Wednesday, March 17, 2010

လေးမှာ ငြိမ်းစေဘိ


သတိမြဲအောင် အားထုတ်ခဲ့ရသော ပထမအဆင့်၊ ထွက်လေ၀င်လေတို့ကို အတိုအရှည်အားဖြင့် ရှုမှတ်ရခြင်း သို့မဟုတ် ရရှိပြီးသောအလင်းနိမိတ်ကို အနီးအဝေးပြေးစေပြန်စေရခြင်းဟူသော ဒုတိယအဆင့်၊ လောင်ကျွမ်းထားသော အလင်းတုံး၊ ဖန်တုံးကြီးများပမာ ခန္ဓာကိုယ်တစ်ခုလုံးကို အလင်းကလာပ်ချည်းသာ ဖြစ်စေအောင် နိမိတ်စားရခြင်း သို့မဟုတ် သုံးချက်သိအားထုတ်ရခြင်းဟူသော တတိယအဆင့်တို့ကား ပြီးပြည့်စုံခဲ့လေပြီ။ ယခုအခါတွင် ရုန့်ရင်းကြမ်းတမ်းသော ငါ၏ ထွက်လေ၀င်လေတို့ကို ငြိမ်းပျောက်သွားစေရန် သို့မဟုတ် နူးညံ့သိမ်မွေ့အောင် အားထုတ်ရခြင်း စတုတ္ထအဆင့်ကို ပြဆိုပါအုံးမည်။


ငြိမ်းစေဘိ အဆင့်ကို အားထုတ်သောအားဖြင့် ရောက်ရှိလာပါက မိမိတို့၏ ထွက်လေ၀င်လေတို့သည် အလွန့်အလွန်နူးညံ့သိမ်မွေ့သောကြောင့် ထွက်လေ၊ ၀င်လေတို့ မရှိတော့ဟူ၍ပင် ထင်လာရပေလိမ့်မည်။ ရှေ့အခန်းများတွင် ရှုမှတ်ခဲ့ရာတွင် ရရှိခဲ့သော အလင်းပဋိဘာဂကို ရင်ချိုင့်အလယ်တည့်တည့်တွင် ထားရမည်။ ထိုသို့ထားပြီး လင်းသည်ထက်လင်းအောင် အားထုတ်ရမည်။ ထိုလင်းထိန်နေသော အလင်းနိမိတ်ကို အဇ္ဈတ္တအတွင်းသက်သက်ဖြစ်စေရန် စိတ်ကို နောက်ကျောဘက်ကထားပြီး ရှုမှတ်ရလေသည်။ နံပါတ် ၄၆-ပုံအတိုင်းပင် ဖြစ်ပါသည်။

ရုပ်ဥပစာ၊ နာမ်ဥပစာ

ထွက်လေ၀င်လေတို့နှင့်အတူတကွ မိမိ၏ ခန္ဓာကိုယ်ကြီးတစ်ခုလုံး ငြိမ်းအေးခြင်းသဘောကို ရုပ်တို့၏ ငြိမ်းခြင်း၊ ငြိမ်သက်ခြင်းသဘော (ရူပပဿမ္ဘယ)ဟု ဆိုသည်။ ယင်းသဘောကို ရုပ်ဥပစာဟုလည်း ခေါ်သည်။ မိမိ၏ ခန္ဓာကိုယ်ကြီးတစ်ခုလုံး ဖန်သားမှန်သားအသွင် ကြည်လင်ပြီး ယင်းကိုမှီနေသော စိတ်တို့၏ ငြိမ်သက်အေးမြသော သဘောကို စိတ်၏ ငြိမ်းအေးခြင်း (စိတ္တပဿမ္ဘယ)ဟု ဆိုသည်။ ယင်းသဘောကို နာမ်ဥပစာဟုလည်း ခေါ်သည်။

ဤလေးဆင့်မြောက် ဘာဝနာကို ပွားများအာထုတ်ရာတွင် ဥပစာသမာပတ်ကို ၀င်စားစေနိုင်ရန်အတွက် ဘာဝနာပျက်ကြောင်းတရားရှစ်ပါး (ဘာဝနုပက္ကိလေသ)နှင့် ပဘာဝနာတရားလေးပါးကို သိသင့်ပါသည်။ အာနမန၊ ၀ိနမန၊ သန္နမန၊ ပနမန ဟူသော ယိမ်းယိုင်ခြင်းလေးမျိုး၊ ဣဉ္စန၊ ဖန္ဒန၊ စလန၊ ကမ္ပန ဟူသော လှုပ်ခြင်းလေးမျိုးအားဖြင့် ဘာဝနာပျက်ကြောင်းရှစ်ပါးမဖြစ်အောင် သတိပြုကြရမည်။ ထိုသို့မဖြစ်စေဘဲ ပြတ်သားစွာသိသောစိတ်၊ ပြတ်သားစွာထွက်သောလေ၊ ပြတ်သားစွာမှတ်သိနိုင်သော သတိ၊ ခိုင်မြဲသော သမာဓိဟူသော ပဘာဝနာတရားလေးပါးနှင့် ပြည့်စုံအောင် အားထုတ်ရမည်။

ထိုသို့ ငြိမ်းစေရာတွင်လည်း ပဘာဝနာတရားလေးပါး အားကောင်းသလောက် လျင်မြန်စွာ ငြိမ်သက်သွားဖြင်း သန္တ၊ အလွန်ငြိမ်သက်၍သွားခြင်း ၀ူပသန္တ၊ နူးညံ့ခြင်း သုခုမ၊ အလွန်နူးညံ့ခြင်း သုခုမတရ၊ အလွန့်အလွန် နူးညံ့သိမ်မွေ့ခြင်း သုခုမတမ စသည်အားဖြင့် အဆင့်ဆင့် နူးညံ့ပြီး ချုပ်ငြိမ်းသွားရလေသည်။ ဥပမာအားဖြင့် ကြေးဖလား၊ ကြေးစည်၊ ခေါင်းလောင်းတို့ကို တီးခတ်လိုက်လျှင် အစပိုင်းတွင် ခပ်ကြမ်းကြမ်း၊ နောက်ပိုင်းတွင် တဖြည်းဖြည်းနူးညံ့သွားခါ ချုပ်ပျောက်သွားရလေသည်။ ထိုဥပမာကဲ့သို့ပင် ဖြစ်စေရမည်။

စတုတ္ထအဆင့်ကို အားထုတ်ရာတွင် သိမ်မွေ့သောလေတို့၏ အရှုအရှိုက်၊ သိမ်မွေ့သည်ထက် ပို၍နူးညံ့သိမ်မွေ့သောလေတို့၏ အရှုအရှိုက်၊ အလွန့်အလွန် လှုပ်ခါမတ္တမျှသာထင်သော အရှုအရှိုက်၊ ငြင်သာပေါ့ပါးသောလေတို့၏ အရှုအရှိုက်၊ “ငါ့အား ထွက်လေ၀င်လေ အရှုအရှိုက် မရှိတော့ပြီလော”ဟု ထင်မှတ်ရလောက်အောင် ချုပ်ငြိမ်းသွားသည်အထိ အားထုတ်ရပါမည်။

စတုတ္ထအဆင့်ကို အားထုတ်ရာတွင် သိမ်မွေ့သောလေတို့၏ အရှုအရှိုက်၊ သိမ်မွေ့သည်ထက် ပို၍နူးညံ့သိမ်မွေ့သောလေတို့၏ အရှုအရှိုက်၊ အလွန့်အလွန် လှုပ်ခါမတ္တမျှသာထင်သော အရှုအရှိုက်၊ ငြင်သာပေါ့ပါးသောလေတို့၏ အရှုအရှိုက်၊ “ငါ့အား ထွက်လေ၀င်လေ အရှုအရှိုက် မရှိတော့ပြီလော”ဟု ထင်မှတ်ရလောက်အောင် ချုပ်ငြိမ်းသွားသည်အထိ အားထုတ်ရပါမည်။

နံပါတ် ၄၇-ရုပ်ပုံသည် ထွက်လေ၀င်လေတို့ ငြိမ်းခါနီးသဖြင့် ထင်မြင်လာတတ်ပုံကို တစိတ်တဒေသအားဖြင့် ဖော်ပြထားခြင်း ဖြစ်ပါသည်။ ထွက်လေ၀င်လေတို့ ချုပ်ငြိမ်းခါနီးလျှင် မိမိ၏ ခန္ဓာကိုယ်ကြီး ၀ါးနှစ်ပြန်သုံးပြန်ခန့် ရှည်သွားလိုက်၊ လက်တသစ်ခန့်လောက် ပုသွားလိုက်ဖြစ်နေတတ်ကြသည်။ အချို့ယောဂီများမှာ ပုံပါတိုင်း ခန္ဓာကိုယ်ကြီး ပွ-ရွ-ကြွနေပြီး ရာဝင်အိုးခန့်စသည်ဖြင့် ကြီးလာလိုက် လက်သန်းလက်ညှိုးခန့် သေးငယ်သွားလိုက် ဖြစ်နေတတ်ကြကုန်သည်။ အချို့မှာ ခန္ဓာကိုယ်ကြီး လုံးဝိုင်းသွားလိုက် ပြားကပ်သွားလိုက်ဖြင့် အမျိုးမျိုး ဖြစ်နေတတ်ကြပါသည်။ အထက်ပါအတိုင်း ထင်မြင်လာပြီး မကြာခင် ထွက်လေ၀င်လေတို့ ချုပ်ငြိမ်းခြင်းများ ဖြစ်ပေါ်လာတတ်ပါသည်။

ဆက်လက်ဖော်ပြပါမည်....

No comments: