(Bhikkhu K. Tanchangya ရဲ့ Buddhism under siege from within ဆိုတဲ့စာကို ဘာသာပြန်တယ်။ ဘာသာပြန်ဖို့ တိုက်တွန်းပေးတဲ့ အရှင်တေဇောဘာသ (ဂျာမဏီ)ကို ကျေးဇူးတင်ပါတယ်။ မြန်မာမှာ နေရင်း ဟိုသွားဒီသွား မအားမလပ်တဲ့ကြားက (စိတ်အားထက်သန်လွန်းလို့) ဖြစ်သလို ဘာသာပြန်လိုက်ရတဲ့အတွက် အမှားအယွင်းများ ပါရှိခဲ့ရင် ခွင့်လွှတ်ကြပါ။ လေးလေးနက်နက် ဖတ်ရှုနိုင်ကြပါစေ၊ ဖတ်ရှုရုံမက စာရေးသူပေးလိုက်သော မက်ဆေ့အစစ်ကို ရရှိသွားနိုင်ကြပါစေလို့ ကျိတ်ကျိတ်လေး ဆုတောင်းနေပါတယ်။ ဒီပို့စ်က အရမ်းကို ကောင်းပါတယ်။ ဗုဒ္ဓဘာသာဝင်တွေအားလုံ ဖတ်သင့်တယ်လို့ ထင်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။)
.....ဗုဒ္ဓဘာသာနိုင်ငံတိုင်းမှာရှိတဲ့ ဘုန်းတော်ကြီးကျောင်းက သံဃာတွေ ပိုင်ဆိုင်တဲ့ ပုဂ္ဂလိကပိုင်ဆိုင်မှုတွေဟာ အစိုးရပိုင်ဆိုင်မှုထက် ကောင်းကောင်းကြီး ကျော်လွန်သွားနိုင်စရာရှိတယ်လို့ ယုံကြည်ရပါတယ်။ မြောက်မြားလှစွာသော အလှူကြီးတွေက အချမ်းသာဆုံး ဆရာတော်တွေကို မွေးထုတ်ပေးပါတယ်။ ဗုဒ္ဓဘာသာသမိုင်းမှာ တစ်ခါမှ မရှိဖူးသေးတဲ့ကျောင်းတော်ကြီးတွေ မွေးထုတ်ပေးပါတယ်။ ကျွန်ုပ်တို့လို မထင်မရှား ဗုဒ္ဓဘာသာတွေကိုတော့ `ကိုယ့်လမ်းကိုယ်လျှောက်´ဆိုပြီး ထားရစ်ခဲ့ကြပါတယ်။ ဥပေက္ခာတရားတွေ ထွန်းကားပြီး မေ့ထားလိုက်ကြပါတယ်။
သေးငယ်ပြီး အလှမ်းဝေးတဲ့ ဗုဒ္ဓဘာသာအဖွဲ့အစည်းတွေ ဥပမာအားဖြင့် မြန်မာနိုင်ငံက ချောင်းသာ၊ အိန္ဒိယက ခမိယန်း၊ ထိုင်းက ဟွေ၊ နီပေါလ်က ကူတန်း၊ တိဗက်က ဂစောင်၊ ဘူတန်က ဘရုတ်ကတ်စ်ဆိုတဲ့ ဗုဒ္ဓဘာသာအဖွဲ့အစည်းတွေရဲ့ လက်ရှိဖြစ်ပျက်နေပုံကို ``ပညာတွေ အထူးတလည်တတ်မြောက်ပါတယ်၊ ချမ်းသာကြွယ်ဝပါတယ်´´ဆိုတဲ့ ဗုဒ္ဓဘာသာဝင်တွေ မသိကြပါဘူး။ အခု ဥပမာအဖြစ် ပေးလိုက်တဲ့ နာမည်တွေဟာ နည်းနည်းလေးပဲ ရှိပါသေးတယ်။
အဲဒီဒေသတွေမှာရှိတဲ့ ဗုဒ္ဓဘာသာအဖွဲ့အစည်းတွေဟာ ကြမ်းတမ်းပြင်းထန်တဲ့ လက်ရှိအစစ်အမှန် ဖြစ်တည်မှုတွေနဲ့ အသက်ဆက်နိုင်အောင် သူတို့ရဲ့ ဗုဒ္ဓဘာသာ ကိုယ်ပိုင်အမှတ်လက္ခဏာတွေကို ကိုင်စွဲပြီး ခက်ခက်ခဲခဲ စီမံနေကြရပါတယ်။ ဒါကိုလဲ ဖိနှိပ်တဲ့ တရားမမျှတတဲ့ အစိုးရတွေရဲ့လက်အောက်မှာ လုပ်နေကြရတာပါ။
``ဒါ….သူတို့ရဲ့….ကံပဲလေ´´။
အဲဒီလို ပြောလိုက်ကြမလား…….။
နေစဉ်အဖြစ်မှန်တွေနဲ့ ရင်ဆိုင်နေရတဲ့ အဲဒီလူမျိုးတွေကို ဗုဒ္ဓဘာသာဆိုတဲ့ အဖွဲ့အစည်းကြီးအောက်မှာ ဆက်လက်တည်ရှိဖို့ ကျွန်ုပ်တို့အနေနဲ့ ဘယ်လောက်ကြာကြာ ထပ်စောင့်ကြရအုံးမှာလဲ။
ဗုဒ္ဓဘာသာဟာ သူတို့ရဲ့ ကံကြမ္မာကို ပြောင်းမပေးနိုင်ဘူးလားဗျာ။ သူတို့တစ်တွေ ဆင်းရဲတွင်းကနေ ရုန်းထွက်ဖို့ ဗုဒ္ဓမြတ်စွာကို ကိုးကွယ်ဆည်းကပ်မှုက မျှော်လင့်ချက်နဲ့အခွင့်အရေးတွေ မပေးနိုင်ကြတော့ဘူးလား။ ``ဒို့မြတ်စွာဘုရားတောင်မှ လူသားတွေရဲ့ ဘ၀အဆင့်အတန်းကို ပြောင်းလဲပေးနိုင်စွမ်း မရှိဘူး´´လို့ ပြောနေ ဟောနေတဲ့သူတွေ ရှိတယ်။ အဲဒီလို ပြောကြားချက်တွေဟာ ဘာမှ အဓိပ္ပာယ်မရှိပါဘူး။ ဒီကိစ္စမှာ မြတ်စွာဘုရားရှင်ဟာ ပိုမိုကောင်းမွန်တဲ့ဘ၀နဲ့ အပြောင်းအလဲကို တမ်းတမ်းတတဖြစ်နေတဲ့ ခွဲခြားခံနေရတဲ့ လူသားတွေကို ကူညီဖို့ ကတိမပေးခဲ့ဘူးဆိုရင် ``ချက်ချင်းလက်ငင်း စည်းစိမ်ဥစ္စာကို ပေးမယ်၊ အပြောင်းအလဲတွေ ဖြစ်ပေါ်လာအောင် လုပ်ပေးမယ်၊ နောက်ဘ၀မှာလဲ ကောင်းကင်ဘုံကို ပို့ပေးမယ်´´လို့ ကတိပေးတဲ့ နိုင်ငံခြားက ထာဝရဘုရားကို ဘာဖြစ်လို့ မကိုးကွယ်သင့်ရမှာလဲ။ မကိုးကွယ်သင့်စရာ အကြောင်းမရှိလှဘူး။
ဟုတ်ပါတယ်။ ``ဘုရားအသစ်၊ တိုင်းပြည်အသစ်´´ဆိုတဲ့ စကားတစ်ခွန်းရှိပါတယ်။ ဒီစကားက ခေတ်သစ်ကိုရီးယားကို ခရစ်ယာန်ဘာသာရဲ့ အောက်ကို ဆွဲသွင်းဖို့ ခရစ်ယာန်ဆရာတွေ မကြာခဏ အသုံးပြုခဲ့တဲ့ စကားတစ်ခွန်း ဖြစ်ပါတယ်။ အဲဒီစကားဟာ အခုအချိန်အထိ ခရစ်ယာန်ဆရာတွေ သယ်ဆောင်လာပေးတဲ့ အပြောင်းအလဲပြယုဂ်ကို ဆွဲဆောင်သိမ်းသွင်းနေဆဲ၊ မျက်စိကျစရာ ဖြစ်နေဆဲပဲ ဖြစ်ပါတယ်။
တိုးတက်တဲ့အမြင်ရှိတဲ့ ဗုဒ္ဓဘာသာတိုင်းအတွက် ဒီအချက်ကို အာရုံစူးစိုက်ဖို့ အချိန်ကျရောက်နေပါပြီ။
မှန်ပါတယ်။ ဒီဗုဒ္ဓဘာသာအဖွဲ့အစည်းတွေဟာ ဆင်းရဲနုံချာလှပြီး ပညာလည်း မတတ်ကြပါဘူး။ ခရစ်ယာန်စည်းရုံးရေးသမားတွေအတွက်တော့ ဒီအခြေအနေဟာ အလွန်လွယ်ကူတဲ့ ပစ်မှတ်များ ဖြစ်နေပါတယ်။ ဒါပေမယ့် ခရစ်ယာန်စည်းရုံးရေးသမားတွေဟာ (သူတို့)ဘာသာရေးအကြောင်းကို နည်းနည်းမှ မပြောသေးခင်မှာပဲ ပညာရေးနဲ့ ရုပ်ဝတ္တုပိုင်းဆိုင်ရာ အထောက်အပံ့တွေ ပေးကြပါတယ်။ ခရစ်ယာန်စည်းရုံးရေးသမားတွေဟာ အဲဒီလို အလုပ်တွေ လုပ်နေကြပါတယ်။
ဒီလိုအမေ့လျော့ခံ ဗုဒ္ဓဘာသာဝင်တွေရဲ့ နစ်နာချက်တွေကို လေ့လာစုံစမ်းပြီး အလည်အပတ်သွားရောက်ဖို့အတွက် အချမ်းသာဆုံးဆိုတဲ့ ဘုန်းကြီးတွေ၊ အချမ်းသာဆုံးဆိုတဲ့ ကျောင်းတော်ကြီးတွေနဲ့ ချမ်းသာကြွယ်ဝတဲ့ ကမ္ဘာက အချမ်းသာဆုံးဆိုတဲ့ အဖွဲ့အစည်းကြီးတွေဟာ တကယ်အလုပ်လုပ်တဲ့ အသင်းအဖွဲ့တွေကို ဘာကြောင့်များ စည်းရုံးလှုံ့ဆော်မပေးနိုင်ကြရတာလဲ။
ကိုယ်ကိုယ်တိုင်ကတော့ ဘာမှ စွမ်းဆောင်မပေးဘဲ အဲဒီလို အကူအညီတွေ ပေးနေတဲ့ ခရစ်ယာန်တွေကို ကျွန်ုပ်တို့အနေနဲ့ ဘာကြောင့်များ အော်ဟစ်ရုံသာ အော်ဟစ်နေကြရတာလဲ။
ကံတရား၊ ဘ၀သစ်ဖြစ်ပေါ်ခြင်း၊ ဆင်းရဲဒုက္ခ၊ တစ်ကိုယ်ကောင်းမဆန်ခြင်းနဲ့ တင်းတိမ်ရောင့်ရဲမှုစတဲ့ ဗုဒ္ဓဟောကြားချက်တွေဟာ ပညာအတတ်ဆုံး၊ ကြွယ်ဝပြီး ယဉ်ကျေးတဲ့ ဗုဒ္ဓဘာသာတွေကြားထဲမှာတောင်မှ နက်နက်နဲနဲကို နားလည်မှုလွဲမှားတဲ့ အခြေအနေရဲ့ အစိတ်အပိုင်းများ ဖြစ်နေဆဲပါပဲ။ ဒီနားလည်မှုလွဲမှားနေတဲ့ တရားတော်တွေဟာ ၀ိသမလောဘသမား သာသနာပြုတွေအတွက်တော့ ကိုယ့်အကျိုးစီးပွား တိုးပွားစေဖို့ အမြတ်ထုတ်စရာ သို့မဟုတ် ဘုန်းကြီးတွေရဲ့ ရိုက်စားလုပ်ဖို့ကောင်းတဲ့ ဟောကြားချက်တွေ ဖြစ်ပါတယ်။
ဟုတ်ပါတယ်၊ ကံမကောင်းအကြောင်းမလှခဲ့လို့ သူဟာ ဆင်းရဲချို့ငဲ့စွာ မွေးဖွားခဲ့ရသူ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ပြီးတော့ သင့်လျော်တဲ့ ဆေးကုသမှုမရှိဘဲ ဆင်းရဲဒုက္ခတွေကို ခံစားရင်း သေဆုံးနေကြရတယ်။
အဲဒါ ဘာဖြစ်လို့လဲ။
သူဟာ နောက်လာမယ့်ဘ၀များ မွေးဖွားရအုံးမှာပါ။ တစ်စုံတစ်ယောက်ဟာ ဆင်းရဲပေမယ့် အဆင့်အတန်းမြင့်တဲ့ဘ၀ကို ပိုင်ဆိုင်ချင်ပါတယ်။ (ဗုဒ္ဓဘာသာဘုန်းကြီးတွေဟာ) ကျွမ်းကျင်မှုနဲ့ အခွင့်အရေးတွေကို ဖြည့်ဆီးထောက်ပံ့ပေးရမယ့်အစား တင်းတိမ်ရောင့်ရဲတတ်ဖို့ ညွှန်ကြားနေကြပါတယ်။ ဒီလိုမျိုး ဟောပြောချက်တွေဟာ လူ့အဖွဲ့အစည်းရဲ့အောက်ခြေမှာ ရှိနေကြတဲ့ ဗုဒ္ဓဘာသာတွေအတွက်တော့ ဆိုးရွားလှတဲ့ စိတ်နေသဘောထားတစ်ရပ် ဖြစ်တယ်လို့ ဆိုရပါမယ်။
ဘယ်လောက်ပဲ ပွင့်ပွင့်လင်းလင်း ငြင်းဆန်နေကြပါစေ ဒီကိစ္စဟာ ဆက်လက်ပြီး ဖြစ်ပေါ်နေဦးမယ့် ၀မ်းနည်းစွာ တည်ရှိနေဆဲ ကိစ္စတစ်ရပ် ဖြစ်ပါတယ်။ အဆင့်အတန်း အလွန့်အလွန် မြင့်မားတဲ့ ဘုန်းကြီးများနဲ့ ဗုဒ္ဓဘာသာဝင်စစ်စစ်ဆိုသူတွေဟာ ရုပ်ပိုင်းဆိုင်ရာ လိုအပ်မှုကို ဆက်လက်ပြီး မျက်ကွယ်ပြုနေကြဦးမယ့် အနေအထားပါပဲ။
ဒီနေရာမှာ အဲဒီဗုဒ္ဓဘာသာဝင်ဆိုသူတွေ မေ့နေတဲ့အချက် ရှိပါတယ်။ အဲဒါကတော့ ဆင်းရဲမှုတွေနဲ့နပန်းလုံးနေရပြီး ငတ်မွတ်ခေါင်းပါးနေတဲ့သူတွေနဲ့ ပြည့်နှက်နေတဲ့ဒေသမှာ စိတ်ပိုင်းဆိုင်ရာ ဘယ်လောက်မြင့်မြတ်တဲ့တရားတွေကို ဟောနေပါစေ ဘယ်သူမှ လက်ခံနိုင်ကြလိမ့်မယ် မဟုတ်ဘူးဆိုတာပါပဲ။ ဒါ့အပြင် အယူသီးမှု၊ မသိနားမလည်မှုနဲ့ စာပေမတတ်မြောက်တဲ့သူတွေ ပြည့်နှက်နေတဲ့ဒေသမှာ ခိုင်မာတဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေများ မတည်ရှိနိုင်ပါဘူး။
ကြွယ်ဝတဲ့ ဗုဒ္ဓဘာသာကမ္ဘာက လူတွေဟာ ခရစ်ယာန်စည်းရုံးရေးသမားတွေနဲ့အပြိုင် ကျောင်းတွေ၊ ကောလိပ်တွေ၊ ဆေးရုံဆေးခန်းတွေ၊ သက်ကြီးရွယ်အိုတွေအတွက် ရိပ်သာတွေကို ဆောက်လုပ်ပေးဖို့ ပျက်ကွက်ခဲ့ကြပါတယ်။ အောက်ခြေမှာ ရှိတဲ့ဗုဒ္ဓဘာသာဝင်တွေအတွက် အသက်ရှူပေါက်ဖြစ်တဲ့ အေးငြိမ်းချမ်းသာရာအလုပ်တွေကို ပြုလုပ်ဆောင်ရွက်ပေးဖို့ ပျက်ကွက်ခဲ့ကြပါတယ်။ ဒါတွေကနေ ဒေသတွင်း အဖွဲ့အစည်းတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆီးပေးဖို့ ကြီးမားတဲ့လိုအပ်ချက်တွေကို ညွန်ပြနေပါတယ်။ မထင်ရှားတဲ့ ကမ္ဘာ့အစိတ်အပိုင်းက အမေ့လျော့ခံ ဗုဒ္ဓဘာသာဝင် သန်းပေါင်းများကို အကျိုးသက်ရောက်မှု မရှိသေးတဲ့ အချက်တွေလည်း ဖြစ်ပါတယ်။
ပြီးတော့ စုစည်းညီညွတ်တဲ့၊ ရံပုံငွေအားကောင်းတဲ့၊ စွဲစွဲမြဲမြဲရှိတဲ့၊ စိတ်ကူးစိတ်သန်းလည်း ကောင်းမွန်တဲ့ ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းကြီးတွေ တည်ထောင်ဖို့ အရမ်းကို လိုအပ်နေပြီ ဖြစ်ပါတယ်။ ဒါမှသာ အဆိုပါ အမေ့လျော့ခံ ဗုဒ္ဓဘာသာဝင်တွေရဲ့ လက်ရှိကြုံတွေ့နေရတဲ့ အနေအထားတွေကို တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ပေးခြင်းအားဖြင့် ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။
ဒါပေမယ့် အပြောလွယ်သလောက် တကယ်လုပ်တော့ ခက်နေပါလိမ့်မယ်။
ယုံချင်ယုံ မယုံချင်နေ၊ ဗုဒ္ဓဘာသာတွေဟာ စိတ်ကြီးဝင်ပြီး ကိုယ့်လုပ်ဖော်ကိုင်ဖက် ဗုဒ္ဓဘာသာဝင်အချင်းချင်းမှာတောင် သံသယတွေ ပွားနေကြပါဦးမယ်။ ပြောရမယ်ဆိုရင် ထိုင်းဗုဒ္ဓဘာသာသံဃာ့အဖွဲ့အစည်းဟာ သူတို့ရဲ့ မြေပေါ်မှာ အခြားဗုဒ္ဓဘာသာနိုင်ငံ ဘုန်းကြီးကျောင်းတွေကို ဆောက်ခွင့်မပေးပါဘူး။ ကိုရီယားနိုင်ငံမြေပေါ်မှာတော့ ထေရ၀ါဒကျောင်းတွေ ဆောက်လို့ရပါတယ်။ ဒါပေမယ့် အံ့သြစရာကောင်းတာက ထေရ၀ါဒဗုဒ္ဓဘာသာဘုန်းကြီးတွေရဲ့ ရည်ရွယ်ချက် တာ့ဂတ်က မဟာယာနဗုဒ္ဓဘာသာဝင်တွေကို ထေရ၀ါဒဇာတ်သွင်းဖို့ ဖြစ်နေပါတယ်။ ဒါတွေဟာ ဗုဒ္ဓဘာသာတိုင်းပြည်အသီးသီးက ဗုဒ္ဓဘာသာတွေအတွင်းမှာကို လွဲမှားတဲ့ သံသယတွေနဲ့ စိတ်ကြီးဝင်မှုတွေပါပဲ။
ဆက်လက်ဖော်ပြပါမည်....
1 comment:
အရမ်းမှတ်သားဖို့ကောင်းပါတယ် ဘုန်းဘုန်း ... လက်ရှိ ဖြစ်တည်နေတဲ့ အခြေအနေအစစ်တွေကို တင်ပြထားတယ်လို့ နားလည်မိပါတယ် .... ဒီအားနည်းချက်တွေကို အချိန်မှီပြုပြင်မယ်ဆိုရင် အချိန်မနှောင်းသေးဘူးလို့ ယူဆမိပါတယ် ....
Post a Comment