Dictionary/အဘိဓာန်

Blogspot Dictionary

Blogspot Dictionary

Wednesday, November 25, 2009

သတိပဋ္ဌာန် အာနာပါနအခန်း

ယခုပြလတံ့သောအခန်းမှာ အာနာပါနသတိပဋ္ဌာန်တရားနှင့်ပတ်သက်၍ မြတ်စွာဘုရားရှင် ဟောကြားချက်များ၊ သိသင့်သိထိုက်သည်များကို ဖော်ပြမည့်အခန်း ဖြစ်ပါသည်။ အမှန်တကယ် ကျင့်ရမည့် ကျင့်စဉ်နည်းစနစ်များကို နောက်လာမည့် အခန်းတွင် ရုပ်ပုံများနှင့်တကွ စတင် ဖော်ပြပါတော့မည်။ အာနာပါနကျင့်စဉ်မူရင်းဟောကြားချက်နှင့် ထားရှိရမည့်သဘောထားကို သိသာစေရန် ဖော်ပြလိုက်ခြင်းဖြစ်ပါသည်။

“အို..ယောဂီအပေါင်းတို့ ငါဘုရားရှင်၏ သာသနာတော်အတွင်း၌ ရှိကြကုန်သော အသင်ယောဂီအပေါင်းတို့သည် တောအရပ်သို့ကပ်၍လည်းကောင်း၊ သစ်တစ်ပင်ရင်း ၀ါးတစ်ရုံအောက်ကပ်၍သော်လည်းကောင်း၊ ဆိတ်ငြိမ်ရာအရပ်တစ်ခုခုသို့ကပ်၍သော်လည်းကောင်း ထက်ဝယ်ဖွဲ့ခွေ၍ ကိုယ်ကိုဖြောင့်မတ်စွာထား၍ (အလိုက်သင့်အောင်ထား၍) ကမ္မဋ္ဌာန်းသို့ရှေးရှု သတိကိုဖြစ်စေ၍ ထိုင်နေရမည်” (ဤကား ကမ္မဋ္ဌာန်းထိုင်ပုံ အစီအစဉ်ဖြစ်ပါသည်)

“အာနာပါနကမ္မဋ္ဌာန်းကို အားထုတ်သော ယောဂီပုဂ္ဂိုလ်သည် သတိကပ်၍သာလျှင် ထွက်သက်ကို ဖြစ်စေ၏။ ထွက်သက်ကို ထုတ်၏။ သတိကပ်၍သာလျှင် ၀င်သက်ကို ဖြစ်စေ၏။ ၀င်သက်ကို ရှိုက်ရှူ၏” (ဤကား သတိမြဲရာ ပထမာ အစီအစဉ်ဖြစ်ပါသည်)

“ထွက်သက်လေကို ရှည်ရှည်ထုတ်သောယောဂီပုဂ္ဂိုလ်သည် ရှည်ရှည်ထုတ်သည်ဟု ကောင်းစွာ သိ၏။ ၀င်သက်လေကို ရှည်ရှည်ရူသောယောဂီပုဂ္ဂိုလ်သည် ရှည်ရှည်ရှုရှိုက်သည်ဟု ကောင်းစွာ သိ၏”

“ထွက်သက်လေကို တိုတိုထုတ်သောယောဂီပုဂ္ဂိုလ်သည် တိုတိုထုတ်သည်ဟု ကောင်းစွာ သိ၏။ ၀င်သက်လေကို တိုတိုရှုရှိုက်သောယောဂီပုဂ္ဂိုလ်သည် တိုတိုရှုရှိုက်သည်ဟု ကောင်းစွာ သိ၏” (ဤကား ဒုမှာ တို ရှည်သိ အစီအစဉ်ဖြစ်ပါသည်)

“အလုံးစုံသော ထွက်သက်ဝင်သက်တို့၏ အစ၊ အလယ်၊ အဆုံး သုံးပါးလုံးကို ထင်ရှားစေလျှက် (ခန္ဓာကိုယ်တစ်ခုလုံးကို ထိန်လင်းစေလျှက်) ထွက်သက်လေကို ထုတ်၏။ ၀င်သက်လေကို ရှိုက်ရှု၏” (ဤကား သုံးချက်သိမှာ တတိယာ သို့မဟုတ် လုံးစုံလင်းရာ တ-၌သာ အစီအစဉ်ဖြစ်ပါသည်)

“အရှိုက်အရှုပြင်းသောကြောင့် ရုန့်ရင်းကြမ်းတမ်းသော ထွက်သက်၊ ၀င်သက်လေတို့ကို ငြိမ်းအေးစေလျှက်၊ ချုပ်ပျောက်စေလျှက် ထွက်လေကို ထုတ်မည်၊ ၀င်လေကို ရှုရှိုက်မည်ဟု ကျင့်၏” (ဤကား စ-မှာ ငြိမ်းစေဘိ အစီအစဉ်ဖြစ်ပါသည်)

“ရံခါအတွင်း၌ ထွက်လေ၀င်လေဟူသော ကာယ သို့မဟုတ် ပဋိဘာဂဖြစ်သော အဿာသပဿာသကာယကို အဖန်တလဲလဲ ရှုမှတ်ပွားများအားထုတ်ရမည်။ ရံခါအပြင်၌ (အပြင်ကို ထုတ်၍) ထွက်လေ၀င်လေဟူသော ကာယ သို့မဟုတ် ပဋိဘာဂဖြစ်သော အဿာသပဿာသကာယကို အဖန်တလဲလဲ ရှုမှတ်ပွားများအားထုတ်ရမည်။ ရံခါအတွင်းအပြင် နှစ်ဌာနလုံး၌ ထွက်လေ၀င်လေဟူသော ကာယ သို့မဟုတ် ပဋိဘာဂဖြစ်သော အဿာသပဿာသကာယကို အဖန်တလဲလဲ ရှုမှတ်ပွားများအားထုတ်ရမည်။” (ဤသည်မှာ အာနာပါနသမထလေးဆင့်လုံးကို ပေါင်း၍ဟောထားခြင်းဖြစ်ပါသည်)

“ထွက်သက်လေ၊ ၀င်သက်လေဟူသော ကာယ၌ ဖြစ်ခြင်းသဘောကို အဖန်တလဲလဲ ရှုမှတ်၍ နေရာ၏။ ထွက်သက်လေ၊ ၀င်သက်လေဟူသော ကာယ၌ ပျက်ခြင်းသဘောကို အဖန်တလဲလဲ ရှုမှတ်၍လည်း နေရာ၏။ ထွက်သက်လေ၊ ၀င်သက်လေဟူသော ကာယ၌ ဖြစ်ခြင်း၊ ပျက်ခြင်းသဘောကို အဖန်တလဲလဲ ရှုမှတ်၍လည်း နေရာ၏။” (ဤကား အာနာပါနသမထကို အဦးမူ၍ ၀ိပဿနာရှုမှတ်ပွားများရပုံ ဖြစ်ပါသည်)

“ထိုကဲ့သို့ အားထုတ်နေသော ယောဂီပုဂ္ဂိုလ်အား သတိတရား ထင်မြဲလာတော့သည်။ ထိုသတိ၏ သောတာပတ္တိမဂ်ဉာဏ်ကို ရခြင်းငှါ၊ အဆင့်ဆင့် ရင့်ကျက်ခြင်းငှါ ဖြစ်လာလျှင် ယောဂီပုဂ္ဂိုလ်သည် တဏှာ၊ ဒိဋ္ဌိနှစ်ပါးကို အမှီသဟဲပြုစရာမလိုဘဲ နေနိုင်စွမ်းရှိလာတော့သည်။ ထိုအခါ တစ်လောကလုံးတွင် သို့မဟုတ် ခန္ဓာငါးပါးဟူသော လောကတွင် `ငါ့ကိုယ်´ဟူ၍လည်းကောင်း၊ `ငါ၏ဥစ္စာ´ဟူ၍လည်းကောင်း တစ်စုံတစ်ခုကိုမျှ စွဲလမ်းခြင်းမရှိ အတ္တဒိဋ္ဌိပြုတ်လေတော့သည်” (ဤကား အာနာပါနသမထကို အဦးမူ၍ ၀ိပဿနာရှုမှတ်ပွားများ အားထုတ်သော ယောဂီပုဂ္ဂိုလ်အား မဂ်ဖိုလ်ရ၍ အရိယာဖြစ်ပုံကို ပြပါသည်။)

အထက်ပါ ဖော်ပြချက်မှာ သတိပဋ္ဌာနသုတ်တော်တွင် မြတ်စွာဘုရားရှင်ဟောကြားတော်မူသော အာနာပါနကျင့်စဉ် အစီအစဉ်ဖြစ်ပါသည်။

မြတ်စွာဘုရားရှင်သည် ကမ္မာသဓမ္မနိဂုမ်းတွင် အထက်ပါ သတိပဋ္ဌာန်တရားလေးပါးကို ဟောကြားတော်မူခဲ့သည်။ သတိပဋ္ဌာနသုတ်တွင် မြတ်စွာဘုရားရှင်က သတိပဋ္ဌာန်တရားလေးပါးတို့တွင် တစ်ပါးပါးကို ခုနှစ်ရက်အားထုတ်ရုံမျှဖြင့် အရိယာဖြစ်နိုင်ကြောင်း မိန့်ကြားတော်မူထားသည်။ ထိုစကားတော်ကို ယုံကြည်ပါသလော။ ယုံကြည်လျှင် “အာနာပါနဟာ သမထဖြစ်တယ်၊ သတိပဋ္ဌာန်မဟုတ်ဘူး၊ မဂ်ဖိုလ်ရကြောင်း မဟုတ်ဘူး၊ အာနာပါနနှင့် နိဗ္ဗာန်ရတယ်ဆိုတာ မဟုတ်ပါဘူး”ဟု ပညာရှင်အခေါ်ခံသူများကိုယ်တိုင် ပြောကြားသံကို ကြားရပါသည်။ တချို့လူများက “အာနာပါနက သာသနာပမှာ လုပ်တာ၊ ကျုပ်တို့က သတိပဋ္ဌာန်အလုပ်ကိုမှ ဘုရားအကြိုက်၊ မဂ်ဆိုက်၊ ဖိုလ်ဆိုက် လုပ်ချင်တာ”ဟု ပြောနေကြသံများကိုလည်း ကြားရသည်။

ထိုသူတို့၏ အမှန်တကယ် မသိမှုတွေကြောင့်လော မပြောတတ်။ “ပုဂ္ဂိုလ်ခင်မှ တရားမင်တယ်၊ ဆတော်ဟောမှ တရားမှန်တယ်”ဟူသော စကားအတိုင်း “ပေါ်ဦးလည်း လူတိုင်းထဲကပါပဲဘုရား”ဆိုသကဲ့သို့ ဖြစ်နေသည် ထင်ပါသည်။ အာနာပါနသည် ကာယာနုပဿနာရှုနည်း (၁၄)မျိုးအနက် တစ်ပါးအပါအ၀င်ဖြစ်သည်။ ပါသည်မှ နံပါတ် (၁)အဖြစ် ပါဝင်သည်။ မြတ်စွာဘုရှားရှင်ကိုယ်တော်တိုင် အားထုတ်ခဲ့သော တရားဖြစ်သောကြောင့် ရှေ့ဆုံးကထား၍ ဟောကြားခဲ့ခြင်း ဖြစ်ပါသည်။ သို့ဖြစ်၍ အာနာပါနကျင့်စဉ်ကို သတိပဋ္ဌာန်မဟုတ်သယောင် ပြောနေကြခြင်းသည် ဘုရားစကားတော်ကို တော်လှန်နေကြခြင်းသာ ဖြစ်သည်။ အာနာပါနသတိပဋ္ဌာန်ကို ကြိမ်ဖန်များစွာ အားထုတ်ကြိုးပမ်းခြင်းအားဖြင့် သတိပဋ္ဌာန်လေးပါးလုံးကို ပြည့်စေနိုင်ပါသည်။

ဝိသုဒ္ဓိမဂ်တွင်လည်း “အာနာပါနကမ္မဋ္ဌာန်းကို ပွားများ၍ အာနာပါနကမ္မဋ္ဌာန်းမှ ရအပ်ပြီးသော ဈာန်လေးပါးလျှင် အရင်းခံရှိသော သမထယာနိက၀ိပဿနာဖြင့် ပဋိသမ္ဘိဒါနှင့်တကွ ရဟန္တာဖြစ်လိုသော အမျိုးကောင်းသားတို့သည် အာနာပါနကမ္မဋ္ဌာန်းကို နှလုံးသွင်းအပ်၏”ဟု မိန့်ဆိုထားပါသည်။

နောက်ပြလတံ့သော အခန်းများတွင် အာနာပါနကမ္မဋ္ဌာန်း အားထုတ်ပုံအစီအရင်ကို ပြဆိုပါတော့မည်။ အထက်ပါ မြတ်စွာဘုရားနှင့်အဋ္ဌကထာဆရာကြီးများ ဟောကြားထားသည့်အတိုင်း အာနာပါနကမ္မဋ္ဌာန်း၏ အရေးကြီးပုံကို သဘောပေါက်ပြီး ကြိုးစားအားထုတ်ဖို့ တိုက်တွန်းလိုက်ရပါသည်။

အပြည်ပြည်ဆိုင်ရာ ကန္နီဖောင်ဒေးရှင်းတွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments: