ယခင်အဆက်
(၅)
ပစ္စုပ္ပန်ဇာတ်လမ်းပြန်စပြီ
ဗုဒ္ဓမြတ်စွာက အထက်ပါအတိုင်း ဟောကြားတော်မူသော် ထိုပုဏ္ဏားတို့သည် ပြင်းပြကျယ်လောင်သော အသံဖြင့် ပဲ့တင်ထပ်မျှ (ဤသို့) ပြောဆိုကြကုန်၏ - ''သြော် အံ့ဖွယ်ကောင်းသော ယဇ်ပွဲပါပေတကား၊ သြော် အံ့ဖွယ်ကောင်းသည့် ပြည့်စုံသော ယဇ်ပွဲပါပေတကား''ဟု ပြောဆိုကြကုန်၏။
ကူဋဒန္တပုဏ္ဏားသည်ကား ဆိတ်ဆိတ်သာလျှင် ထိုင်နေ၏၊ ထိုအခါ ထိုပုဏ္ဏားတို့သည် ကူဋဒန္တပုဏ္ဏားကို ''အသျှင်ကူဋဒန္တသည် ရဟန်းဂေါတမ၏ ကောင်းသော စကားကို ကောင်းသော စကားအနေဖြင့် အဘယ်ကြောင့် ကောင်းချီးမခေါ်သနည်း''ဟု ဆိုကြကုန်၏။
အသျှင်တို့ ငါသည် ရဟန်းဂေါတမ၏ ကောင်းသောစကားကို ကောင်းသော စကားအနေဖြင့်ကောင်းချီးမခေါ်သည် မဟုတ်ပါ၊ အကြင်သူသည် ရဟန်းဂေါတမ၏ ကောင်းသော စကားကို ကောင်းသော စကားအနေဖြင့် ကောင်းချီးမခေါ်ငြားအံ၊ ထိုသူ၏ ဦးခေါင်းသော်လည်း ပြတ်ကျလေရာ၏၊ အသျှင်တို့ စင်စစ်သော်ကား ငါသည် ဤသို့ စဉ်းစားနေပါ၏ -ရဟန်းဂေါတမသည် ''ဤသို့ ငါကြားဖူး၏'' ဟူ၍သော်လည်းကောင်း ''ဤသို့ ဖြစ်ထိုက်၏'' ဟူ၍သော်လည်းကောင်း မဆိုမူ၍ ''ထိုအခါ၌ ဤသို့ ဖြစ်ဖူး၏၊ ဤသို့သော အခြင်းအရာအားဖြင့်ဖြစ်ဖူး၏'' ဟူ၍သာလျှင် ဆိုချေ၏။ အချင်းတို့ ထို့ကြောင့် ငါသည် ဤသို့ တွေးထင်မိ၏။
''ရဟန်းဂေါတမသည် ထိုစဉ်အခါ၌ ယဇ်၏အရှင်ဖြစ်သော မဟာဝိဇိတမင်းသော်လည်းကောင်း၊ ထိုယဇ်ကို ပူဇော်ရာ၌ ညွှန်ကြားသော ပုရောဟိတ်ပုဏ္ဏား သော်လည်းကောင်း မချွတ်ဖြစ်တန်ရာ၏ဟူ၍ ငါထင်မိ၏''ဟု (ပြန်ပြောပြီးလျှင်) -
အသျှင်ဂေါတမသည် ဤသို့သောယဇ်ကို ပူဇော်၍သော်လည်းကောင်း၊ ပူဇော်ရာ၌ ညွှန်ကြား၍သော်လည်းကောင်း ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှနောက်၌ နတ်ပြည်သို့ ကပ်ရောက်ခဲ့သည်ကို အမှတ်ရပါသလောဟု (မြတ်စွာဘုရားအား မေးလျှောက်၏)။
ပုဏ္ဏား ဤသို့သော ယဇ်ကို ပူဇော်၍သော်လည်းကောင်း ပူဇော်ရာ၌ ညွှန်ကြား၍သော်လည်းကောင်း ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှနောက်၌ နတ်ပြည်သို့ ကပ်ရောက်ခဲ့သည်ကို ငါ အမှတ်ရပါ၏၊ ထိုစဉ်အခါ၌ ငါသည် ထိုယဇ်ကို ပူဇော်ရာ၌ ညွှန်ကြားသော ပုရောဟိတ်ပုဏ္ဏား ဖြစ်ခဲ့ပေ၏။
(၆)
အဆင့်ဆင့် မြင့်မြတ်သောအလှူ
`အသျှင်ဂေါတမ သုံးပါးသောစိတ်ထားနှင့် တစ်ဆယ့်ခြောက်ပါးသော အရံအတားရှိသည့် ပြည့်စုံသော ဤယဇ်ထက် သာ၍နည်းသော ကိစ္စလည်းရှိသော သာ၍နည်းသော အားထုတ်ရမှုလည်းရှိသော သာ၍ များသော အကျိုးလည်းရှိသော သာ၍များသော အာနိသင်လည်းရှိသော ယဇ်သည် ရှိပါသေးသလော´
`ပုဏ္ဏား ရှိသေး၏´
`ထိုယဇ်သည် အဘယ်ပါနည်း´
`ပုဏ္ဏား သီလရှိသော ရဟန်းတို့အား ရည်ညွှန်း၍ အမြဲတမ်းလှူနေသော မျိုးရိုးစဉ်ဆက် ယဇ် (အလှူ) တို့သည် ယင်းယဇ်ထက် သာ၍နည်းသော ကိစ္စလည်း ရှိ၏၊ သာ၍နည်းသော အားထုတ်ရမှုလည်း ရှိ၏၊ သာ၍ များသော အကျိုးလည်း ရှိ၏၊ သာ၍များသော အာနိသင်လည်းရှိ၏´
`အဘယ့်ကြောင့် သာ၍ အကျိုးအာနိသင် ကြီးပါသနည်း´
`ပုဏ္ဏား ဤသို့ သဘောရှိသော (သုံးပါးသော စိတ်ထားနှင့် တစ်ဆယ့်ခြောက်ပါးသော အရံအတားရှိသည့် ပြည့်စုံသော) ယဇ်ပွဲသို့ ရဟန္တာတို့သည်လည်းကောင်း၊ ရဟန္တာဖြစ်ရန် ကျင့်နေသော သူတို့သည်လည်းကောင်း မချဉ်းကပ်ကုန်၊ ထို (သို့ မချဉ်းကပ်ခြင်း) သည် အဘယ်ကြောင့်နည်းဆိုသော့့် ပုဏ္ဏားယင်းယဇ် (ပွဲ) ၌ တုတ်ဖြင့် ပုတ်ခတ်ခြင်းတို့သည်လည်းကောင်း၊ လည်ကို ဆွဲကိုင်ခြင်းတို့သည်လည်းကောင်း ထင်ကုန်၏၊ ထို့ကြောင့် ဤသို့ သဘောရှိသော ယဇ်ပွဲသို့ရဟန္တာတို့သည်လည်းကောင်း၊ ရဟန္တာဖြစ်ရန် ကျင့်နေသော သူတို့သည်လည်းကောင်း မချဉ်းကပ်ကုန်´
`ထိုယဇ်ထက် အလုပ်လည်းနည်း၊ အကျိုးလည်း ကြီးသော ယဇ်သည် ရှိပါသေးသလော´
`ပုဏ္ဏား ရှိသေး၏´
`ထိုယဇ်သည် အဘယ်ပါနည်း´
`ပုဏ္ဏား အရပ်လေးမျက်နှာ၌ ရှိသော သံဃာကို ရည်ညွှန်း၍ ကျောင်းဆောက်လှူဒါန်ခြင်းပင် ဖြစ်၏´
`ထိုထက် ပိုပြီး ဗာဟိရနည်းပြီး အကျိုးကြီးသော အခြားယဇ်သည် ရှိပါသေးသလော´
`ပုဏ္ဏား ရှိသေး၏´
`အသျှင်ဂေါတမ ထိုယဇ်သည် အဘယ်ပါနည်း´
`ပုဏ္ဏား ယုံကြည်သော စိတ်ရှိသည်ဖြစ်၍ 'ဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်၏၊ တရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်၏၊ သံဃာကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်၏'၊ ဤရတနာသုံးပါးကို ဆည်းကပ်ခြင်းသည် အလုပ်လည်းနည်း၏၊ အကျိုးလည်း ကြီး၏´
`အသျှင်ဂေါတမ အခြားယဇ် ရှိပါသေးသလော´
`ပုဏ္ဏား ရှိသေး၏´
`အသျှင်ဂေါတမ ထိုယဇ်သည် အဘယ်ပါနည်း´
`ပုဏ္ဏား ယုံကြည်သော စိတ်ရှိသည်ဖြစ်၍ အသက်သတ်ခြင်းမှ ရှောင်ကြဉ်ကြောင်းဖြစ်သော သိက္ခာပုဒ်ကိုလည်းကောင်း၊ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်ကြောင်းဖြစ်သော သိက္ခာပုဒ်ကိုလည်းကောင်း၊ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်ကြောင်းဖြစ်သော သိက္ခာပုဒ်ကိုလည်းကောင်း၊ မမှန်ပြောခြင်းမှ ရှောင်ကြဉ်ကြောင်းဖြစ်သော သိက္ခာပုဒ်ကိုလည်းကောင်း၊ မူးယစ်မေ့လျော့စေတတ် သော သေရည်သေရက်မှ ရှောင်ကြဉ်ကြောင်းဖြစ်သောသိက္ခာပုဒ်ကိုလည်းကောင်း ဆောက်တည်ခြင်းပင် ဖြစ်၏။ ဤငါးပါးသီလစောင့်ထိန်းခြင်းမှာ အလုပ်လည်းနည်း၏။ အကျိုးလည်းကြီး၏´
`အသျှင်ဂေါတမ အခြားယဇ်သည် ရှိပါသေးသလော´
`ပုဏ္ဏား ရှိသေး၏´
`အသျှင်ဂေါတမ အဘယ်ပါနည်း´……စသည်ဖြင့် ကူဋဒန္တပုဏ္ဏားသည် တစ်ဆင့်ချင်း မေးမြန်းလာရာ ဗုဒ္ဓမြတ်စွာကလည်း တစ်ဆင့်ချင်း ဖြေဆိုရှင်းပြသွားခဲ့သည်။ အောက်ပါအစဉ်တို့မှာ နောက်ကျသောအချက်များသည် ရှေ့ကျသောအချက်များထက် ပို၍အလုပ်နည်းသကဲ့သို့ ပို၍လည်း အကျိုးကြီးပါသည်။ (စာရှည်မည်စိုး၍ အစဉ်မျှသာ ဖော်ပြပါမည်။) ၎င်းတို့မှာ…..
-သီလ၊ သမာဓိ၊ ပညာနှင့် ပြည့်စုံစေခြင်း
-ပထမဈာန်ရအောင် အားထုတ်ခြင်း
-ဒုတိယဈာန်ရအောင် အားထုတ်ခြင်း
-တတိယဈာန်ရအောင် အားထုတ်ခြင်း
-စတုတ္ထဈာန်ရအောင် အားထုတ်ခြင်း
-စတုတ္ထဈာန်မှ ၀ိပဿနာသို့ကူး၍ ၀ိပဿနာဉာဏ်အမြင်နှင့်ပြည့်စုံအောင် အားထုတ်ခြင်း
-မဂ်ဉာဏ်ဖိုလ်ဉာဏ်ရအောင် အားထုတ်ခြင်း တို့ဖြစ်ပါသည်။
နောက်ဆုံးတွင် ဗုဒ္ဓမြတ်စွာက `ပုဏ္ဏား ဤပြည့်စုံသော ယဇ် (အာသဝက္ခယဉာဏ်)ထက် သာ၍လွန်ကဲသည်လည်းဖြစ်သော သာ၍မွန်မြတ်သည်လည်းဖြစ်သော အခြားတစ်ပါးသော ပြည့်စုံသော ယဇ်သည် မရှိတော့ပြီ´ဟု ဟောတော်မူခဲ့သည်။
ဤအခန်းသည် ဗုဒ္ဓဘာသာဝင်တို့အတွက် အလွန်သတိပြုဖွယ်ဖြစ်ပါသည်။ ပထမ ကြီးကျယ်သောအလှူဒါနပြုလုပ်ခြင်းသည် ကောင်းမွန်၏၊ အကျိုးကြီး၏ဟု မိန့်တော်မူသည်။
ထို့ထက်အလုပ်နည်းရုံသာမက အကျိုးလည်းကြီးသော အလှူရှိပါသေးသလောဟုဆိုသော်အခါ `မျိုးရိုးစဉ်ဆက်အလှူ´ တစ်နည်းအားဖြင့် နေ့စဉ်ကြွရောက်လာသော သံဃာတော်တို့အား နိစ္စဘတ်လှူဒါန်းခြင်းဖြစ်၏ဟု မိန့်တော်မူသည်။ ထို့ထက်အကျိုးကြီးသည်ကား သံဃိကကျောင်းအလှူ ဖြစ်သည်။ ထို့ထက်အကျိုးကြီးသည့် အလုပ်မှာ ရတနာသုံးပါးကို ဆည်းကပ်ခြင်း၊ ထို့ထက်ပို၍ အကျိုးကြီးသည်မှာ ငါးပါးသီလစောင့်ထိန်းခြင်း၊ ထို့ထက်ပို၍ အလုပ်နည်းပြီး အကျိုးကြီးသောအလုပ်မှာ သမထ၊ ၀ိပဿနာအလုပ်တို့ ဖြစ်၏ဟု မိန့်တော်မူသွားပါသည်။
ဆက်လက်ဖော်ပြပါမည်....
No comments:
Post a Comment