Thursday, June 3, 2010

ဖြည့်တွေး၊ ဖြည့်မြင်၊ ဖြည့်ပြော (နိဂုံးပိုင်း)



ထိုအခါ သန္ဓာနသူဌေးသည် အခြေအနေကို ရိပ်စားမိပြီး “ဆရာကြီး နိဂြောဓ….မြတ်စွာဘုရားကို မျက်စိမမြင်သော နွားကန်းမတစ်ကောင်လို စားကျက်ပြင်ပရောက်အောင် လုပ်မယ်ဆို၊ (အရှက်ကွဲပြီး လူတောမတိုးရဲအောင် လုပ်ပြမယ်ဆို)။ ပြဿနာတစ်ခုတည်းဖြင့် ကျွမ်းပြန်အောင် လုပ်ပစ်မယ်ဆို၊ အခု လုပ်လိုက်လေ”ဟု မခံချင်အောင် ဆိုလိုက်သည်။

ထိုအခါ မြတ်စွာဘုရားက “နိဂြောဓ…သူဌေးပြောသလို သင်ပြောခဲ့သလား”ဟု မေးသောအခါ “မသိနားမလည်လို့ ပြောမိပါတယ်”ဟု ဖြေခဲ့သည်။

ထို့ပြင်လည်း “အရှင်ဂေါတမ…ကျွန်ုပ်အပြစ်ကို အပြစ်လို့ သိပါပြီ၊ မသိလို့ ပြောမိတာဖြစ်တဲ့အတွက် ခွင့်လွှတ်ပါ”ဟု လျှောက်ထားလိုက်သည်။ “အင်း……..နိဂြောဓ….အပြစ်ကို အပြစ်လို့ သိတာဟာ ကြီးပွားကြောင်းပါပဲ၊ သင် မသိလို့ ပြောမိတာကို ငါ ခွင့်လွှတ်ပါတယ်”ဟု မြတ်စွာဘုရားက ခွင့်လွှတ်စကား ပြောကြားခဲ့သည်။


“နိဂြောဓ….ရိုးရိုးသားသားနဲ့ ငါဟောတဲ့တရားကို ကျင့်ကြံလျှင် ခုနှစ်နှစ်အတွင်းမှာ တရားထူးကို ရနိုင်တယ်။ အဲဒီထက် ပိုကြိုးစားနိုင်ရင် ခြောက်နှစ်……………..(အစဉ်အတိုင်း လျှော့)…………….တစ်နှစ်အတွင်းမှာ ……………. ခုနှစ်ရက်အတွင်းမှာပဲ တရားထူးကို ရနိုင်ပေလိမ့်မယ်”ဟု မိန့်တော်မူခဲ့သည်။

အထက်ပါ စကားရပ်သည် ခေတ်စကားအရ ပြောရလျှင် “ဆွယ်သည်”ဟု ဆိုနိုင်သည်။ “ဆွယ်တယ်” “ဆွဲဆောင်တယ်” “မြှူဆွယ်တယ်” “ဖြားယောင်းတယ်”ဟူသော စကားများမှာ ပုံမှန်အားဖြင့် မကောင်းသောစိတ်ဓာတ် အရင်းခံသော နေရာတွင် သုံးလေ့ရှိသည်။

ကောင်းသောအရာများကို ဖြစ်စေလို၍ သို့မဟုတ် မကောင်းသောလုပ်ရပ်များကို ရပ်တန်းက ရပ်စေလို၍ စိတ်ထားစေတနာကောင်းဖြင့် ကောင်းမွန်သော စိတ်ဓာတ်၊ ဘ၀အခြေအနေသို့ရောက်အောင် ပြုလုပ်ပေးလျှင်ကား “ဆွယ်”ဟူသော စကားကို သုံးလေ့သုံးထ မရှိပေ။ ပဲ့ပြင်ပေးသည်ဟုသာ သုံးလေ့ရှိသည်။

မြတ်စွာဘုရားရှင်သည် သို့မဟုတ် မြတ်စွာဘုရားရှင်၏ စကားတော်များသည် လူတိုင်းလူတိုင်း၏ ကိုယ်ပိုင် ယုံကြည်ချက်နှင့် ကိုယ်တိုင်ချမှတ်ထားသော လမ်းစဉ်အားလုံးကို လေးစားသည်။ တန်ဖိုးထားသည်။ သူတစ်ပါး၏ လုပ်ပိုင်ခွင့်နှင့် လူသားအခွင့်အရေးကို အသိအမှတ်ပြုသည်။ အသိအမှတ်ပြုသောကြောင့် ၀င်ရောက်စွက်ဖက်ဟန့်တားခြင်း မရှိ။ ဆွေးနွေးတိုင်ပင်ခြင်း၊ အသိအမြင် ဖလှယ်ခြင်းအားဖြင့်သာ မိမိဝါဒကို တင်ပြလေ့ရှိကြသည်။ ဤသုတ်ကို ဤနေရာတွင်သာ ရပ်တန့်လိုက်ပါက “မြတ်စွာဘုရားက နောက်ဆုံးတော့ ကိုယ့်တရားကို အကောင်းပြောပြီး ပရိသတ်ကို ဆွယ်သွားတာပဲ”ဟု ပြောကောင်းပြောနိုင်ပေလိမ့်မည်။

သို့သော် ဆက်လက်ဖတ်ရှုသောအခါမှ မြတ်စွာဘုရားရှင်၏ လေးစားဖွယ် စိတ်ဓာတ်ကို တွေ့မြင်လိုက်ရလေသည်။ ဤစကားဝိုင်းတွင် မြတ်စွာဘုရားရှင်က အသာစီး ရနေပြီဖြစ်၍ နိဂြောဓနှင့် ပရိဗိုဇ်တို့ကို ကောင်းကောင်းကြီး နှိပ်ကွပ်၍ ရနိုင်သော အခြေအနေတွင် ရှိသည်။ သို့သော်လည်း မြတ်စွာဘုရားသည် ရရှိလာသော အခွင့်အရေးနှင့် လုပ်ပိုင်ခွင့်ကို အသုံးမချခဲ့။ လူသား၏ ပုဂ္ဂလိက လွတ်လပ်ခွင့်ကိုသာ တန်ဖိုးထားကြောင်း ပြသခဲ့သည်။

မြတ်စွာဘုရားရှင်က “ငါ့ထံမှာ တရားလာကျင့်ရင် သင်တို့အနေနဲ့ ခုနှစ်ရက်အတွင်းမှာတောင် တရားထူးရနိုင်တယ်”ဟု ဆိုလိုက်သောအခါ ပရိသတ်ထဲမှ အချို့က မြတ်စွာဘုရားကို “ရှင်ဂေါတမတော့ ဆွယ်နေပြီ”ဟု ပြောလိုက်ကောင်းပြောလိုက်ဟန်ရှိသည်။ သို့မဟုတ် သူတစ်ပါး ပြောနိုင်လာသောစကားကို မြတ်စွာဘုရားအနေဖြင့် ကြိုတင်ကာကွယ်လိုသောကြောင့် အောက်ပါ စကားကို ဆက်လက်မိန့်တော်မူခဲ့သည်။

“ပရိဗိုဇ်တို့…..ငါ ဒီလို ပြောလိုက်တော့ သင်တို့စိတ်ထဲမှာ - ဂေါတမတော့ ငါတို့ကို သူ့တပည့်ဖြစ်အောင် ဆွယ်နေပြီ - လို့ ထင်ကောင်းထင်နေမယ်။ အဲဒီလို စိတ်ထားနဲ့ ငါပြောတာ မဟုတ်ဘူး ပရိဗိုဇ်တို့….။ သင်တို့အနေနဲ့ ငါ့ကို ဆရာလို့ သတ်မှတ်စရာ မလိုဘူး၊ သင်တို့ရဲ့ လက်ရှိဆရာကို ဆရာအဖြစ်နဲ့ ဆက်ကိုးကွယ်ကြပါ”

“နောက်ပြီး အချို့က - ဂေါတမတော့ ငါတို့ရဲ့ ကျမ်းစာတွေကို ပျောက်ပျက်စေပြီး သူ့ကျမ်းတွေကို လက်ခံခိုင်းနေတယ် -လို့ ထင်နေကြလိမ့်မယ်။ အဲဒီလို စိတ်ထားနဲ့ ငါပြောတာ မဟုတ်ဘူး ပရိဗိုဇ်တို့….။ သင်တို့အနေနဲ့ သင်တို့ကျမ်းစာကိုပဲ ဆက်လက်ကိုင်စွဲ ထားကြပါ”

“နောက်ပြီး အချို့က - ဂေါတမတော့ ငါတို့ကျင့်စဉ်တွေကို ပယ်စွန့်ပြီး သူ့ကျင့်စဉ်တွေကို ကျင့်ခိုင်းနေတယ် - လို့ ထင်ကောင်းထင်ကြမယ်။ အဲဒီလို စိတ်ထားနဲ့ ငါပြောတာ မဟုတ်ဘူး ပရိဗိုဇ်တို့….။ သင်တို့အနေနဲ့ သင်တို့ရဲ့ ကျင့်စဉ်အတိုင်းပဲ ဆက်ကျင့်နိုင်ပါတယ်”

“နောက်ပြီး အချို့ကလည်း - ဂေါတမဟာ ငါတို့ရဲ့ မကောင်းတဲ့အလုပ်တွေကို ရပ်တန့်အောင် လုပ်နေတယ် - လို့ ထင်ကောင်းထင်ကြမယ်။ အဲဒီလို စိတ်ထားနဲ့ ငါပြောတာ မဟုတ်ဘူး ပရိဗိုဇ်တို့….။ သင်တို့အနေနဲ့ သင်တို့အကုသိုလ်အလုပ်တွေကို သင်တို့သဘောအတိုင်းပဲ လုပ်ဆောင်နိုင်ကြပါတယ်”

“နောက်ပြီး အချို့က - ဂေါတမဟာ ငါတို့ ကုသိုလ်တရားတွေကို ဆက်မလုပ်စေချင်ဘူး -လို့ ထင်ကောင်းထင်နေကြလိမ့်မယ်။ အဲဒီလို စိတ်ထားနဲ့ ငါပြောတာ မဟုတ်ဘူး ပရိဗိုဇ်တို့….။ သင်တို့အနေနဲ့ သင်တို့ ကုသိုလ်တရားကိုပဲ ဆက်လုပ်နိုင်ကြပါတယ်”

“ပရိဗိုဇ်တို့……ငါ့မှာ ရည်ရွယ်ချက်က တစ်ခုတည်းရယ်ပါ။ အဲဒါကတော့ သံသရာမှာ ဆင်းရဲမျိုးစုံကို ဖြစ်စေတတ်တဲ့ အကုသိုလ်တရားတွေဆိုတာ ရှိတယ်၊ အဲဒီအကုသိုလ်တွေကို ပယ်နိုင်အောင် ကြိုးစားကြစေချင်တယ်။ စိတ်ကို ညစ်ညူးစေတတ်တဲ့ ကိလေသာဆိုတဲ့ အစေးတွေဆိုတာ ရှိတယ်။ အဲဒီကိလေသာတွေကို အကြွင်းအကျန်မရှိအောင် အားထုတ်စေချင်တယ်။ စိတ်ကို ဖြူစင်စေတတ်တဲ့တရားတွေကို ကျင့်လို့ရှိရင် တရားထူးဆိုတာ ဘယ်နည်းနဲ့မဆို ရနိုင်ပါတယ်”
ဟု မိန့်တော်မူလိုက်သည်။

မြတ်စွာဘုရားရှင် စကားဆုံးသောအခါ ထုံးစံအတိုင်း မြတ်စွာဘုရားရှင်၏ စကားကို သဘောကျပြီး ရဟန်းဝတ်သူဝတ်၊ ဗုဒ္ဓဘာသာဖြစ်သူဖြစ်၊ သောတာပန်တည်သူတည်၊ စသော ဖြစ်နေကျအဖြစ်အပျက်များ ပါဝင်လေမလားဟု ဆက်ကြည့်လိုက်သောအခါ ပရိဗိုဇ်တွေထဲမှာ မည်သူမျှ ထိုကဲ့သို့ မဖြစ်ကြသည်ကို အံ့သြစွာ တွေ့ရှိလိုက်ရသည်။ ပရိဗိုဇ်အားလုံးကို ကြည့်လိုက်သောအခါ မျက်နှာကို အောက်သို့ ငုံ့ထားပြီး တိတ်ဆိတ်ငြိုးငယ်စွာ ထိုင်နေကြလေသည်။ မည်သူမျှ စကားတစ်ခွန်း မဆိုကြဘဲ ငြိမ်သက်နေခဲ့ကြလေသည်။
မြတ်စွာဘုရားရှင်လည်း ထိုအခြင်းအရာကို တွေ့သောအခါ “ယုတ်ညံ့တဲ့စိတ်ထားတွေနဲ့ ထုံမွှမ်းထားတဲ့ အလကား အသုံးမကျတဲ့ ပရိဗိုဇ်တွေ၊ ဘုရားသာသနာမှာ တရားကျင့်ရင် ဘယ်လိုလုပ် ခုနှစ်ရက်နဲ့ တရားရနိုင်ပါ့မလဲ - ဆိုတဲ့ အတွေးလေးတောင် မဖြစ်ကြဘူး”ဟု စိတ်ထဲမှာ ပြောဆိုပြီး ကောင်းကင်ခရီးဖြင့် ဂိဇ္ဈကုဋ်တောင်သို့ ကြွသွားခဲ့လေသည်။

နိဂြောဓနှင့် မြတ်စွာဘုရားရှင်တို့၏ ဒိုင်ယာလော့က အထက်ပါအတိုင်း ပြီးဆုံးသွားခဲ့သည်။ သို့ရာတွင် ထိုစကားဝိုင်းက မြတ်စွာဘုရားရှင်၏ အေးမြသောပုံရိပ်၊ သန္ဓာနသူဌေး၏ ဂုဏ်ယူဝမ်းမြောက်နေသော ပုံရိပ်နှင့် ရှက်စနိုးဖြင့် ခေါင်းငုံတိတ်ဆိတ်နေရသော ပရိဗိုဇ်တို့၏ ပုံရိပ်များမှာ ခေါင်းထဲတွင် စွဲထင်ကျန်ရစ်နေသေးသည်။ ထို့ထက်ပို၍ မြတ်စွာဘုရားရှင် မိန့်တော်မူသော စကားလုံးများ၏ အဓိပ္ပာယ်အသွားအလာ၊ အတိမ်အနက်များမှာ နှလုံးသားတွင် လွန်းထိုးနေကြပြီး ပဟေဠိတစ်ပုဒ်လို ဖြစ်နေခဲ့သည်။

မြန်မာနိုင်ငံက ၀ိပဿနာ အငြင်းပွားမှုများကိုလည်း ပြေးမြင်လိုက်သည်။ ၀ိပဿနာဆိုသော မြတ်ဗုဒ္ဓ၏ တရားဓမ္မအဆီအနှစ်ကို ကျင့်နေကြပါလျှက် “ဟိုနည်းက မှားတယ်၊ ဒီနည်းက မှန်တယ်”လုပ်ပြီး ဖိုက်တင် ချနေကြသည်မှာ အံ့သြစရာ ကောင်းလွန်းနေသည်။ မြန်မာနိုင်ငံတွင် မဟာစည်နည်း၊ မိုးကုတ်နည်း၊ ဖားအောက်နည်း၊ ကန္နီနည်း (မြေဇင်းနည်း)၊ စွန်းလွန်းနည်း…..စသည်ဖြင့် ထင်ရှားသော နည်းများရှိသည်။ အများစုမှာ တစ်နည်းကိုတစ်နည်း အထင်အမြင်သေးကြသည်။ ရှုတ်ချနေကြသည်။ ပုတ်ခတ်နေကြသည်။ ပရိယတ်မသိနားမလည်သော လူပုဂ္ဂိုလ်များအနေဖြင့် ရှုတ်ချပုတ်ခတ်နေလျှင် လူကြားလို့ ကောင်းနိုင်ပါသေးသည်။ ကျမ်းဂန်နှံ့စပ်ပြီးသူများ အငြင်းပွားနေသည်ကို ကြည့်ရသည်မှာ မြင်ကွင်းမကောင်း။ ဆိုးလှလွန်းသည်။

တစ်ဆက်တည်းမှာပင် ဆရာကြီး ဦးဂိုအင်ကာနှင့် မဟာမြိုင်တောရဆရာတော် ဦးဇောတိကတို့ကို မြင်ယောင်မိသည်။ ဆရာကြီးသည် မည်သည့်ဘာသာ၊ မည်သည့်ဝါဒသမားပင် ဖြစ်စေ မိမိတို့၏ လက်ရှိယုံကြည်ချက်နှင့်လမ်းစဉ်ကို မစွန့်လွှတ်စေဘဲ မြတ်ဗုဒ္ဓ၏ တရားဓမ္မကို ကျင့်ကြံအားထုတ်စေသည်။ ခရစ်ယာန်တစ်ဦးကို ထာဝရဘုရားသခင်အား ယုံကြည်စေရင်း သမထ၊ ၀ိပဿနာကို အားထုတ်စေသည်။ အစ္စလာဟ်တစ်ဦးကိုလည်း အလ္လာဟ်အရှင်မြတ်ကို ယုံကြည်ကိုးကွယ်စေရင်း သမထ၊ ၀ိပဿနာကို အားထုတ်စေသည်။ ဆရာတော် ဦးဇောတိကသည်လည်း သမာဓိရစေနိုင်သော မည်သည့်နည်းကိုမျှ ပစ်ပယ်ခြင်းမရှိ၊ မိမိနှစ်သက်ရာနည်းကို အသုံးပြုလျှက် သူ့ထံတွင် ဆက်လက်အားထုတ်စေသည်။ လမ်းကြောင်းမှန်သွားဖို့သာ သူက ဂရုစိုက်ပေးသည်။ ဥဒုမ္ဗရိကသုတ်တော်က ပေးလိုက်သော မြတ်ဗုဒ္ဓ၏ လမ်းစဉ်၊ အတွေးအမြင်နှင့် ကိုက်ညီလေစွတကား။ လေးစားကြည်ညိုဖွယ်ကောင်းလေစွတကား။

မြတ်စွာဘုရားရှင်ကပင် “သမာဓိရဖို့အတွက် ပရိဗိုဇ်တို့၏ အကျင့်များသည်ပင် အခြေခံဖြစ်နိုင်သည်။ ရိုးသားသောစိတ်ထားဖြင့် ရရှိလာသော သမာဓိကို အရင်းတည်ပြီး ရှေ့ဆက်လျှင် တရားထူး ရနိုင်သည်”ဟု မိန့်တော်မူခဲ့သည်။

သစ်ပင်တစ်ပင်တွင် အပေါ်ယံအလွှာကနေ အပွေး၊ ပြီးရင် အခေါက်၊ အခေါက်ပြီးရင် အကာ၊ အကာပြီးမှ အနှစ်သာရက တည်ရှိသည်။ ကိုယ်တိုင် တွေ့မြင်၊ ကြားသိလိုက်သော အတွေးအမြင်၊ အပြောအဆို၊ အပြုအမူတစ်ခုသည် မိမိ လက်ခံထားသည်နှင့် ကွဲပြားကောင်း ကွဲပြားနေမည်။ ထိုသို့ ကွဲပြားနေသည်ကို သိရှိနားလည်ပြီး “အော်….သူ့အခြေအနေက အပွေးအဆင့်ပဲ ရှိပါလား၊ ငါ အခေါက်အဆင့်အထိ ရောက်အောင် ကူညီပေးလိုက်မယ်၊ ………………”စသည်ဖြင့် လူ၏ ပုဂ္ဂလိက လွတ်လပ်ခွင့်ကို မကဲ့ရဲ့ မရှုတ်ချဘဲ အကောင်းမြင်စိတ်ထားဖြင့် ဖြည့်တွေး၊ ဖြည့်မြင်၊ ဖြည့်ပြောဖို့ လိုအပ်သည်ဟု ထင်မြင်သည်။

တစ်ဦးကိုတစ်ဦး လေးစားစိတ်ထားဖြင့် ဖေးမပဲ့ပြင်ကူညီကာ ဘ၀ခရီးကို ဆက်လှမ်းကြလျှင် တရားထူးတွေ မရခဲ့လျှင်သော်မှ တည်ငြိမ်အေးချမ်းသောဘ၀တစ်ခုမှာ အခြေတည်မိနိုင်သည်ဆိုသော သဘောထားလေး ခပ်ရေးရေး ၀င်လာခဲ့သည်ဟု ခံစားနေမိခဲ့သည်။

ပြီးပါပြီ

1 comment:

thadarhline said...

လာလည်တဲ့အတွက်ကျေးဇူးတင်ဝမ်းမြောက်မိပါတယ်
ဘုရား..။ သဒ္ဓါလည်းစာတွေလာဖတ်ပါအုံးမယ်..။
ကျန်းမာပျော်ရွှင်စွာနဲ့စာပေဆက်လက်ရေးသားနိုင်ပါစေ ဘုရား။
ရိုသေလေးစားလျက်
သဒ္ဓါ