အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ရုပ်အကြည်ဥပစာများ ရရှိပြီးနောက် ထိုပဋိဘာဂအကြည်နိမိတ်လုံးကိုပင် ဥပစာရသမာဓိဖြင့် သို့မဟုတ် ၀ိက္ခမ္ဘနသတ္တိရှိသော သမာဓိကာမကုသိုလ်ဇောဖြင့် မြှော့သွေးစုပ်သည့်အလား တွယ်ထားကပ်ထား စွဲမြဲစွာ ပွားများအားထုတ်နိုင်စွမ်းရှိခဲ့လျှင် ထိုယောဂီပုဂ္ဂိုလ်အား အင်္ဂါငါးပါးနှင့်ပြည့်စုံသော ပထမဈာန်သည် မြေကြီးလက်ခတ်မလွဲ ရစမြဲဖြစ်ပါသည်။
ယခုအခါ ထိုငြိမ်းစေဘိဘာဝနာကို ပွားများအားထုတ်နေကြသော ယောဂီတိုင်း ၀ိစေတဗ္ဗသဘောသို့ ဆိုက်ရောက်ခါ ထိုင်သောနေရာ၊ အိပ်သောနေရာတို့နှင့် တစ်ထွာ၊ တစ်တောင်၊ တစ်လံ စသည် အထက်သို့ တက်နေတတ်ကြသည်။ ကိုယ်တိုင်အားထုတ်ကြည့်လျှင် သိနိုင်ပါသည်။
နံပါတ် ၅၁-ရုပ်ပုံသည် ထိုပဋိဘာဂနိမိတ်သည်ပင် ငါကောင်၊ ငါကောင်သည်ပင် ပဋိဘာဂနိမိတ်ဟု ကိုယ်ကောင်နှင့်နိမိတ် ရွှေ ၂-ချပ် ဂဟေဆက်သကဲ့သို့ မကွဲမပြား တစ်သားတည်း တစ်ခုတည်းနေအောင် ပွားများအားထုတ်နိုင်စွမ်းသော ဈာနလာဘီယောဂီသူမြတ်၏ ကောင်းကင်ခရီးကြွမြန်းနေပုံဖြစ်ပါသည်။
ဤတွင် အာနာပါန လေးဆင့်အားထုတ်နည်း ပြီးပါပြီ။ အာနာပါနအားထုတ်နည်းကား ပထမစတုက္က၌ လေးနည်း၊ ဒုတိယစတုက္က၊ တတိယစတုက္က၊ စတုတ္ထစတုက္ကတို့၌ အသီးအသီး လေးနည်းအားဖြင့် ၁၆-နည်းရှိသည်။ ဤအာနာပါနသရုပ်ပြဋီကာတွင် ပထမစတုက္ကလေးနည်းအရ တင်ပြထားခြင်း ဖြစ်ပါသည်။ ကျန်နည်းများကို ကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီး၏ အာနာပါနဒီပနီကျမ်းတွင် အပြည့်အစုံပါရှိသည်။
ဝိပဿနာအခန်း
“သမုဒယဓမ္မာနုပဿီ ၀ါ ကာယသ္မိံ ၀ိဟရတိ၊ ၀ယဓမ္မာနုပဿီ ၀ါ ကာယသ္မိံ ၀ိဟရတိ၊ သမုဒယ၀ယဓမ္မာနုပဿီ ၀ါ ကာယသ္မိံ ၀ိဟရတိ”ဟု မြတ်စွာဘုရား ဟောတော်မူသည်။ အဓိပ္ပာယ်မှာ “ထွက်လေ၀င်လေတို့၏ မှီရာတည်ရာ မိမိ၏ ကိုယ်ကာယ၌ မိမိ၏ ဥပစာရသမာဓိအာရုံဖြစ်သော အကြည်သဘောဟူသော အာလောကသညာဖြင့် တသဲသဲဖြစ်လာကြသော ၀တ္ထုရုပ်တို့ကိုလည်းကောင်း၊ တစီစီတဖြုတ်ဖြုတ် ချုပ်ပျက်ကြကုန်သော ၀တ္ထုရုပ်တို့ကိုလည်းကောင်း၊ ထိုဥဒယဗ္ဗယအစွန်းနှစ်ပါးကို ကောင်းစွာထိမိ သိရှိနိုင်သော ဥဒယဗ္ဗယဉာဏ်အခြေခံဖြစ်သော ၀ိပဿနာတရားကို ကိုယ်တွေ့ဒိဋ္ဌ မဂ်ဖိုလ်ရအောင် အားထုတ်ကြကုန်ရာသည်”ဟု အဓိပ္ပာယ်ရပါသည်။
No comments:
Post a Comment