Friday, March 12, 2010

သုံးချက်သိမှာ တတိယာ (၇)

ဤအဆင့်တွင် မဏ္ဍလ(သက်ရောက်ပုံ ရပ်ဝန်း)သုံးမျိုးနှင့် သြဓိသုံးမျိုးကိုလည်း သိသင့်ပါသည်။ ၎င်းတို့မှာ

၁။ မဏ္ဍလ

၂။ အဎ္ဋမဏ္ဍလနှင့်

၃။ မဟာမဏ္ဍလ တို့ဖြစ်ပါသည်။

သြဓိသုံးမျိုးမှာ

၁။ သြဓိ

၂။ အန္တောဓိနှင့်

၃။ အနန္တောဓိ တို့ဖြစ်ပါသည်။

အထက်တွင် ဖော်ပြခဲ့သော ဥပဋ္ဌာနသုံးမျိုးလုံးသို့ရောက်အောင် အားထုတ်နိုင်သော ယောဂီသည် မဏ္ဍလ၊ သြဓိ ဘာဝနာရှင်မည်ပါသည်။ ကျန်မဏ္ဍလနှစ်မျိုးနှင့် သြဓိနှစ်မျိုးကို နောက်ပိုင်းတွင် ပုံနှင့်တကွ ဖော်ပြသွားပါမည်။

အဎ္ဋမဏ္ဍလ၊ အန္တောဓိရှုနည်းနှင့် မဟာမဏ္ဍလ၊ အနန္တောဓိရှုနည်းတို့ကို ပုံစံတကျ ရှုမှတ်ပွားများအားထုတ်သော ယောဂီပုဂ္ဂိုလ်တို့သည် ဈာန်ရပုဂ္ဂိုလ်တို့ ဈာန်ဝင်စားလျှက် အာကာသဝေဟင်ယံမှ လေယာဉ်ပျံစီးနေရသူတို့နှင့်မခြား တရိပ်ရိပ် ပျံသွားနေရသကဲ့သို့လည်းကောင်း၊ အလွန်မြင့်မားလှသော သစ်ပင်ကြီး၏ ခေါင်ဖျားမှ တွဲလဲကျနေသော ဒါန်းအမြင့်ကြီးကို စီးနေရသကဲ့သို့လည်းကောင်း တငြိမ့်ငြိမ့် တသိမ့်သိမ့် ရှုမှတ်၍ အလွန်အဆင်ပြေနေပါလိမ့်မည်။

ဤရှုနည်းများတွင်လည်း အလျားလိုက် ကန့်လန့်ရှုနည်း၊ ဒေါင်လိုက် အထက်အောက်ရှုနည်းအားဖြင့် နှစ်မျိုးရှိပါသည်။ ထိုနှစ်မျိုးတို့တွင် နံပါတ် ၄၄-ရုပ်ပုံသည် နိမိတ်ကို အလျားလိုက် ကြိုးတန်းကြီးကဲ့သို့ထား၍ ရှုရပုံကို ပြသထားလေသည်။

ရှုရပုံကား ထုတ်လေနှင့်နိမိတ်အလင်းတန်း ၀ါးလုံးခန့်တုတ်စေလျှက် ပုခုံးတစ်ဖက်မှ အတောင်တစ်ရာ၊ တစ်ထောင်၊ နှစ်ထောင် အရှည်လွှတ်လိုက်ပါ။ နောက်ရှိုက်လေနှင့်ကျန်ပုခုံးတစ်ဖက်၏ ဟိုဖက်သို့ အတောင်တစ်ရာ၊ တစ်ထောင်၊ နှစ်ထောင် အရှည်ရှိုက်၍ လွှတ်ပါ။ ထုတ်လေ၊ ရှိုက်လေတို့နှင့် ရှူးရှူးရှဲရှဲမြန်မြန်လုပ်၍ ပေးလိုက်၊ ဟိုဖက်သည်ဖက် နိမိတ်ကြောင်းခြင်းဆက်လျှက် ဟိုဖက်အလင်းတန်းတစ်ရာ၊ ဒီဖက်တစ်ရာ၊ မိမိကိုယ်ကို အလယ်က နေရပေမည်။ ရှိုက်လေနှင့် ရှိုက်၊ နိမိတ်တန်းက အသေ၊ လူအအရှင်ထား၍ ရှုမှတ်အားထုတ်လျှင် ခန္ဓာကိုယ်က ထိုင်လျှက်၊ ရှိုက်လေနှင့် ဟိုဘက်နိမိတ်တန်းအဆုံးရောက်လိုက်၊ ထုတ်လေနှင့် ဒီဘက်နိမိတ်တန်းအဆုံးရောက်လိုက်ဖြင့် ဆက်လက်အားထုတ်ရမည်။ ဥပမာအားဖြင့် အရုပ်လေးတစ်ရုပ်ကိုဖောက်ပြီး ကြိုးရှည်ရှည်တပ်ပြီး ခပ်တင်းတင်းထားပါ။ ပြီးလျှင် အရုပ်ကလေးကို ဟိုဘက်ကြိုးဆုံးရောက်အောင် တအားရိုက်လိုက်၊ ဟိုဘက်ကနေ ဒီဘက်ကို ပြန်ရိုက်လိုက်ဖြင့် ဟိုဘက်ကြိုးအဆုံး၊ ဒီဘက်ကြိုးအဆုံး အပြန်ပြန်အလှန်လှန် ရွေ့လျားနေပါလိမ့်မည်။

ဒေါင်လိုက်ရှုနည်း

ဒေါင်လိုက်ရှုနည်းမှာလည်း အလျားလိုက်ရှုနည်းဖြင့် ကွာဟမှု များစွာ မရှိချေ။ ယခင်ဖော်ပြခဲ့သော နိမိတ်မျိုးကို ငယ်ထိပ်မှ အထက် အတောင်တစ်ရာ၊ တစ်ထောင်၊ နှစ်ထောင် စသည်ရှည်အောင် မှုတ်ထုတ်လိုက်ရမည်။ တစ်ဖန် ရှိုက်လေဖြင့် အောက် အတောင်တစ်ရာ၊ တစ်ထောင်၊ နှစ်ထောင် စသည်ရှည်အောင် ရှိုက်၍ ချလိုက်ရမည်။ ရှေ့နည်းအတိုင်း နိမိတ်အသေ၊ လူအရှင်ထားပြီး ရှုမှတ်ရမည်။ ယင်းကဲ့သို့ ကျကျနန အားပါးတရ ရှုမှတ်နိုင်လျှင် ဈာန်ပျံနေရသကဲ့သို့ ဖြစ်နေတတ်ပါသည်။

ဥပမာအားဖြင့် သစ်သားရုပ်တစ်ရုပ်ကို အောက်ပိုင်းမှ အထက်ပိုင်းသို့ တိုးလျှိုပေါက် အပေါက်တစ်ခုကို ဖောက်ပြီး ကြိုးတပ်လိုက်ပါ။ ပြီးလျှင် အဆိုပါ အရုပ်ကို အထက်ရိုက်တင်လိုက်၊ အောက်ပြန်ကျလိုက်ဖြင့် တက်လိုက်ဆင်းလိုက် ဖြစ်နေပေလိမ့်မည်။ ဒေါင်လိုက်နှင့်အလျားလိုက်သာ ကွာခြားပါသည်။

မဟာမဏ္ဍလ၊ အနန္တောဓိရှုနည်းတို့မှာလည်း ရှုမှတ်ရပုံချင်း တူကြပါသည်။ ထူးခြားသည်မှာ နံပါတ် ၄၄၊ ၄၅ ပုံများတွင်ကဲ့သို့ အပိုင်းအခြားမရှိ ဟိုဘက်သည်ဘက် စကြာဝဠာအဆုံးရောက်အောင် လွှတ်၍ ရှုမှတ်ရပုံသာ ကွာခြားပါသည်။ ဒေါင်လိုက်မှာလည်း ဤနည်းအတိုင်း အထက်ကောင်းကင်အစ၊ မိမိကိုယ်အလယ်၊ အောက်ကောင်းကင်အဆုံး သုံးချက်စီ ရှုမှတ်ရပါသည်။ ဤတွင် သုံးချက်သိမှာ တတိယာဟူသော သုံးချက်သိ ရှုနည်းများ ပြီးပါပြီ။

ဆက်လက်ဖော်ပြပါမည်....

No comments: