မျိုးတွဲနေသည်။ သေသောအခါ ခန္ဓာကိုယ် တစ်မျိုးသာရှိပြီး အသက်က မရှိတော့ပါ။ သို့ဖြစ်၍ လေးမည့်လေးလျှင် ခန္ဓာကိုယ်နှင့်အသက် နှစ်မျိုးတွဲနေသော အနေအထားက လေးရပေမည်။ အသက်မရှိတော့သော ခန္ဓာကိုယ်က အလေးချိန် ပိုများစရာ အကြောင်းမရှိချေ။ သို့ဖြစ်၍ ဟိုဘ၀ သည်ဘ၀ ပြေးလွှားကျင်လည်တတ်သော အသက်ကောင်ဟူ၍ မရှိ။ ဟိုဘ၀ သည်ဘ၀ပြေးသွားတတ်သော အသက်ကောင်ဟူ၍ မရှိလျှင် ရှေ့ဘ၀၊ နောက်ဘ၀ဟူ၍လည်း ရှိမည်မဟုတ်”ဟု ကောက်ချက်ချလိုက်ပုံ ရပါသည်။

မြို့စားကြီး၏အတွေးအခေါ်များမှာ ဗုဒ္ဓ၀ါဒသဘောတရားနှင့် အလွန်းဝေးနေပြီး မိမိ ထင်ရာမြင်ရာ တွေးခေါ်ထားချက်များပေါ်တွင် အခြေခံနေသည်ဟု ဆိုရပေမည်။ မည်သို့ဆိုစေ မြို့စားကြီး၏ သူများပြောတိုင်း မယုံတတ်သော စရိုက်နှင့် လက်တွေ့ကျမှ ယုံကြည်တတ်သောစိတ်ဓာတ်မျိုးကိုကား ချီးကျူးရမည်သာ ဖြစ်သည်။

ဆက်လက်ဖော်ပြပါမည်....

No comments: